ပြတိုက်စောင့်တဲ့နေ့ (ဖြစ်ရပ်မှန် )
ပြတိုက်စောင့်တဲ့နေ့ (ဖြစ်ရပ်မှန် )
(၁)
အထက်အညာဒေသ၊ ကျောက်ဆည်ခရိုင်တွင် တည်ရှိသည့် ရှားတောရွာ(အမည်လွှဲ)လေးအနီးတွင် ရှေးဟောင်း ရွှေစည်းခုံ(ဘုရားဘွဲ့အမည်လွှဲ) ဘုရားကြီးတည်ရှိသည်။ ထိုဘုရားကြီးမှာ ရှားတောရွာအနီးတွင်တည်ရှိသည်။ ရှားတောရွာမှာ ရွာဟုဆိုသော်လည်း အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ကားလမ်းမကြီးဘေးတွင် တည်ရှိသည်မို့ မြို့ကလေးနီးပါးဖြစ်နေပြီဖြစ်သည်။ အစိုးရအထက်တန်းကျောင်းများ၊ ကျေးလက်ဆေးရုံနှင့် အခြေခံအဆောက်အအုံများ များစွာတည်ရှိပြီး စည်ကားသည့် ရွာတစ်ရွာဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ခန့်က ရှားတောရွာကလေးမှာ ရွာငယ်ကလေးတစ်ရွာဖြစ်သည်။ ကားလမ်းလဲ မပေါက်သေးပေ။ ရွှေစည်းခုံစေတီကြီးမှာလဲ တောင်ကုန်းကြီးတစ်ကုန်းအဖြစ် ရွာ၏တောင်ဘက်တွင် တည်ရှိလေသည်။ ထိုနေရာတွင် ကျွဲကျောင်း နွားကျောင်းကြသည်။ တောအုပ်ငယ်လေးဖြစ်နေသဖြင့် ငှက်ပစ်ကြက်ပစ်ကြသည်။ နောက်ပိုင်း ရှားတောရွာသို့ ဆရာတော် တစ်ပါး ရောက်လာပြီး သီတင်းသုံးသည်။ ထိုဆရာတော်၏ အိပ်မက်အရ ထိုတောအုပ်ကလေးကို ရှင်းလင်းကြရာမှ အုတ်များကိုတွေ့ရသည်။
ရွာသားများက ဆက်လက်တူးဖော်ရာမှ ရှေးဟောင်းဘုရားကြီးတစ်ဆူဖြစ်နေသည်။ ဘုရားကြီးပေါ်သည့် သတင်းကြားပြီးနောက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ ကောင်းမှုဖြင့် ဘုရားကြီးကို ပြန်လည်ပြုပြင်ပြီး တည်ဆောက်နိုင်ခဲ့သည်။ ဘုရားကြီးမှာ သက်တမ်းကြာရှည်နေပြီဖြစ်ပြီး ရှေးဟောင်းသုတေသန ပညာရှင်များ၏ တွေ့ရှိချက်အရ။ ပုဂံခေတ်နှောင်းပိုင်းနှင့် ပင်းယခေတ် အစပိုင်းလောက်ကို ခန့်မှန်းကြသည်။
ဘုရားကြီးမှာ အုတ်ခွက်ဘုရားများ၊ စာရေးထားသော အုတ်ပြားများ၊ ပန်းပုံနှိပ်ထားသော ရွံ့တုံးအုတ်များ၊ စဉ့်ကွင်းများနှင့် ထိုခေတ်သုံး အိုးများ၊ အဆောင်အယောင်များကို တွေ့ရှိရသည်။ ရှေးလက်ရာ အုတ်ခွက်ဘုရားလေးများမှာ အများဆုံးဖြစ်လေသည်။ တစ်ချို့အုတ်ခွက်ဘုရားများမှာ စဉ့်ရေများသုတ်ထားပြီး စာများလဲရေးသားထားသည်။
အခုတော့ ရွှေစည်းခုံဘုရားကြီးမှာ ကားလမ်းမကြီးဘေးတွင် မေးတင်ပြီးတည်ရှိသည်။ မဟာရံတံတိုင်းကြီးနှင့် အထဲတွင် အာရုံခံတန်ဆောင်းများရှိသည်။ စေတီကြီးက ရွှေရောင်ဝင်းနေပြီး ထိုစေတီတူးဖော်ရင်း ရခဲ့သည့် ရှေးဟောင်းလက်ရာ ဘုရားကြီးကို ဖူးမျှော်နိုင်ပေသည်။
