အဲ့ဒီလှေကားက မတက်နဲ့ (ဖြစ်ရပ်မှန်)

အဲ့ဒီလှေကားက မတက်နဲ့ (ဖြစ်ရပ်မှန်)

 အဲ့ဒီလှေကားက မတက်နဲ့ (ဖြစ်ရပ်မှန်)


(၁)


မြေလတ်ဒေသ၊ မြို့ကလေးတစ်မြို့တွင်ဖြစ်သည်။ ထိုမြို့ကလေးက အဓိက လမ်းမကြီးများပေါ်တွင် မတည်ရှိသဖြင့် နာမည်မထင်ရှားသည့် မြို့ကလေးဖြစ်သည်။ မြို့ကလေး၏ သက်တမ်းမှာ ရှည်ကြာနေပြီဖြစ်ပြီး မြန်မာမင်းများလက်ထက်နှင့် အင်္ဂလိပ်လက်ထက်က ရွာကလေးမျှသာဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် မြို့အင်္ဂါရပ်နှင့်အညီအဆင့်မြှင့်ကာ မြို့ကလေးတစ်မြို့အဖြစ် ထူထောင်လိုက်သည်။ ၁၉၈၀ ပြည့်နှစ်ရောက်သောအခါ ရွာနာမည်နောက်တွင် မြို့အဖြစ် အမည်တပ်လိုက်လေတော့သည်။


မြို့မဖြစ်သေးခင်ကတည်းက ထိုမြို့ကလေးတွင် အထက်တန်းကျော်းတစ်ကျောင်းတည်ရှိသည်။ ပုံမှန်အပြင်ပိုင်းက ကြည့်လိုက်လျှင်တော့ အခြားအထက်တန်းကျောင်းများနည်းတူ အုတ်ခံပြီး သစ်သားဖြင့် ဆောက်လုပ်ထားသည့် နှစ်ထပ်ကျောင်းဆောင် သုံးဆောင်ပါသည့် ကျောင်းတစ်ကျောင်းသာဖြစ်သည်။ ကျောင်းနေသည့် ခလေးများကလဲ သိပ်များများစားစားမရှိလှသေး။


ကျောင်းက မြို့လယ်မှ ဖြတ်သွားသည့် ကားလမ်းမပေါ် မေးတင်ထားသည်။ ကျောင်းကို လူကြီးရင်ညွန့်လောက်ရှိသည့် အုတ်တံတိုင်းကာရံထားပြီး ထုံးနှင့် ဆေးအစိမ်းရောကာ သုတ်ထားသည်။ ကျောင်းအဝင်တွင်တော့ သံပန်းဖြင့်ပြုလုပ်ထားသည့် ဆိုင်းဘုတ်ကြီးရှိသည်။ ထိုမှ ဝင်သွားလျှင် ကျောင်းရှေ့ကွင်းပြင်ကြီးရှိပြီးတော့ ကျောင်းဆောင်ကြီးတစ်ဆောင်က ကန့်လန့်ဖြတ်ပြီးတည်ရှိနေသည်။ ထိုကျောင်းဆောင်၏ ဘေး၊ ဘယ်ညာ တွင်တော့ နောက်ထပ်ကျောင်းဆောင်ကြီးနှစ်ဆောင်က အတန်းလိုက်တည်ရှိနေသည်။ ထိုအထိ ကျောင်းက ထူးဆန်းမှုမရှိ။


ထိုအဓိက ဝင်ဝင်ခြင်း ကျောင်းဆောင်ကြီး၏ အလယ်တည့်တည့်တွင် သံပန်းအနက်များဖြင့် ပိတ်ထားသော လှေကားကြီးရှိသည်။ ထိုလှေကားကြီးမှာ ကျောင်းဆောင်၏ အဝင်တွင်တည်ရှိပြီး သစ်သားများဖြင့် သေသေချာချာဆောက်ထားခြင်းဖြစ်သည်။ သို့သော် ကျောင်းသားများရော ဆရာများပါ ထိုလှေကားကြီးကို အသုံးမပြုကြဘဲ အဘယ့်ကြောင့် သံပန်းပိတ်ကာ၊ သော့ခတ်ထားရသနည်း။ အဘယ့်ကြောင့် အလယ်က လှေကားကြီးကို အသုံးမပြုဘဲ၊ ကျောင်းဆောင် တစ်ဖက်စွန်းရှိ လှေကားနှစ်ခုကိုသာ အသုံးပြုနေရသည် ဆိုသည်ကိုက ထူးခြား၍ နေပေသည်။


ယခုဖော်ပြသည့် အကြောင်းအရာများမှာ ထိုလှေကားနှင့်ပက်သက်ပြီး ဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာ ဖြစ်ရပ်မှန် အဖြစ်အပျက်ကလေးများကို စုစည်းပြီး တင်ပြလိုက်ခြင်းဖြစ်ပါသည်။


(၂)


၂၀၀၀ ပြည့်လွန်နှစ်တစ်နှစ်။ ဆရာမ သင်းသင်းက ထိုကျောင်းတွင် ဆရာမဖြစ်သည်။ ထိုစဉ်က ကျောင်းမှာ အထက်တန်းကျောင်းမဖြစ်သေး။ အလယ်တန်းကျောင်းသာ ရှိသေးသည်။ ကျောင်းဆောင်ကြီးမှာလဲ ဝင်ဝင်ချင်းကန့်လန့်ဖြတ်ကျောင်းဆောင်တစ်ခုသာရှိပြီး ထိုကျောင်းဆောင်ကြီးဘေးတွင်တော့ သစ်သားဖြင့်ဆောက်လုပ်ထားသည့် တစ်ထပ်ကျောင်းဆောင်ကလေးတစ်ခုရှိသည်။


ဆရာမ သင်းသင်းက ထိုမြို့မှ ဒေသခံတော့မဟုတ်။ တာဝန်ကျရာဒေသကို လိုက်ပြီးတော့ တာဝန်ထမ်းဆောင်ရာသူဖြစ်သည်။ ယခုလဲ ဒီကျောင်းကို ဒီနှစ်မှ တာဝန်ကျခြင်းဖြစ်သည်။ တစ်နယ်တစ်ကျေးမှ ဆရာမသင်းသင်းကဲ့သို့ လာရောက် အလုပ်လုပ်ကြသော ဆရာများအတွက် ကျောင်းအနောက်ဖက် ခပ်လှမ်းလှမ်းတွင် သစ်သားဖြင့် တစ်ထပ်အိမ်ကလေး တစ်လုံးဆောက်လုပ်ထားသည်။ ကျောင်းရှိ ဆရာ၊ ဆရာမများမှာ ထိုဒေသခံများဖြစ်ကြပြီး အချို့ဆရာမများက ထိုဒေသမှ မဟုတ်သော်လည်း မြို့ထဲတွင် နေထိုင်ကြလေသည်။ ကျောင်းသူကျောင်းသားများကတော့ တော်တော်များသည်။ နီးစပ်ရာ ရွာများမှ လာရောက်တတ်ကြသည်မို့ ကျောင်းသားက ၅၀၀ ခန့်ရှိသည်။


တစ်ထပ်ကျောင်းဆောင်ကလေးတွင် သူငယ်တန်း၊ တစ်တန်း ကလေးများကို သင်ကြားပေးသည်။ နှစ်ထပ်ကျောင်းဆောင်ကြီးတွင်တော့ ကျန်သည့်အတန်းများကို သင်ပေးသည်။ အပေါ်ထပ်တွင်တော့ ကြီးကောင်ဝင်နေသည့် ၆ တန်း၊ ၇တန်း၊ ၈တန်းကျောင်းသားများကို သင်ကြားပေးသည်။


ကျောင်းကြီးက အုတ်ခံဖြင့်တည်ဆောက်ထားပြီး အပေါ်ပိုင်းက သစ်သားဖြင့်ဆောက်လုပ်ထားခြင်းဖြစ်သည်။ သစ်သားတိုင်ကြီးတွေကလဲ ခြောက်လက်မ ပတ်လည်တွေနှင့် ကျွန်း၊ ပျဉ်းကတိုး စသော သစ်ကောင်းတွေဖြင့် တည်ဆောက်ထားပြီး ရေနံချေးဝနေသည်။


ဆရာမသင်းသင်းက ကျောင်းစဖွင့်ပြီး လေးငါးရက်မှ အတည်ကျတော့သည်။ ကျောင်းအုပ်ကြီးက ထိုမြို့ကလေးမှပင်ဖြစ်သည်။ ဆရာမအဖြစ်အလုပ်စဆင်းသည့် နေ့ ၇တန်းကျောင်းသားများကို သင်ကြားပေးရမည်မို့ အပေါ်ထပ်သို့တက်မည်လုပ်လိုက်သည်။


“ဆရာမ . . . ဆရာမ အဲဒီလှေကားက မတက်နဲ့”


လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ဦးက ပြေးလာပြီး သူ့ကိုတားလိုက်သည်။


“ဘာဖြစ်လို့လဲ ဆရာမရဲ့”


“အဲဒီလှေကားကလေ . . . ဟို . . . ဟို လိမ့်ကျတတ်တယ်”


ဆရာမသင်းသင်းက ရယ်မောလိုက်သည်။ သူ့ကိုလာပြောသည့်ဆရာမက မျက်နှာကွက်ကနဲ ပျက်သွားသဖြင့် ရယ်မောခြင်းကို ရပ်တန့်လိုက်ရလေသည်။


“ဆရာမရယ် ကျွန်မလဲ လူကြီးဖြစ်နေပါပြီ”


ဆရာမသင်းသင်းက ပြောလိုက်သောအခါ ထိုဆရာမလဲ ဘာမှမပြောတော့ဘဲ လှေကားရင်းတွင် မတ်တပ်ရပ်ပြီး ကြည့်နေလိုက်သည်။ ဆရာမသင်းသင်းလဲ လှေကားကိုကြည့်လိုက်သည်။ လှေကားက ရှစ်ပေခန့်ကျယ်ဝန်းပြီး အထစ်တွေကလဲ နိမ့်နိမ့် ပြေပြေလေးဖြစ်သည်။ လှေကားနင်းပြားကြီးတွေက ရှစ်လက်မခန့်ရှိသည့် ပျဉ်ပြားအထူကြီးတွေဖြစ်ပြီး အလွန်ခိုင်ခံ့နေသည်။ အောက်ထပ်တွင် လှေကားများတဆင့်တက် အလယ်တွင်လှေကားကွေ့သည့် ကြမ်းပြင်ရှိပြီး အပေါ်ကိုနောက်တစ်ထပ်ထပ်တက်ရသည့် နှစ်ထစ်ချိုး လှေကားကြီးဖြစ်သည်။


ဆရာမသင်းသင်းက ကြည့်လိုက်ကာ လှေကားကိုတက်လိုက်သည်။ လက်ထဲတွင်လဲ စာအုပ်နှင့် မြေဖြူခဲဘူးများကိုင်ထားသဖြင့် လက်ကတော့မအားပေ။ ဆရာမသင်းသင်းလဲ လှေကားကို တစ်ထစ်ချင်းတက်သွားလိုက်သည်။ လှေကားတက်ရင်း လှေကားကွေ့ပင်မရောက်သေး ဆရာမသင်းသင်းခေါင်းထဲ လှေကားထစ်တွေက ရေတွေလိုဖြစ်နေသည်ဟု ထင်ရသည်။ လှေကားထစ်တွေက ရွေ့လျားနေသလိုလို၊ လှိုင်းတွန့်နေသလိုလိုဖြစ်နေသည်။


ဆရာမသင်းသင်းက အလွန်ထူးဆန်းနေသည်။ အောက်ကို သေချာကြည့်ပြီး လှေကားကို တစ်ထစ်ခြင်းတက်နေသည်။ ထိုအခါ လှေကားတစ်ထစ်ကို ခြေလှမ်းပြီး နင်းလိုက်သည်။ လှေကားထစ်က ပျောက်သွားပြီး လေထဲကို နင်းလိုက်ရသလိုဖြစ်သွားသည်။ ခြေချော်ပြီး ကိုယ်လုံးမှာ ယိမ်းယိုင်သွားသည်။ ကံကောင်းလို့ ချော်မလဲ။ ကိုယ်ဟန်ကို မနည်းပြန်ထိန်းလိုက်ရသည်မို့ လက်ထဲမှ မြေဖြူခဲဘူးက ပြုတ်ကျသွားသည်။


သူ့တစ်သက်နှင့် တစ်ကိုယ်ထိုသို့ တစ်ခါမှ မကြုံဖူးဘူး။ လူကလဲ ထိတ်လန့်လာသည်။ ထို့ကြောင့် လှေကားကို အပေါ်အမြန်ရောက်ရန် တက်လိုက်ရသည်။ လှေကားကွေ့ကိုရောက်တော့ ခဏနားလိုက်သည်။ သူ့ကိုခုနက ပြောသည့်ဆရာမက လှေကားအောက်ကနေ ကြည့်နေဆဲဖြစ်သည်။ ဆရာမသင်းသင်းလဲ အလွန်ကြီးမားခိုင်ခံ့လှသည့် လှေကားလက်ရမ်းကို ကိုင်ကာ လှေကားကို အမြန်တက်လိုက်သည်။ ပြေးတက်လိုက်သဖြင့် အပေါ်ကို ရောက်မှန်းမသိရောက်သွားသည်။


“ငါများ မနက်က ငံပြာရည်တွေ စားလို့ သွေးတိုးပြီး ခေါင်းမူးတာလား”


ဆရာမ သင်းသင်းက ထိုသို့တွေးလိုက်ကာ စာသင်ခန်းထဲဝင်ပြီး စာသင်နေသည်။ စာသာသင်နေသော်လည်း ထိုလှေကားနှင့်ပက်သက်ပြီး စိတ်ထဲ မကျေမနပ်ဖြစ်နေသည်။


“တောင် . . . တောင်"”


ကျောင်းအုပ်ကြီးရုံးခန်းက သံချောင်းခေါက်လိုက်သည်။ ထမင်းစားဆင်းပြီဖြစ်သည်။ ကျောင်းက တစ်ချိန်ကျောင်းမို့ နေ့လည် ၁၂ ထိုးလျှင် ထမင်းစားဆင်းသည်။ နေ့လည် ၁ နာရီမှ ပြန်တက်သည်။ ထူးဆန်းသည်က မြို့ကကျောင်းများလိုမဟုတ်။ ကလေးများမှာ အိမ်ပြန်ထမင်းစားကြသူများသည်။ အလွန်ဝေးသည့်ရွာမှ လာသည့်သူများသာ ထမင်းဘူးများဖြင့် စားသောက်ကြသည်။ ကလေးများက သံချောင်းသံကြားသည်နှင့် အခန်းထဲမှ ပြေးထွက်သွားကြသည်။


ဆရာမသင်းသင်းလဲ အခန်းထဲမှ ထွက်လိုက်သည်။ ထူးဆန်းသည်က ကျောင်း၏အလယ်လှေကားမကြီးမှ ကလေးများက မဆင်းကြဘဲ။ ကျောင်း၏ ဟိုဖက်ထိပ်၊ ဒီဖက်ထိပ်တွင်ရှိသည့် ဘေးလှေကားများမှ ပြေးဆင်းကြလေသည်။ ဆရာမသင်းသင်းလဲ စာအုပ်ကလေးပိုက်ပြီး သူတက်လာခဲ့သည့် လှေကားကြီးကိုကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် မေးခွန်းများစွာ ပြည့်နှက်နေသည်။