(၂)
ကိုသိန်းတန်က ကျောင်းဆရာဖြစ်သည်။ ရှားတောရွာ ဇာတိမဟုတ်သော်လည်း၊ ရှားတောရွာတွင် တာဝန်ကျနေသည်မှာ ကြာပြီဖြစ်သည်။ ထိုရွာသူတစ်ယောက်နှင့်ပင် မနှစ်က အိမ်ထောင်ကျသည်။ ကိုသိန်းတန်မိန်းမက ရွာထဲတွင် ကုန်စုံဆိုင်ဖွင့်သည်။ ကိုသိန်းတန်က ရွာတွင် လူချစ်လူခင်များသလို ကိုသိန်းတန်ကိုလဲ လေးစားကြသည်။ ရွာအထက်တန်းကျောင်းလေးတွင် ကိုသိန်းတန်က ၈ တန်းမြန်မာစာ ဆရာဖြစ်သည်။
ရွှေစည်းခုံစေတီကြီးတွင် တူးဖော်ရသည့် ရှေးဟောင်းပစ္စည်းများကို ရှားတောဆရာတော်က သိမ်းဆည်းထားသော်လည်း။ နောက်ပိုင်းတွင် ရွှေစည်းခုံစေတီကြီးအနီးတွင် ပြတိုက်တည်ဆောက်ပြီး ထိန်းသိမ်းပြသထားလေသည်။ ကားလမ်းကြောင်းလဲ ပွင့်သွားပြီဖြစ်ရာ ထိုစေတီကြီးသို့ ဘုရားဖူးများလဲ တကူးတက လာရောက်ဖူးကြလေသည်။
ကိုသိန်းတန်က ဘုရားအလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်ရလေသည်။ အလုပ်အမှုဆောင်အဖွဲ့ဝင်များကို တာဝန်များချထားရာ ပြတိုက်စောင့်သည့်တာဝန်ကို ကိုသိန်းတန်က နှစ်ပတ်တစ်ခါ၊ စနေနေ့တွင် ကျလေသည်။ ပြတိုက်တွင် ရှေးဟောင်းပစ္စည်းများ ပြသထားရာ မသမာသူများက ခိုးဝှက်မှာကိုကြောက်ရသဖြင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက နှစ်ယောက်တစ်တွဲဖြင့် နေ့တိုင်းစောင့်ရလေသည်။
တစ်ရက် ကိုသိန်းတန် ကျောင်းမှ စက်ဘီးလေးဖြင့်ပြန်လာစဉ် ဦးမြမောင်က ကိုသိန်းတန်ကို တားလိုက်လေသည်။ ကိုသိန်းတန်လဲ ဦးမြမောင် အိမ်ရှေ့တွင် ရပ်လိုက်သည်။
“ကိုသိန်းတန်ရေ ဒီတပတ်တော့ ကျွန်တော်ပြတိုက် မစောင့်နိုင်ဘူးထင်တယ်”
“ဘာလို့လဲ ဦးမြမောင်ရဲ့”
“ကျွန်တော့်မိန်းမဗျာ ဗိုက်အောင့်အောင့်နေလို့ စနေနေ့ကျ ကျောက်ဆည်တက်ပြီး အထူးကုပြကြည့်မလို့”
“ရွာက ဆေးခန်းပြတာ မသက်သာဘူးလား”
“ဟုတ်တယ်ဗျို့၊ ရွာက ဆရာဝန်လေးကလဲ မြို့တက်ပြီး အာထရာဆောင်း ရိုက်ကြည့်ခိုင်းနေလို့လေ”
ကိုသိန်းတန် ခေါင်းညိတ်လိုက်သည်။ အခုကိစ္စက ကျန်းမာရေး ကိစ္စမဟုတ်ပါလား။ နောက်ပြီး ပြတိုက်စောင့်ရတာကလဲ သိပ်ပြီးပင်ပင်ပန်းပန်းမဟုတ်။ မြန်မာလူမျိုးတွေက ဘုရားလာလျှင် ဘုရားသာ ဖူးကြသည်။ ပြတိုက်တော့ သိပ်မဝင်ကြ။ ဝင်ကြည့်ကြပါကလဲ ကိုသိန်းတန်တို့ ပြတိုက်က ကျဉ်းကျဉ်းလေးဖြစ်သည်။ ခုံတစ်လုံးနှင့် ထိုင်ကြည့်နေလျှင် ဘယ်သူဘာလုပ်သည်ဆိုတာကို အကုန်မြင်နေရသည်။ မြန်မာလူမျိုးများက ဘုရားပစ္စည်းလက်ဆော့လေ့တော့မရှိ။ တစ်ခါတစ်ရံ နိုင်ငံခြားသားများလာတတ်သည်။ နိုင်ငံခြားသားများကတော့ သေချာကြည့်သည်။ အမေးအမြန်းလဲထူသည်။ ထိုအခါ သူတို့ပါလာသည့် စကားပြန်များကို ကိုသိန်းတန်တို့က ရှင်းပြရသည်။
“ရတယ် ဦးမြမောင် စိတ်ချလက်ချသာသွား၊ ကျွန်တော်စောင့်လိုက်မယ်”
ဦးမြမောင်ကို နှုတ်ဆက်ပြီးပြန်လာခဲ့သည်။
စနေနေ့ရောက်ပြီ။ ထုံးစံအတိုင်း ကိုသိန်းတန်က အိမ်က ထမင်းချိုင့်ကိုယူပြီး ဘုရားသို့ထွက်ခဲ့သည်။ ဘုရားတွင် တစ်နေ့လုံးနေရမည်မို့ နေ့လည်စာ ထမင်းချိုင့်ထည့်ရသည်။ ဘုရားရောက်တော့ ဘုရားကြီးကို ရှိခိုးပြီးတော့ ဂေါပက လူကြီးထံတွင် ပြတိုက်သော့တောင်းရသည်။ ပြတိုက်ဖွင့်ပြီးတော့ ထိုပြတိုက်သော့အားပြန်သွားပေးပြီး ပြတိုက်တွင် ထိုင်ခုံတစ်လုံးဖြင့် ထိုင်နေလိုက်သည်။
ထိုနေ့က စနေနေ့ဖြစ်သော်လည်း ဘုရားဖူးသိပ်မလာကြ။ ကိုသိန်းတန်လဲ ပျင်းပျင်းရှိတာနှင့် ဂျာနယ်တစ်စောင်ကို ဖတ်နေလိုက်သည်။ ထိုစဉ် ပြတိုက်ထဲက အုတ်ချပ်များသည် တချပ်နှင့် တချပ်ရိုက်မိပြီး တခွပ်ခွပ် အသံမြည်သွားလေသည်။ ကိုသိန်းတန်လဲ မျက်ခုံးပင့်လိုက်ပြီး ထကြည့်လိုက်သည်။
ပြတိုက်အတွင်း မှန်ဘောင်များဖြင့် အတွင်းတွင် အုတ်ခဲများကို ခင်းကျင်းပြသထားသည်။ အုတ်ခဲများမှာ တစ်ခုနှင့်တစ်ခု သုံးလေးလက်မလောက် ခွာပြီး ပြသထားသည်။ သူထကြည့်တော့ အုတ်ခဲတွေက ပုံမှန်အတိုင်း သူ့နေရာနှင့်သူဖြစ်နေသည်။ မှန်ဘောင်တွေကို သော့ခတ်ထားပြီး သော့ကိုလဲ ဂေါပကလူကြီးတွေက သိမ်းထားသည်မို့ မှန်ဘောင်များကို တစ်စုံတစ်ယောက် လာဖွင့်ဖို့ဆိုတာလဲ မဖြစ်နိုင်။
တစ်ယောက်ထဲ စောင့်ရသည်က ကရိကထတော့များသည်။ အိမ်သာသွားချင်သည့်အခါမျိုးတွင် ပြတိုက်တံခါးစေ့ပြီး အမြန်ပြေးသွားရသည်။ ပြတိုက်မှာ အဝင်ကော အထွက်ကော တံခါးတစ်ပေါက်တည်းသာရှိသည်။ ပြတင်းပေါက်တံခါးတွေလဲ အကုန်ပိတ်ထားပြီး မီးချောင်းများထွန်းထားသည်။ ပြတိုက်မှာလဲ ပေ၃၀ ပေ ၂၀ ပတ်လည်လောက်သာကျယ်ဝန်းပြီး မှန်ဘောင်များမှာလဲ ခါးတစ်ဝက်လောက်သာအမြင့်ရှိသည်။ အချို့ပစ္စည်းတွေကိုတော့ နံရံများတွင် စင်များဖြင့်တင်ကာ ခင်းကျင်းပြသထားသည်။
(၃)
ကိုသိန်းတန်က ခုံမှာ ပြန်ထိုင်ပြီး ဂျာနယ်ဖတ်နေလိုက်သည်။
“ဝေါ . . ဝရော . . .ဝေါ"”