ထိုလှေကားမကြီးအဆင်းတွင် ညာဖက်ခြမ်းရှိ အခန်းတစ်ခန်းသည် ဆရာမများနားနေခန်းဖြစ်သည်။ ထို့ကြောင့် ဆရာမသင်းသင်းလဲ ထိုနေရာမှသို့သွားရန် ဟိုးကျောင်းတစ်ဖက်ထိပ်သို့ လမ်းမလျှောက်တော့ဘဲ၊ လှေကားမကြီးမှ ဆင်းမည်ဟု ဆုံးဖြတ်လိုက်သည်။


“အဆင်းဆိုတော့ ခေါင်းမူးလဲ ပြသနာသိပ်မရှိပါဘူး”


ထိုသို့တွေးလိုက်ကာ လှေကားကို အောက်ကိုသေချာကြည့်ပြီး တစ်ထစ်ခြင်း ဆင်းလိုက်လေသည်။ ဆင်းနေရင်း သုံးထစ်မြောက်သည်နှင့် လှေကားသည် ငလျှင်လှုပ်သကဲ့သို့ လှုပ်ယမ်းလာလေသည်။


“ဘုရား . . . ဘုရား ငလျှင်လှုပ်တာလား”


ထိုသို့တွေးပြီး နောက်တစ်ထစ်ဆက်ဆင်းလိုက်သည်။ လှေကားကြီးက အလွန်လှုပ်နေပြီး လှေကားထစ်များက ရွှေ့လျားနေပြန်သည်။  


“မဟုတ်တော့ မဟုတ်တော့ဘူး ငါဘာဖြစ်နေတာလဲ”


လှေကားခွင်ရောက်တော့ အလွန်ကြောက်လန့်နေပြီဖြစ်သည်။ ထိုနေရာမှ အောက်ထပ်ကို ထပ်ဆင်းရပေဦးမည်။ ထိုအခါ ဆရာမသင်းသင်းလဲ စိတ်ကို ပြင်ဆင်လိုက်ပြီး ထိုလှေကားမှ ပြေးဆင်းလိုက်သည်။ လှေကားထစ်များက ရေလှိုင်းများလို တွန့်လိမ်ပြီး လှုပ်ယမ်းနေသည်။ ဆရာမလဲ လှေကားထစ်များကို သေချာနင်းရင်း အောက်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျလေသည်။ လှေကားမှ ပြုတ်ကျသံကျားသဖြင့် ဆရာမများက အခန်းထဲမှ ပြေးထွက်လာကြသည်။ သူ့စာအုပ်တွေကို ဝိုင်းကောက်ပေးပြီး ဖုန်တွေသုတ်ပေးကြသည်။ လှေကားက သိပ်မမြင့်သည်မို့ ဒဏ်ရာပြင်းထန်စွာ မရသော်လည်း ခါးကအောင့်သွားလေသည်။


“ဆရာမကို ပြောသားပဲ အဲဒီလှေကားကို မတက်ပါနဲ့ဆို”


ဆရာမတစ်ယောက်က ထိုသို့ပြောလေသည်။ ဆရာမသင်းသင်းလဲ စိတ်ထဲမရှင်းမရှင်းဖြစ်သွားသည်။


“အဲဒီလှေကားက ဘာဖြစ်တာလဲဟင်”


ကျောင်းမှ ဆရာမများ၏ မျက်နှာတွင် ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းများ ပြည့်နှက်နေသည်။


“လာဆရာမ။ ထမင်းစားရင်း ပြောကြရအောင်”


ဆရာမသင်းသင်းက ထမင်းဘူးကိုဖွင့်လိုက်သော်လည်း စားချင်စိတ်မရှိ။ သူ့စိတ်ထဲတွင် သိချင်စိတ်များက ပြင်းပြနေသည်။ ဆရာမတွေအားလုံး ထမင်းစားနေကြသည်။ အသက်ကြီးကြီး ပိန်ပိန်နှင့် ဆရာမ ဒေါ်ဝင်းက သူ့ကို ဖြစ်ပျက်ခဲ့သည့် အဖြစ်များကို ပြောပြလေတော့သည်။


(၃)


ကျောင်းဆောင်သစ်ကြီးကို ၁၉၇၀ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့သည်။ ဆောက်လုပ်ပြီးနောက် အလယ်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည်။ မြို့နယ်ပညာရေးမှူးများ၊ ဝန်ကြီးများက လာရောက်ဖွင့်ပေးခဲ့သည်။ ကျောင်းဆောင်သစ်ကြီးမှာ အလွန်လှပပြီး သစ်လွင်နေသည်။


ယခင်က ထိုကျောင်းမှာ တစ်ထပ်ကျောင်းဆောင်ကလေးနှင့် မူလတန်းကျောင်းကလေးသာဖြစ်သည်။ ယခုတော့ ကျောင်းဆောင်သစ်ကြီးနှင့်မို့ ကလေးများ ပျော်ပါးကြသည်။ ကျောင်းသစ်ကြီးက နွေရာသီတွင် ဆောက်လုပ်ပြီး ဖွင့်လှစ်ခဲ့သည်မို့ ကျောင်းတက်သည့်သူတော့မရှိသေး။ ပြသနာက မိုးရာသီ ကျောင်းဖွင့်တော့ စသည်။


“အတန်းကြီးတဲ့ကလေးတွေကို အပေါ်ထပ်မှာထားမယ်၊ အတန်းငယ်တဲ့ကလေးတွေက လှေကားသေချာမတက်တတ်ရင် ပြုတ်ကျကုန်မယ်၊ သူတို့ကို အောက်ထပ်မှာထားမယ်၊ ဆရာမတွေက လှေကားနားမှာ နေပြီး ကလေးတွေ မပြုတ်ကျအောင် ဂရုစိုက်ပေးကြပါ”


ကျောင်းအုပ်ကြီးက မှာကြားသည်။ ဆရာမ ဒေါ်ဝင်းက ထိုစဉ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကျောင်းဖွင့်သည့်ရက် ကျောင်းသားတွေ ကျောင်းသို့လာကြပြီ။ အလယ်တန်းက ထိုနှစ်မှ စဖွင့်သည်မို့ တက်သည့်ဦးရေ နည်းသေးသည်။ ကလေးတွေက အောက်ထပ်မှာ ပြေးလွှားဆော့ကစားကြသည်။ ဆရာမဒေါ်ဝင်းက လှေကားနားတွင်ထိုင်နေပြီး လှေကားကို ကုတ်တက်နေသည့် ကလေးများကို ငေါက်ငမ်းနေသည်။


ထိုစဉ် ၇ တန်းကျောင်းသားအုပ်စုတစ်စုက ကျောင်းထဲဝင်လာကြသည်။ သူတို့က ထိုမြို့အနီးရွာလေးတစ်ရွာမှ ကျောင်းလာတက်ကြသည့် သူငယ်ချင်းအုပ်စုဖြစ်သည်။ ၈ ယောက်ခန့်ရှိသည်။ ဆရာမကို မြင်လိုက်သည်မို့ လက်ပိုက်ကာ ခေါင်းကလေးကိုငုံ့ပြီးတော့ လှေကားကို တက်လိုက်သည်။


“ဘုန်း . . . ဝလုံး . . . ဒုန်း”


လှေကားတက်ပြီး အလယ်ခွင်တွင် မရောက်လိုက်ကြ။ ထိုလှေကားမှ ၈ ယောက်လုံး ဒလိမ့်ခေါက်ကွေးနှင့် ပြန်ပြုတ်ကျလေသည်။ ပုဆိုးကျွတ်သည့်သူက ကျွတ်သည်။ သံမံတလင်းနှင့် ခေါင်းနှင့် ရိုက်မိသူက ခေါင်းတွေဖုသွားသည်။