သူ့နားထဲတွင် ရေသံများကြားနေရသည်။ ရေသံတွေက စမ်းချောင်းမှရေစီးနေသလို အသံများဖြစ်သည်။ ရေကရားတစ်ခုမှ ရေများအခြားခွက်တစ်ခုထဲသို့ ငှဲ့နေစဉ်ကြားရသည့် အသံမျိုးတွေဖြစ်သည်။ ကိုသိန်းတန်က ဝင်ပေါက်တွင် ထိုင်နေသည်မို့ ပြခန်းအတွင်း ဘယ်သူမှမရှိတာသေချာသည်။
ကိုသိန်းတန်က မတ်တပ်ရပ်လိုက်ပြီး တစ်ချက်ဝေ့ကြည့်လိုက်သည်။ ရေသံများမှာ ရပ်သွားသည်။ ကိုသိန်းတန်က ပြန်ထိုင်လိုက်သည်။ ဆယ်မိနစ်လောက်အကြာတွင် ရေသံများကို ပြန်ကြားရပြန်သည်။ ကိုသိန်းတန် ထူးဆန်းသွားသည်။ ပြခင်းအတွင်းကို လိုက်ကြည့်လိုက်သည်။ ပြခန်းတစ်နေရာတွင် ရေအိုးများ အိုးခြမ်းကွဲများကို ပြသထားသည်။ ထိုအနားသို့ ကပ်သွားလေလေ ရေသံတွေက ကြားရလေလေဖြစ်သည်။
“ထူးဆန်းလိုက်တာ ငါသရဲခြောက်ခံနေရပြီလား”
ကိုသိန်းတန်က ရေရွတ်လိုက်ကာ အိုးတွေနားကို သေချာသွားကြည့်လိုက်သည်။ အောက်ခြေကွဲနေသော ရေအိုးတစ်ခုအတွင်းမှ ထိုအသံများထွက်နေခြင်းဖြစ်သည်။ ကိုသိန်းတန် ဘာလုပ်ရမယ်မှန်းမသိတော့။ ဘုရားစာကိုသာ ရွတ်လိုက်သည်။ ခဏကြာတော့ ရေသံတွေက တိတ်သွားသည်။ ကိုသိန်းတန်က ဘုရားစာကို စိတ်ထဲကနေရွတ်နေမိသည်။ သူ့စိတ်ထဲတွင်တော့ ကြောက်စိတ်တွေ ကိန်းအောင်းလာသည်။ သို့သော် ပြတိုက်စောင့်သည့် အလုပ်က ရှိသေးသည်မို့ တစ်ကြောင်း၊ ဘုရားစာရွတ်ပြီး စိတ်သက်သာရာ ရသွားသည်ကတစ်ကြောင်းမို့ ပြတိုက်ထဲတွင် ဆက်ထိုင်နေလိုက်သည်။
ထမင်းစားချိန်ရောက်တော့ ပြတိုက်တံခါးပိတ်ပြီး ဂေါပကအဖွဲ့ဝင်လူကြီးများနှင့် အတူစားသောက်လိုက်သည်။ ဦးမင်းသိန်းက ဂေါပကလူကြီးဖြစ်ပြီး အသက်၇၀ ကျော်ကာ ဘုရားကြီးကိုပြန်လည်တည်ဆောက်ကတည်းက ဂေါပကဖြစ်သည်။
“ဦးမင်းသိန်း ဒီဘုရားကြီးမှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေဖြစ်ဖူးလား”
“ဖြစ်ဖူးတာပေါ့ ငါ့တူရယ်၊ ငါ့တူက ဘာသိချင်လို့လဲ”
“ဟိုရှေးဟောင်းပစ္စည်းတွေနဲ့ ပက်သက်ပြီးတော့ ထူးဆန်းတာတွေ ကြုံဖူးလားလို့ပါ”
ဦးမင်းသိန်းက ထမင်းစားရင်း အနည်းငယ်စဉ်းစားနေသည်။
“အေးကွ၊ ၉၇၊ ၉၈ ခုနှစ်လောက်ကဖြစ်မယ်။ ဒီရှေးဟောင်းပစ္စည်းတွေကို ရှားတောဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားတာပေါ့။ အဲဒီလိုထိန်းသိမ်းထားရင်း တစ်ညတော့ လူတစ်စုက ရှေးဟောင်းပစ္စည်းတွေကို လာခိုးသတဲ့။ ရှားတော ဆရာတော်လဲ အိပ်ပျော်နေတာပေါ့။ လူက ၇ ယောက်လောက်ရှိတယ်။ နောက်တော့ ပစ္စည်းတွေကိုယူမလို့ရှိသေးတယ် သူတို့အချင်းချင်း ထပြီး ထိုးကြကြိတ်ကြဖြစ်ကုန်တာ။ နောက်ပြီးကျောင်းဝင်းထဲ မြေကြီးပြောင်ပြောင်မှာ တစ်ယောက်နဲ့တစ်ယောက် ထိုးကြိတ်နေကြတာတဲ့။ ပြီးတော့ သူတို့ကိုယ်သူတို့ သံကြိုးတွေနဲ့ ချည်ပြီးတုတ်ပြီးတော့ ဘုန်းကြီးကျောင်းရဲ့ တိုင်တစ်လံးုအောက်ခြေမှာ ချည်ထားကြသတဲ့”
“အင်း ထူးတော့ ထူးတယ်ဗျ”
“ဒီလိုနဲ့ သူတို့တွေကိုမေးကြည့်တော့။ သူတို့တွေလဲ ဘာမှမသိဘဲ ကြောင်တောင်တောင်တွေဖြစ်နေကြသတဲ့။ သူတို့က ရှေးဟောင်းပစ္စည်းတွေကို ခိုးပြီး ယိုးဒယားဖက်ကိုရောင်းစားတဲ့အဖွဲ့ဖြစ်နေတယ်။ ထူးဆန်းတာက ကြိုးတွေကို ဘယ်သူတွေချည်သွားတာလဲဆိုတာပဲ”
“အင်းဟုတ်တယ်နော်၊ အချင်းချင်းပြန်ချည်ရအောင်ကလဲ နောက်ဆုံး ကျောင်းတိုင်မှာ သံကြိုးနဲ့ အားလုံးကို စုပြီး ပတ်ခဲ့တာဆိုတော့ သူတို့ကိုယ်တိုင်ပြန်လုပ်တာတော့မဟုတ်လောက်ဘူးထင်တယ်”
ကိုသိန်းတန်က ဗမာကြက်ရေချိုချက်ကလေးရယ်၊ သရက်သီးစိမ်းကြွပ်ကြွပ်လေးရယ်နှင့် ထမင်းမြိန်နေသည်။ ထမင်းစားပြီးတော့ ဂေါပက အဖွဲ့တွေ ကိုယ့်နေရာကိုယ်ပြန်ပြီး တာဝန်ယူကြရာ ကိုသိန်းတန်လဲ ပြတိုက်ထဲပြန်ရောက်ခဲ့သည်။
(၄)
ညနေဖက်တော့ ဘုရားဖူးတစ်ဖွဲ့ဝင်လေသည်။ ဘုရားဖူးတွေက ပြတိုက်ထဲဝင်ကြည့်ကြသေးသည်။ ကိုသိန်းတန်လဲ နေ့လည်က အကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ ထိုဘုရားဖူးအဖွဲ့ပြန်သွားတော့ နောက်ထပ်လူဝင်လူထွက်သိပ်မရှိတော့။ ကိုသိန်းတန်လဲ ပျင်းပျင်းနှင့် စာအုပ်များဖတ်နေသည်။
“ဟီး . . . ဟီး . .ဟီ”
အသံက သူ့နောက် ပြတိုက်အပြင်မှ ကြားလိုက်ရခြင်းဖြစ်သည်။ မြင်းဟီသံကြီးဖြစ်သည်။ ပြတိုက်နောက်ဖက်တွင် ၄ပေခန့်သာ နေရာလွတ်ရှိပြီး ထိုအနောက်တွင်တော့ မဟာရံတံတိုင်းက ကာရံထားသည်။ မဟာရံတံတိုင်းအနောက်ဖက်တွင်တော့ ဘာမှမရှိတော့ မြေကွက်လပ်ကြီးဖြစ်သည်။ နာရီကိုကြည့်လိုက်တော့ ညနေ ၄နာရီဖြစ်သည်။
ကိုသိန်းတန်စဉ်းစားသွားသည်။ သူတို့အရပ်ဒေသတွင် မြင်းဆိုသည်မှာ တွေ့ရခဲသည်။ မြင်းလှည်းလဲ မရှိ။ ရှင်ပြုပွဲရှိမှသာ မြင်းတွေလာတတ်သည်။ အခုလဲ ပြတိုက်နောက်က မြင်းဟီသံကို သေချာကြားလိုက်ရသည်။
ကိုသိန်းတန်လဲ ဟိုဟိုဒီဒီကြည့်ပြီး အပြင်ထွက်ခဲ့သည်။ ပြတိုက်နောက်ကို သွားကြည့်တော့ ဘာမှမရှိ။ မြေက ပြောင်ရှင်းနေသည်။ မဟာရံတံတိုင်းနောက်တွင်လဲ ဘာမှမရှိ။ ကွင်းပြင်တွင်လဲ ရှားစောင်းပင်အချို့သာ ပေါက်နေကြလေသည်။ သို့နှင့် ပြန်ကြည့်ပြီးတော့ ပြတိုက်ထဲပြန်ဝင်ခဲ့သည်။ ကြက်သီးတွေက သူ့အလိုလိုထနေသည်။ ထိုင်ခုံတွင် ပြန်ထိုင်လိုက်ရုံရှိသေး မြင်းဟီသံကို ပြန်ကြားလိုက်ရပြန်သည်။