“တယ် . . . ကလေးတွေ လှေကားကို ကောင်းကောင်းတက်ကြစမ်း”


ဆရာမ ဒေါ်ဝင်းက ထိုသို့ပြောရင်း ကျောင်းသူကလေးတစ်ယောက်ကို ပြေးထူပေးလိုက်သည်။ ဆရာမဒေါ်ဝင်းထင်သည်က ကျောင်းသားများ ဆော့နောက်ပြီးတက်ရင်း အထွေးလိုက်ပြုတ်ကျသည်ဟု ထင်နေသည်။ ကျောင်းသားလေးများသည် လွယ်အိတ်များ၊ ထမင်းဘူးများ၊ စာအုပ်များကို ကောက်ပြီး ပုဆိုးထမီတွေ ပြန်ဝတ်ကြသည်။ ထို့နောက် နောက်တစ်ခါတက်ကြသည်။ ဆရာမဒေါ်ဝင်းလဲ ထိုအုပ်စုကို အောက်မှနေ၍ ကြည့်နေလိုက်မိသည်။


“အလို”


ကျောင်းသားတွေ လှေကားပေါ်တက်ကြတာ ဒယိမ်းဒယိုင်တွေဖြစ်နေသည်။ အရက်မူးသမားလို၊ သိုင်းကွက်နင်းသလို ဖြစ်နေကြသည်။


“ဟဲ့ ကလေးတွေ ဆော့မနေကြနဲ့ သေချာတက်ကြစမ်း”


ဆရာမက အော်ဟစ်လိုက်သော်လည်း ကလေးများက ယိုင်ထိုးနေသည်။ ထို့နောက် ကျောင်းသားတစ်ယောက် လှေကားပေါ်မှ နောက်ပြန်ကျလာသည်။


“ဘုတ်”


လှေကားရင်းကို ထပ်ကျပြန်သည်။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် အောက်သို့ကျလာကြသည်။ ကျောင်းသူလေးတစ်ယောက်က လှေကားလက်ရမ်းကို ကိုင်ပြီးတော့ အော်ဟစ်နေသည်။


“ဆရာမရေ ကယ်ကြပါဦးရှင့်”


လှေကားလက်ရမ်းကို ကိုင်ထားပြီး ခြေထောက်တွေက ပြေးနေသလိုလုပ်နေသည်။ သို့သော် ထိုလှေကားထစ်မှ မတက်။ မကြာခင် ပြုတ်ကျတော့မည်ဖြစ်သည်။


“ဟဲ့ ဆက်ပြေးမနေနဲ့ ရပ်လိုက်၊ အဲ့ဒီအတိုင်းရပ်နေ”


ဆရာမဒေါ်ဝင်းက လှေကားကို ပြေးတက်လိုက်သည်။ ငါးထစ်ခန့်အရောက်တွင် သူ့ခေါင်းတွေေ၀ဝါးလာသည်။ လှေကားကြီးက ချာလပတ် လည်နေသည်။ အလွန်ထူးဆန်းသွားသည်။


“ဘာလဲဟ ဒီလှေကားက”


ထိုသို့တွေးလိုက်ပြီး လှေကားပေါ်တွင် အော်နေသော ကျောင်းသူလေးဆီပြေးသွားလိုက်သည်။ ကျောင်းသူလေးဆီအရောက် သူနင်းထားသည့် လှေကားပြားကြီးက ပြုတ်ကျသွားပြီးအောက်တွင် တွင်းနက်ကြီးကို မြင်လိုက်ရသည်။ ဆရာမဒေါ်ဝင်းလဲ အလွန်ထိတ်လန့်သွားပြီး လှေကားလက်ရမ်းကို ဖမ်းဆုပ်လိုက်သည်။


“ငါ့ကိုလဲ ကယ်ကြပါဦးဟဲ့”


ကျောင်းထဲ ဆူညံ ဆူညံဖြစ်နေသဖြင့် အခြားကျောင်းသားများနှင့် ဆရာများ ရောက်လာလေသည်။ သူတို့ကြည့်လိုက်သည့်အခါ ဆရာမဒေါ်ဝင်းနှင့် ကျောင်းသူလေးက လှေကားလက်ရမ်းကိုခိုပြီး အော်ဟစ်နေလေသည်။ အောက်တွင် ကျောင်းသားများက ဝိုင်းပြီးကြည့်နေကြသည်။ ထိုစဉ်ကျောင်းဆရာတစ်ယောက်က လှေကားကိုတက်ပြန်သည်။ သူလဲ ငါးထစ်အရောက်တွင် ပြန်ပြီးပြုတ်ကျလေသည်။


ကျောင်းတွင် ဆူညံနေပြီဖြစ်သည်။ ထိုအခါ ကျောင်းအုပ်ကြီးက ပြေးလာသည်။ လှေကားပေါ်တွင် ကျောင်းသားတစ်ချို့က ခဲရာခဲဆစ်ကုတ်တက်နေကြပြီး တစ်ချို့ကတော့ လှေကားအောက်တွင် လဲကျနေကြသည်။ လှေကားကတော့ ပုံမှန်အတိုင်း ဘာမှမဖြစ်။ ကျောင်းအုပ်ကြီးက ကြိမ်လုံးနှင့် နံရံကိုရိုက်လိုက်သည်။


“ဖြန်း . . . ဖြန်း. . . . ဖြန်း"”


"”ဘာဖြစ်နေကြတာလဲ"”


ကျောင်းအုပ်ကြီးအော်လိုက်တော့မှ လှေကားထစ်တွေက ပြန်ပြီးငြိမ်သွားလေသည်။ ဆရာမဒေါ်ဝင်းလဲ အမြန်လှေကားပေါ်မှ ပြေးဆင်းလိုက်သည်။ ကြောက်ရွံ့သဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။


“ဘာတွေဖြစ်နေကြတာလဲ ဆရာမ”


“လှေကားကြီးက တစ်ခုခုပဲ ဆရာမကြီးရဲ့”


ဆရာမဒေါ်ဝင်းလဲ ပြောကာ ငိုယိုနေတော့သည်။ ဆရာမဒေါ်ဝင်းလဲ ထိုလှေကားကို မတက်ဘူးသေးပေ။ ဆောက်လုပ်ပြီးစီးကတည်းက ကျောင်းကြီးကို သော့ခတ်ထားခြင်းဖြစ်သည်။ ဒီနေ့ကလဲ ပထမဆုံးကျောင်းဖွင့်သည့်နေ့ မဟုတ်ပါလား။


“ကျောင်းသားတွေ ဒီလှေကားက မတက်ကြနဲ့၊ တစ်ခြားလှေကားက တက်ကြ”


ဆရာမကြီးရဲ့ အမိန့်ကြောင့် လှေကားကိုအသုံးမပြူတော့။ ဒါတောင် မသိသည့် ကျောင်းသားအချို့က လှေကားကိုတက်ရင် ပြုတ်ကျမြဲဖြစ်သည်။ အပေါ်ထပ်တွင် တက်သည့်ကျောင်းသားများ မကျဖူးသည့် သူမရှိသလောက်ဖြစ်သည်။


“ဆရာမရေ စဉ်းတော့စဉ်းစားစရာပဲ”


မြန်မာစာ ဆရာက ဆိုသည်။ ထို့နောက် ကျောင်းအုပ်ကြီးနှင် ပူးပေါင်းပြီး ကျောင်းတွင်း ပရိတ်ရွတ်သည်၊ ကမ္မဝါစာဖတ်သည်။ သို့သော်လှေကားကလဲ ကျမြဲကျနေဆဲဖြစ်သည်။