“ဟီ . . ဟီး. . .ဟီး”
မြင်းဟီသံမှာ သေချာပေါက် ပြတိုက်နောက်မှလာခြင်းဖြစ်သည်။ ကိုသိန်းတန်တစ်ယောက် ချွေးတွေပြန်လာသည်။ ပါးစပ်က ဘုရားစာတွေ ရွတ်နေသည်။ မေတ္တာတွေလဲ ပို့နေလိုက်သည်။
“ရှူးရှဲ . . . . ရှူး”
ခဏအကြာတွင်တော့ မြင်းနှာမှုတ်သံများပါ ကြားရလေသည်။ ကိုသိန်းတန်ပိုကြောက်သွားပြီ။ သူ့စိတ်ထဲက အတိုင်းဆို ပြတိုက်ထဲမှ ပြေးထွက်လိုက်ချင်သည်။
“ငါတော့ တော်တော်ခြောက်ခံနေရပါလား”
စိတ်ထဲမှတွေးလိုက်သည်။ ထိုစဉ် စုံတွဲနှစ်တွဲက ပြတိုက်ထဲသို့ဝင်လာလေသည်။ ကိုသိန်းတန် စိတ်သက်သာရာရသွားသည်။ ထို့ကြောင့် ပြတိုက်အဝတွင် မတ်တပ်ရပ်နေသည်။ ထိုစုံတွဲလေးများမှာ မန္တလေး တက္ကသိုလ်မှ ကျောင်းသားလေးများဖြစ်ကြသည်။ ကိုသိန်းတန်လဲ ထသွားပြီးတော့ ပြတိုက်ထဲတွင် ရှိသည့် ပစ္စည်းများအကြောင်းကို မမေးဘဲ ရှင်းပြနေမိသည်။
သူက ထိုစုံတွဲနှစ်တွဲ ခဏလေးနှင့်ပြန်သွားမှာကို စိုးရိမ်နေသည်။ ထို့ကြောင့် ထိုကျောင်းသားလေးများကို ပစ္စည်းများရဲ့ အကြောင်းနဲ့ အလှူရှင်များအကြောင်း၊ ဘယ်လိုရခဲ့တယ်ဆိုတဲ့ အကြောင်းတွေကို ရှင်းပြနေမိသည်။ ကံကောင်းချင်တော့ ကျောင်းသား ကျောင်းသူလေးများကလဲ စိတ်ဝင်တစားဖြင့် နားထောင်နေကြသည်။
တစ်နာရီလောက်ကြာသည်အထိ စကားကောင်းနေကြသည်။ ပြတိုက်အကြောင်းများသာမက ကျောင်းသားလေးများ မေဂျာအကြောင်းများ၊ သူတို့နေထိုင်မှုများကိုပါ လေဖောနေမိသည်။ သူတို့လေးယောက်ရှိနေခြင်းကို ဦးသိန်းတန်က ကျေနပ်နေမိသည်။ နောက်တော့ ကျောင်းသားလေးများက သူ့ကိုနှုတ်ဆက်ပြီး ပြတိုက်ထဲမှ ထွက်ခွာသွားသည်။ အချိန်က ညနေ ၅နာရီခွဲပြီးဖြစ်နေပြီ။
ကိုသိန်းတန် ထမင်းချိုင့်နှင့် သူ့ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ ပုံမှန်ဆို ညနေ ၆ နာရီပြတိုက်ပိတ်ချိန်ဖြစ်သည်။ သို့သော် ထိုနေ့က ကိုသိန်းတန်တစ်ယောက် ကြောက်နေသဖြင့် စောစောပိတ်လိုသည်။ ပိတ်ဖို့လဲ ဂေါပကဆီမှာ သော့သွားယူရမည်ဖြစ်ပြီး တံခါးပိတ်ရမည်ဖြစ်သည်။ ကိုသိန်းတန်က ပုဆိုးလေးပြင်ဝတ်လိုက်၊ ဟိုဖက်သည်ဖက်လှည့်လိုက်နှင့် ၅ နာရီ ၄၅ မိနစ်ရှိသွားပြီ။
“တော်ပြီကွာ ပိတ်တော့မယ်”
ကိုသိန်းတန်က ပြောဆိုလိုက်ကာ ပြတိုက်တံခါးကို အသာစေ့လိုက်သည်။ ထို့နောက်ဘုရားရင်ပြင်တော်ပေါ်ပြေးတက်လိုက်သည်။ နေကဝင်သွားပြီဖြစ်သည်။ ဆောင်းတွင်းဖြစ်သဖြင့် နေ့တာတိုသည်။ ကောင်းကင်တွင်တော့ အနီရောင်အလင်းတန်းများ ကျန်ရှိနေသေးသည်။ ဘုရားပေါ်တွင် လူခြေတိတ်နေသည်။ ရပ်ထဲရွာထဲမှ ဘုရားဖူးသူ၊ ပုတီးစိပ်သူ၊ တရားထိုင်သူများသာ တစ်ယောက်နှစ်ယောက်ရှိတော့သည်။
ကိုသိန်းတန်က ဂေါပက ရုံးကိုပြေးလာပြီး သော့တောင်းလိုက်သည်။ ဂေါပကလူကြီးက နာရီကိုတစ်ချက်ကြည့်လိုက်သေးသည်။ ပြီးတော့ သော့ကိုထုတ်ပေးလိုက်သည်။ ဘုရားတွင် တပ်ဆင်ထားသည့် မီးများမှာ မဖွင့်ရသေးသဖြင့် ဘုရားပတ်ဝန်းကျင် မှောင်မဲနေသည်။ ကိုသိန်းတန်က ပြတိုက်ကလေးဆီပြေးလာလိုက်သည်။ ထို့နောက် ပြတိုက်ထဲဝင်လိုက်သည်။ ပြတိုက်အဝင်ဖက် သူတို့ပြတိုက်စောင့်သည့်အပေါ်တွင် မိန်းခလုပ်ရှိပြီး မီးများပိတ်ရမည်ဖြစ်သည်။
ပြတိုက်ထဲကိုပြေးဝင်လိုက်ပြီးမီးခလုပ်ဆီသွားလိုက်သည်။ ဖြစ်ချင်တော့ ပြတိုက်ထဲ မျက်စိကဝေ့ကြည့်မိလိုက်သည်။
“အောင်မယ်လေးဗျ”
ကိုသိန်းတန်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ပြတိုက်ထဲတွင် လူ ၆ ယောက်မတ်တပ်ရပ်နေသည်။ အရပ်တွေက ၇ ပေခန့်ရှိသည်။ အသားတွေက မည်းတူးနေသည်။ ဘယ်ခေတ်ကမှန်း မသိသောအဝတ်အစားများဝတ်ထားသည်။ ယောက်ျားလေးယောက်တွင် သုံးယောက်က အကျီမပါ။ တစ်ယောက်ကတော့ အဖြူရောင် အကျီလက်ပြတ်တစ်ထည်ဝတ်ဆင်ထားသည်။ မိန်းကလေးက သုံးယောက်ဖြစ်ပြီး တစ်ယောက်က ရေအိုးတစ်လုံးကို ခါးတွင်တင်ထားပြီး လက်ဖြင့်ပိုက်ထားသည်။
အသားတွေက မီးသွေးတွေလို မည်းတူးနေပြီးတော့ မျက်လုံးတွေကတော့ ဖြူဖွေးနေသည်။ ထိုယော်ကျားမိန်းမများတွင် နားဋောင်းတွေက အဝိုင်းကြီးတွေပန်ထားသည်။ ကိုသိန်းတန် တစ်မိနစ်ခန့်မျှ ငြိမ်သက်နေမိသည်။ သူတို့လူ၆ယောက်ကလဲ ကိုသိန်းတန်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေသည်။ ပြတိုက်မှာ လေးပေမီးချောင်းများ ထိန်နေအောင်ထွန်းထားသဖြင့် ထင်ရှားစွာမြင်တွေ့နေရလေသည်။
ကိုသိန်းတန်သတိကပ်သွားတော့ ပြတိုက်ထဲမှ တစ်ဟုန်ထိုးပြေးထွက်လိုက်သည်။ သူ့ခါးက ပုဆိုးကလဲ ကွင်းလုံးကျွတ်ပြီးကျန်ခဲ့သည်။ ဘုရားရင်ပြင်တော်ပေါ်ပြေးတက်လိုက်ပြီး စောင်းတန်းမှ ပြေးထွက်ကာ ကားလမ်းအတိုင်းပြေးနေမိသည်။ သူ့စက်ဘီးတောင် သူယူဖို့သတိမရတော့။ အတန်ကြာလှမ်းတော့မှ ရပ်မိသည်။ သူ့ကိုလူတွေက ဝိုင်းကြည့်နေကြသည်။ အောက်တွင် အတွင်းခံဘောင်းဘီလေးသာ ပါတော့သည်။ ကံကောင်းသည်က အပေါ်ကဝတ်ထားသည့် ရှပ်အကျီက ခါးအနည်းငယ်ရှည်သဖြင့် တော်သေးသည်။