အထက်လမ်းဆရာများ လဲစုံနေပြီဖြစ်သည်။ ယုတ်စွအဆုံး နတ်ကတော်များပင် ခေါ်ပြီး လုပ်ကြည့်ကြသေးသည်။ ဘယ်လိုမှ လုပ်လို့မရ။ နောက်တော့ ရှောင်ကြဉ်ဖို့လုပ်ကြသည်။ ကျောင်းတွင်း  ကလေးများအားလုံး ထိုလှေကားမှ မတက်ရန် မှာကြားပြီး လှေကားအရင်းတွင် သစ်သားချောင်းများဖြင့် ကန့်လန့်ဖြတ်ရိုက်ပြီး လှေကားကြီးကို ပိတ်ထားလိုက်ကြသည်။


 “ထူးတာတော့ ထူးတယ်နော် ဆရာမရေ၊ သရဲတွေ ဘာတွေများကပ်နေသလား”


“နည်းတော့ စုံနေပြီဆရာမရဲ့၊ လှေကားက ဘယ်လိုလုပ်လုပ်မရဘူး”


“ခုဆို လှေကားနားသွားရင်ကို ကြက်သီးတွေ ထနေတာ”


ထမင်းစားနေသည့် ဆရာမတစ်ယောက်က ဝင်ပြီးထောက်ခံလေသည်။ ဆရာမသင်းသင်းလဲ ဆုံးဖြတ်လိုက်သည်။ နောက်ထိုလှေကားမှ ဘယ်တော့မှ မတက်ဖို့။


“ဒါနဲ့ လှေကားကို သစ်သားတွေနဲ့ ကန့်လန့်ရိုက်ထားတယ်လဲ ပြောသေးတယ်။ ခုကျတော့ ဘာမှ ပိတ်မထားပါလား”


ဆရာမဒေါ်ဝင်းက အသက်ကြီးပြီမို့ ထမင်းကိုအေးဆေးစားနေသည်။ နောက် တစ်နှစ် ၊ နှစ်နှစ်ဆို သက်ပြည့်ပင်စင်ရတော့မည်ဖြစ်သည်။ ထိုအခါ ထမင်းဘူးကို သိမ်းနေသော ဆရာမက ချောင်းဟန့်လိုက်သည်။ ထိုဆရာမမှာ သူ့ကိုလှေကားမတက်ရန် လာပြောသည့် ဆရာမဖြစ်သည်။ ဆရာမလဲ့လဲ့ ဟု ခေါ်သည်။


“ဒီလို ဆရာမရဲ့”


(၅)


ဆရာမလဲ့လဲ့က ၁၉၉၅ တွင် စတင်တာဝန်ထမ်းဆောင်သည်။ တာဝန်ထမ်းဆောင်စဉ်က ထိုလှေကားကြီးမှာ ပိတ်ထားသည်။ ယခင်ကျောင်းအုပ်ဆရာမကြီးမှာ အငြိမ်းစားယူသွားပြီး ကျောင်းအုပ်ဆရာကြီးတစ်ယောက် ပြောင်းလာလေသည်။ ကျောင်းတွင်လဲ ဆရာ၊ ဆရာမ ၂၀ ခန့်ရှိလာပြီဖြစ်သည်။ ဆရာကြီးမှာ ခေတ်ပညာတတ်ဖြစ်ပြီး သရဲတို့ တစ္ဆေတို့ အယုံအကြည်မရှိပေ။ ဆရာကြီးက မြို့ထဲတွင် အိမ်တစ်လုံးငှားပြီးနေထိုင်သည်။ ကျောင်းကိုတက်တော့ ကျောင်းက ဆရာများက ဆရာကြီးကို ကြိုဆိုကြသည်။


ဆရာကြီးက ကျောင်းဆောင်ထဲဝင်လိုက်တော့ သစ်သားတန်းများဖြင့် ပိတ်ရိုက်ထားသည့် လှေကားကိုတွေ့သည်။ ဆရာကြီးက မေးစေ့ကို ပွတ်လိုက်ပြီး စိတ်အလိုမကျသည့်ပုံဖြင့် ထိုလှေကားကို ကြည့်လိုက်လေသည်။


“ဘာလဲ ဒီလှေကားကြီးက ပျက်နေတာလား”


ဆရာ၊ ဆရာမများ ဆွံ့အကုန်သည်။ ဆရာမ ဒေါ်ဝင်းက အသက်အကြီးဆုံးဖြစ်သည်။ ဆရာမက ပြုံးပြုံးလေးနှင့် ပြောလိုက်သည်။


“ဒီလှေကားက သုံးလို့မရတဲ့ အကြောင်းအရင်းတစ်ခုရှိလို့ ပိတ်ထားတာပါ”


ဆရာကြီးက ခေါင်းခါလိုက်သည်။


“ဘာလဲ ခင်ဗျားတို့တွေက ကလေးတွေ လှေကားကို အသုံးပြုရင် လှေကားပျက်စီးမှာ မို့လို့ ပိတ်ထားကြတာလား”


ဆရာတွေအားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကုန်ကြသည်။


“မဟုတ်ပါဘူးရှင်၊ ဒီ . . . ဒီလှေကားမှာ နာနာဘာဝတွေ၊ မကောင်းဆိုးဝါးတွေ ရှိနေလို့ပါ”


“ဖီ”


ဆရာကြီးက ထိုသို့ပြောလိုက်သည်။ အလွန်လဲ ဒေါသထွက်သွားသည်။


“ခင်ဗျားတို့ဗျာ၊ ဘိုးတော်ဘုရားလက်ထက်မှာ နေနေကြတာလား၊ အဓိပ္ပါယ်မရှိတာတွေ”


ဆရာတွေ၊ ဆရာမတွေ အကုန်မျက်နှာငယ်ကလေးတွေနှင့် ဖြစ်ကုန်ကြသည်။ ဆရာကြီးက မေးစေ့ကို ပွတ်နေရင်း။


“ဒါ့ကြောင့်ပြောတာ တောသူတောင်သားတွေဆိုတာ မဟုတ်တဲ့ ရှေးရိုးစွဲတွေ စွဲလန်းနေကြတုန်းပဲ”


ဆရာကြီးက ထိုသို့ပြောရင်း မြန်မာစာ ဆရာနားကို ကပ်သွားသည်။


“ကဲ ဆရာရေ၊ ဒီနေ့က စပြီးတော့ ဒီလှေကားက အကာအရံတွေဖြူတ်လိုက်၊ ဒီခေတ်က သိပ္ပံခေတ်ဗျ၊ ရှေးရိုးသိတ်မစွဲနဲ့၊ ဥပါဒ်ဒါန်ကြောင့် ဥပါဒ်ရောက်တတ်တယ်”


ဆရာကြီးက ထိုသို့ပြောဆိုကာ ရုံးခန်းဆီသို့ လျှောက်သွားတော့သည်။ ထိုနေ့တွင်ပင် ထိုအကာအရံများကို ဖျက်ဆီးလိုက်ကြသည်။


“ဒီဆရာကြီးက တော်တော်ခေါင်းမာတဲ့သူပဲနော်၊ သူကော အဲဒီလှေကားကို မသုံးဘူးလား”


ဆရာမ သင်းသင်းက အားမလိုအားမရနှင့် ဝင်ပြောသည်။ ဆရာမလဲ့လဲ့ကတော့ ချည်သားလက်သုတ်ပုဝါတစ်ထည်ကို သုတ်ရင်း စကားပြန်ဆက်သည်။


“ဆရာကြီးရုံးခန်းက ကျောင်းဆောင်ကြီးရဲ့ ခေါင်းရင်းဘက်အကျဆုံးအခန်းပဲ၊ အဲဒီအခန်းဘေးမှာ လှေကားရှိတယ်။ သူက လှေကားတက်ချင်ရင် အဲဒီအစွန်က လှေကားကို အသုံးပြုတာများတယ်”