(၅)
ကိုသိန်းတန် အိမ်ကို ဘယ်လိုပြန်ရောက်သွားမှန်းမသိတော့။ နောက် လေးငါးခြောက်ရက်လောက်လဲ ကောင်းကောင်းအိပ်မပျော်။ ထိုလူများ၏ မျက်နှာများကိုသာ မြင်နေရသည်။ နောက်ပိုင်းကျတော့ ဂေါပကလူကြီးများထံ ကိုသိန်းတန်၏ အဖြစ်အပျက်က ပျံ့နှံ့သွားသည်။
နောက်မှသိရသည်မှာ သူတွေ့ခဲ့သော သူများ၏ ဝတ်စားဆင်ယင်ပုံများကို သေချာပြန်စဉ်းစားလိုက်တော့မှ ပုဂံခေတ်က ဝတ်စားဆင်ယင်ပုံဖြစ်မည်ဟု ခန့်မှန်းလိုက်ရလေသည်။ နောက် တစ်ပတ်လောက်ကြာသည်အထိ ဘုရားမသွားဖြစ်တော့။ ဦးမြမောင်က သူ့အိမ်လာတော့မှ အကျိုးအကြောင်းစုံကို ပြောပြလိုက်ရသည်။
“ဒီဘုရားက ပုဂံခေတ်ကတည်းကဆိုတော့ သေချာတာကတော့ အဲဒီခေတ်က ဘုရားကျွန်တွေဘာတွေလှူခဲ့ပုံရမယ်ဗျ”
“အင်း ဖြစ်တော့ဖြစ်နိုင်တယ်၊ ကျွန်တော်တွေ့တာလဲ အကျီမပါတဲ့ ယောက်ျားက သုံးယောက်ဗျ”
“တော်သေးတာပေါ့ ကိုသိန်းတန်ရယ်၊ ကျွန်တော်သာဆို အဲဒီနေရာမှာတင် တက်နေလောက်တယ်”
ဦးမြမောင်က ပြောဆိုလိုက်ကာ ရယ်မောလိုက်သည်။
“ဘယ်သူနဲ့မှနဲ့ မတွေ့ဘူးပေမယ့် ကိုသိန်းတန်နဲ့တွေ့တယ်ဆိုတော့ ရေစက်တွေပါလို့ဖြစ်မယ်”
ကိုသိန်းတန်က ဘာမှပြန်မပြောတော့။
“အရင်အပတ်က ပြတိုက်စောင့်တဲ့လူမရှိဘူး၊ ပြတိုက်ပိတ်ထားရတယ်။ ဒီတပတ်တော့ ပြန်ဖွင့်မယ်ပြောတယ် ကိုသိန်းတန်ပြန်စောင့်မလား”
ဦးမြမောင်က ရယ်ကျဲကျဲဖြင့်မေးလိုက်သည်။ ကိုသိန်းတန်ကတော့ ပြုံးလိုက်ပြီး။
“တော်ပါပြီဗျာ၊ လောလောဆယ်တော့ ပြတိုက်ဖက် ခြေမလှည့်ချင်သေးဘူးဗျ”
ထိုနောက်ပိုင်းမှ စ၍ ပြတိုက်သည် ညနေ လေးနာရီ ပိတ်ပါသည်။ ထိုပြတိုက်က သရဲခြောက်ခံရပုံများကို ဂေါပကအဖွဲ့က မပြန့်ပွားစေရန် မေတ္တာရပ်ခံသည့်အတွက်ကြောင့် ကိုသိန်းတန်တို့လဲ လူရင်းများလောက်ကိုသာ ပြောပြဖြစ်တော့သည်။ နောက်ပိုင်းနှစ်တွေကြာတော့လဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်။ ကိုသိန်းတန်ကတော့ ဘုရားအလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်မြဲဖြစ်သော်လည်း ပြတိုက်တော့ နောက်ထပ် မစောင့်တော့ပါ။
(ကာယကံရှင်၏ တောင်းဆိုမှုကြောင့် နေရာဒေသနှင့် ဘုရားဘွဲ့အမည်အား အတိအကျ ဖော်ပြမပေးတော့ပါ)
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်
Comments
Post a Comment