“သူကျတော့ အဲဒီလှေကားက မတက်ဘူးပေါ့”


“တစ်ရက်တော့ သူအဲဒီလှေကားကနေ တက်မိတယ်”


“ဟုတ်လား ဘာဆက်ဖြစ်သွားလဲ”


ဆရာမ လဲ့လဲ့က ဓါတ်ဘူးကိုဖွင့်လိုက်ပြီး ရေနွေးကြမ်းများကို ခွက်ကလေးတစ်ခွက်ထဲ ထည့်နေလေသည်။


“ဖြစ်တာပေါ့”


ကျောင်းအုပ်ဆရာကြီးမှာ နေ့စဉ် ရုံးလုပ်ငန်းများ ကျောင်းလုပ်ငန်းများ၊ စာရင်းဇယားများပြုလုပ်ပြီးပါက ကျောင်းကိုပတ်ကာ အခန်းတွေကို လိုက်ပြီးစစ်ဆေးလေသည်။ များသောအားဖြင့် အခန်းထဲမဝင်ဘဲ အခန်းအပြင် ကော်ရစ်တာ လျှောက်လမ်းမှ ဖြည်းဖြည်းချင်းလမ်းလျှောက်ရင်း ဆရာ၊ ဆရာမများ၏ သင်ပြပုံများနှင့် ကျောင်းသားများ၏ အခြေအနေများကို အကဲခတ်တတ်သည်။ ဆရာ၊ ဆရာမတစ်ယောက် ထိုင်ခုံတွင် ထိုင်နေခြင်း၊ ကျောင်းသားများ ဆူညံနေခြင်းကို တွေ့ပါက ဆရာများအဆူခံရလေ့ရှိသည်။


ဆရာကြီးက သူ့ရုံးခန်းမှ ထွက်ကာ သူ့ရုံးခန်းဘေး လှေကားမှ အပေါ်တက်သွားပြီး အပေါ်ထပ်တစ်ထပ်လုံးကို လမ်းလျှောက်ရင်း ကြည့်လေသည်။ ထို့နောက် ကျောင်းဆောင်ဆုံးသောအခါ ကျောင်းအဆုံးရှိ လှေကားမှ ပြန်ဆင်းပြီး အောက်ထပ်ကို ပတ်လေသည်။ ထို့နောက် ရုံးခန်းကို ပြန်ဝင်သည်။ ထို့ကြောင့် အလယ်လှေကားကြီးကို ဆရာကြီးက ကျောင်းရောက်ပြီး သုံးလခန့်ရှိသည့်တိုင် ထိုလှေကားကို မသုံးဖြစ်သေးပေ။ သို့သော် တစ်ရက်တော့ ထိုလှေကားကို အသုံးပြုရန် အကြောင်းဖန်လာလေသည်။


ဆရာကြီးက ကျောင်းကိုပတ်သည့်အခါ လက်ကိုနောက်ပစ်ထားပြီး ထိုလက်တွင်လဲ ကြိမ်လုံးကြီးတစ်လုံးကို ကိုင်ထားလေ့ရှိသည်။ လမ်းလျှောက်ရင်း အချိုးမပြေသည့် ကျောင်းသားများ တွေ့ပါက ကြိမ်လုံဖြင့်ဆွဲရိုက်ပြီး ဆုံးမတတ်သည်။ ထိုအတန်းတွင် သင်နေသည့် ဆရာတော့ အဆူခံရပြီဖြစ်သည်။


တစ်ရက် ကျောင်းကိုပတ်ရင်း အပေါ်ထပ်သို့အရောက် လှေကားကြီးနားကနေ ဖြတ်သွားလေသည်။ ထိုစဉ် လေအေးတစ်ချက်က ဝေ့တိုက်လာသည်။ ဆရာကြီးလက်ထဲတွင် ကိုင်ထားသည့် ကြိမ်လုံးကြီးသည် လူတစ်ယောက် ဆွဲပြီးလွှင့်ပစ်လိုက်သလို၊ လှေကားကိုကျသွားပြီး အလယ်လှေကားခွင်တွင် ကျနေလေသည်။ ဆရာကြီးလဲ ထူးဆန်းသွားသည်။ ထို့နောက် လှေကားကို ဆင်းလိုက်သည်။


ဆင်းလာရင်း ပတ်ဝန်းကျင်မှာ မှောင်မဲသွားသည်။ မိုးတွင်းမို့ မိုးသားတိမ်တိုက်များရှိနေသော်လည်း ညအခါလို မှောင်မဲသွားသည်။ ဆရာကြီးက ဆက်ဆင်းရင်း သူ့ခြေထောက်အောာက်က လှေကားထစ်တွေက ရုတ်တရက်ပျောက်ကွက်သွားပြီး လှေကားမှာ ဆင်ခြေလျှောကြီးဖြစ်သွားသည်။


“အား . . . ဝုန်း”


ဆရာကြီးမှာ တရွတ်တိုက်ကြီးကျသွားပြီး လှေကားခွင်တွင် လဲကျသွားသည်။ ပုဆိုးလဲ ပြေသွားသည်။ ခြေထောက်နှင့် ပေါင်များ တော်တော်အောင့်သွားလေသည်။ ဆရာကြီးက တော်တော်နှင့် မထနိုင်။ ထိုစဉ် လှေကားတွင် အရိပ်ကြီးတစ်ခုပေါ်လာသဖြင့် မော့ကြည့်လိုက်လေသည်။


“ဟာ ဘာ . ..  ဘာကြီးလဲ”


ထိုအရိပ်ကြီးက တဖြည်းဖြည်း လူအသွင်ဖြစ်သွားသည်။ ရှေးဟောင်း နန်းဝတ်နန်းစားများကိုဝတ်ဆင်ထားပြီးတော့ ယောက်ျားပျိုတစ်ဦးဖြစ်သည်။ ဆရာကြီးလဲ ခေါင်းမွှေးတွေထောင်ထလာသည်။ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်တွေအကုန် ထောင်ထလာသည်။ သူမြင်နေရသည့်သူမျာ ဘယ်နည်းနဲ့မှ သာမန်လူတစ်ယောက်မဖြစ်နိုင်ပေ။


ပုဆိုးမှာ ရွှေရောင်ဖြစ်ပြီး ခါးတွင် ရွှေချည်ထိုးထားသည့် အတွန့်အလိပ်များကို တွဲပြီးဝတ်ဆင်ထားသည်။ လက်ကောက်ဝတ်တွင်လဲ ရွှေရောင် လက်စည်းများနှင့် လည်ပင်းတွင် ဗာကွပ်နားက ရွှေရောင်လက်နေပြီး တချွန်ခန်နှင့်ဖြစ်သည်။ ခေါင်းပေါ်တွင်တော့ ခေါင်းပေါင်းတစ်ခုကိုပေါင်းထားပြီး နဖူးတွင် အလွန်ဝင်းလက်နေသည့် အနီရောင် ကျောက်တစ်လုံးလဲရှိသည်။


ဆရာကြီးဆီကို တစ်လှမ်းချင်းလျှောက်လာနေပြီး ခြေထောက်တွင်လဲ အနားကော့နေသည့် ရွှေဖိနပ်ကိုစီးထားသည်။ ထို့နောက် ဆရာကြီးကို ဂုတ်ကနေ ဆွဲယူလိုက်ပြီး လှေကားခွင်မှနေ၍ အောက်သို့ ပစ်ချလိုက်တော့သည်။


“ဘုန်း. . . . ဒုန်း”


ဆရာကြီးလဲ လှေကားမှ ဂျွမ်းပြစ်ပြီးေ အာက်သို့ကျလာသည်။ အောက်တွင် ဆရာများနှင့် ကျောင်းသားများက ဝိုင်းကြည့်နေကြသည်။ ရာသီဥတုက မိုးအုံ့နေသော်လည်း ခုနကလောက်တော့ မမှောင်တော့။ ကျောင်းသားတွေ အကုန်လုံးက သူ့ကိုဝိုင်းကြည့်နေသည်။ ဆရာကြီးလဲ ပုဆိုးမပါ ဘောင်းဘီတိုလေးနှင့် ခွေခွေလေးကျနေသည်။ သူ့ခြေထောက်တွေက ထလို့မရတော့။ ဆရာတွေက ဆွဲထူပြီး ဆေးရုံပို့ကြသည်။ ဆရာကြီးက ခြေထောက်တစ်ချောင်းကျိုးသွားသည်။


ဆေးရုံတက်နေတော့ ဆရာကြီးကို စားစရာများပို့ကြသည်။ ဆရာများက ဆေးရုံစောင့်ပေးသည်။ ဆရာကြီးသည် ထိုသို့ဖြစ်ပြီး သုံးလေးရက် ကြာသည်အထိ စကားမပြောနိုင်၊ ငူငူငိုင်ငိုင်ကြီးဖြစ်နေသည်။ တစ်ညတော့မှ ဆေးရုံစောင့်နေသည့် မြန်မာစာဆရာကို စကားပြောလေသည်။


“မင်း . . . မင်းတို့ ပြောတာကို ငါမယုံကြည်ခဲ့ဘူးကွာ၊ တကယ်ကိုယ်တွေ့ကြုံမှ ယုံလိုက်ရတယ်။ အဲ . . . အဲဒီလှေကားကြီးကို ဘယ်သူမှ မတက်နိုင်အောင်လို့ ပြန် . . . ပြန်ပိတ်ထားကြပါကွာ"”


ဆရာကြီးက ထိုသို့ပြောနေစဉ်ပင် အဖျားတွေတက်နေဆဲဖြစ်သည်။ ဆရာကြီးပြောပြီးသည့် နောက်နေ့တော့ လှေကားကို ပြန်ပိတ်ထားလိုက်သည်။ ဆရာကြီးလဲ နေကောင်းသွားသောအခါ ကျောင်းပြန်တက်သည်။ သို့သော် မပျော်တော့။ ထို့ကြောင့် ဆရာကြီးက ပြောင်းရွှေ့ခွင့်တင်လေသည်။ ဆရာကြီးက အချိတ်အဆက်၊ အဆက်အသွယ်ကောင်းသည်မို့ ထိုစာသင်နှစ်ပင်မကုန်လိုက် ဆရာကြီးက နယ်တစ်ခုကို ပြောင်းရွှေ့သွားလေသည်။


“အမယ်လေး ဆရာကြီးမို့လို့သာပေါ့။ သင်းသင်းဆို ရူးသွားမလားပဲ”


“ဒါကြောင့်ပြောတာ သင်းသင်းရဲ့ အဲဒီလှေကားကို မတက်နဲ့လို့”


“ဒါနဲ့လေ လှေကားက ပြန်ပိတ်ထားလိုက်တယ်မဟုတ်လား”


သင်းသင်းမေးလိုက်သည်ကို ဆရာမလဲ့လဲ့က ပြန်ဖြေမည်ပြုသော်လည်း ကျောင်းတက် သံချောင်းခေါက်သံက ဆူညံစွာလွင့်ပျံလာသည်။ ဆရာမသင်းသင်းလဲ စားလက်စ ထမင်းဘူးကို ပိတ်လိုက်ကာ စာသင်ရန် ထွက်ခဲ့သည်။ ၈ တန်းကို သင်ရမည်မို့ အပေါ်ထပ်ကို တက်ရဦးမည်။


အခန်းအပြင်ထွက်လိုက်တော့ ကျောင်းသားလေးများက အပြေးအလွှားပြေးဝင်လာကြသည်။ သို့သော် သူတို့သည် လှေကားမကြီးကို မတက်ဘဲ ကျောင်းဘေးရှိလှေကားကိုသာ ပြေးပြီးလုတက်ကြသည်။ ဆရာမသင်းသင်းက လှေကားကြီးကို တစ်ချက်ကြည့်လိုက်သည်။ ကြည့်နေရင်း ကြက်သီးတွေထလာကာ၊ သူ့ကိုတစ်စုံတစ်ယောက် ကြည့်နေသလိုမျိုး ခံစားလိုက်ရသည်။ ထို့ကြောင့် ထိုနေရာမှ အလျှင်အမြန်ထွက်လာပြီး ကျောင်းဘေးလှေကားသို့ ပြေးခဲ့တော့သည်။


(၆)


ကျောင်းဆင်းပြီ။ ကျောင်းသားများပြန်သွားကြသော်လည်း ဆရာမနားနေခန်းထဲတွင် ဆရာမများက ပြန်ဖို့ပြင်ဆင်နေကြဆဲဖြစ်သည်။ မိုးက တစ်ဖြိုက်ရွာထားသည်မို့ ရေတွေအိုင်နေပြီး ရာသီဥတုက အုံ့ဆိုင်းနေသည်။


“ဆရာမက တစ်ယောက်ထဲနေတာလား”


ဆရာမ လဲ့လဲ့ကမေးလိုက်သည်။ သင်းသင်းက ခေါင်းခါပြလိုက်သည်။


“တစ်ယောက်ထဲတော့ မဟုတ်ဘူး၊ အမေနဲ့နေတာပါ။ ဒီမှာ အခြေသိပ်မကျသေးလို့ အမေ့ကို မခေါ်သေးတာပါ၊ ရှေ့တစ်ပတ်လောက်ဆို အမေရောက်မယ်”


ဆရာမလဲ့လဲ့က ခေါင်းကိုညိတ်လိုက်သည်။


“ကျောင်းထဲမှာပဲ နေတာဆိုတော့ စိတ်ချရပါတယ်။ ကျောင်းစောင့်ကြီးကတော့ ကျောင်းရဲ့ ဟိုးအစွန်ဖက်မှာ အိမ်ကလေးနဲ့ နေတယ်၊ သူကလဲ လူရိုးလူအေးပါ၊ ဒီမှာနေတာလဲ ဆယ်နှစ်ကျော်ပြီ”


ဆရာမသင်းသင်းက ခေါင်းညိတ်လိုက်သည်။ သူဒီကိုမရောက်ခင် အရင်ကတည်းက တာဝန်ကျရာသွားခဲ့သည်မို့ တော်ရုံတန်ရုံတော့ မကြောက်တတ်။ စားသတိ၊ အိပ်သတိ အမြဲထားရသည်။


ကျောင်းစောင့်ကြီးက အသက် ၅၀ ကျော်အဖိုးကြီးဖြစ်သည်။ အိုမင်းသည်ထက် ပိုပြီးအိုမင်းနေသည်။ ခေါင်းက ပြောင်နေအောင်တုံးထားပြီး မုတ်ဆိတ်မွှေးကျိုးတို့ကျဲတဲမှာ ဖြူဆွတ်နေသည်။ ဆရာမတွေ ပြန်သွားပြီးတော့ ကျောင်းစောင့်ကြီးက အခန်းတွေကို တံခါးတွေ ပိတ်မပိတ်လိုက်စစ်ဆေးနေသည်။ ထို့နောက် ကျောင်းအဆောင်တံခါးနှင့် ကျောင်းအခန်းတံခါးများကို ပိတ်ပြီး သော့ခတ်လိုက်လေသည်။


ဆရာမသင်းသင်းက သူ့အိမ်ကလေးထဲဝင်လိုက်သည်။ သစ်အစိုနံ့များက သင်းပျံ့နေသည်။ အိမ်ကလေးမှနေ၍ ကျောင်းဆောင်ကြီးသုံးဆောင်ကို မြင်နေရသည်။ ယခင်က ကျောင်းဆောင်ငယ်ကလေးမှာ ဖျက်လိုက်ပြီဖြစ်သည်။ သူ့အိမ်ကလေး၏ နောက်တွင် တာလပတ်ဖြင့်ကာရံထားပြီး တိုင်ကီနှစ်လုံးနှင့် ကျောက်ပြားတစ်ခုချထားသည်။ အိမ်ကလေးထဲတွင်လဲ ချက်ပြုတ်စားနိုင်အောင် လျှပ်စစ်မီးတွေဆင်ထားပြီးတော့ လူသုံးကုန်ပစ္စည်းတွေကိုလဲ စီစဉ်ပေးထားသည့် ရွာခံများ၏ စေတနာကို မြင်ရလေသည်။


ညနေစောင်းနေပြီမို့ ရာသီဥတုက ပိုမှောင်လာသည်။ ဆရာမသင်းသင်းလဲ ရေချိုးရန်ပြင်ဆင်လိုက်သည်။ သို့သော် တိုင်ကီတွေက ရေနည်းနေပြီဖြစ်သည်။ ဆရာမသင်းသင်းလဲ ရေခပ်ဖို့ကြံရသည်။ ရေဆွဲပုံးကြီးတစ်လုံး အိမ်ထဲမှာရှိပြီး ရေကလည်း ကျောင်းဆောင်ကြီး အနောက်ဖက်တွင် အုတ်ကန်နှင့် ရေစက်ကြီးရှိသည်။ အုတ်ကန်ကြီးကို အဖုံးဖုံးထားပြီး ရေတွေကိုတော့ ဘုံပိုင်ခေါင်းနှင့် ဖွင့်ပြီးချရလေသည်။


ပုံးက တစ်ပုံးထဲရှိသည်မို့ တိုင်ကီကိုရေဖြည့်ရတာ ခရီးသိပ်မတွင်။ ဘုံပိုင်ခေါင်းမို့လို့လဲ ရေက အကျနှေးသည်။ သင်းသင်းက ရေတွေခံနေရင်း ကျောင်းဆောင်ကြီးကို ကြည့်လိုက်သည်။ မှောင်မှောင်မဲမဲကြီးနှင့် ကျောင်းဆောင်ကြီးတွေက တိတ်ဆိတ်နေသဖြင့် ချောက်ချားစရာဖြစ်နေသည်။ ထိုရေအုတ်ကန်မှ လှမ်းကြည့်လျှင် ဟိုးကျောင်းအစွန်တွင် ကျောင်းစောင့်ကြီး၏ သစ်သားအိမ်ကလေးကို မြင်နေရသည်။ ဆရာမသင်းသင်းလဲ အားတက်သွားသည်။ ကျောင်းထဲတွင် သူတစ်ယောက်ထဲရှိသည်မဟုတ်။


ရေချိုးပြီးတော့ ညနေ ၆ နာရီကျော်နေပြီဖြစ်သည်။ ကျောင်းဆောင်ကြီးနှင့် ကျောင်းအရှေ့ဖက်တွင် မီးချောင်းတွေ ထိန်လင်းလာလေသည်။ ထိုနည်းတူ သူ့အိမ်ကလေးထဲတွင်လဲ မီးတွေလင်းလာပြီဖြစ်သည်။ မနက်က ချက်ထားသည့် ဟင်းတွေက မသိုးသေးသဖြင့် ထမင်းအိုးတစ်လုံးတည်လိုက်သည်။ ထိုစဉ်က ပေါင်းအိုးများ ခေတ်မစားသေး၊ HOT PLATE ခေါ် လျှပ်စစ်မီးဖိုဖြင့် ချက်ပြုတ်ရသည်။


ထမင်းစားပြီးတော့ ၇ နာရီကျော်နေပြီဖြစ်သည်။ ကျောင်းဝင်းတစ်ခုလုံးက တိတ်ဆိတ်နေပြီးတော့ ပိုးကောင်လေးများ၏ အော်သံများ၊ ဖားအော်သံများသာ ကြားနေရသည်။ ထိုစဉ် အိမ်သာတက်ချင်လာသည်။ အိမ်သာမှာ ကျောင်းဆောင်ကြီးနှင့် အတော်ဝေးသည်။ သင်းသင်း၏ အိမ်နှင့် ပို၍တောင် လှမ်းလေသည်။ သာမန်အပေ့ါသွားယုံဆို အိမ်နောက်ဖက် ရေချိုးခန်းမှာ ဖြေရှင်းလို့ရပေမယ့် အခုတော့ အလေးဖြစ်သည်မို့ အိမ်သာသွားမှ သင့်တော်ပေမည်။


ထို့ကြောင့် သုံးတောင့်ထိုး ဓါတ်မီးကို ယူခဲ့ပြီး လိုလိုမယ်မယ်ရေတစ်ပုံးကိုလဲ ခပ်လာခဲ့သည်။ ကျောင်းဆောင်မှာ အရှေ့ဖက် ဝရန်တာများတွင် မီးထွန်းထားသည်မို့ ကျောင်းဆောင်နောက်ဖက်တွင် မှောင်မဲနေသည်။ ဆရာမသင်းသင်းလဲ ကြောက်ကြောက်ဖြင့် အိမ်သာဆီအပြေးလှမ်းလာခဲ့သည်။ အိမ်သာက ယောက်ျားလေးအိမ်သာနှင့် မိန်းကလေးအိမ်သာဆိုပြီး နှစ်ခုကို ဆောက်ထားလေသည်။ အိမ်သာတစ်ခုတွင် လေးခန်းရှိပြီး ယောက်ျားလေးအိမ်သာနှင့် မိန်းကလေးအိမ်သာမှာ အနည်းငယ်လှမ်းပြီး အုတ်တံတိုင်းအမြင့်ကြီးတစ်ခုဖြင့် ကာထားလေသည်။ အိမ်သာလေးခန်းတွင် အစွန်ဆုံးအိမ်သာမှာ ဆရာမအိမ်သာဖြစ်ပြီး သော့ခတ်ထားလေသည်။


“ဟယ် ဒုက္ခပဲ သော့မေ့လာခဲ့ပြီ”


အိမ်သို့ပြေးဖို့ကလဲ သိပ်ပြီးမလွယ်တော့။ ကိစ္စက နီးနေပြီဖြစ်သည်။ ထို့ကြောင့် ထိုအိမ်သာနှင့် မလှမ်းမကမ်းရှိ ကျောင်းစောင့်ကြီး၏ အိမ်သို့ကြည့်လိုက်သည်။ ကျောင်းစောင့်ကြီး၏ အိမ်တွင် မီးလင်းနေလေသည်။ ထို့ကြောင့် ကျောင်းစောင့်ကြီး၏ အိမ်သို့ အမြန်ပြေးထွက်လာခဲ့သည်။ အိမ်တံခါးမှာ ဖွင့်ထားပြီး အထဲတွင် ကျောင်းစောင့်ကြီးက ကုလားထိုင်တစ်လုံးဖြင့် စာဖတ်နေသည်။


“ဦးရေ ဆရာမ အိမ်သာသော့လေးများရှိသလား၊ ရှိရင် ခဏပေးပါ”


ကျောင်းစောင့်ကြီးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ထသွားကာ နံရံရှိ သံတွင်ချိတ်ထားသည့် သော့တွဲတစ်ခုကိုဖြုတ်ပြီး သော့တစ်ချောင်းကို ကိုင်ပြလိုက်သည်။


“ဆရာမ အိမ်သာတက်မလို့လား၊ ကျွန်တော်လဲ လိုက်ခဲ့မယ်လေ”


“ရှင်”


ဆရာမ သင်းသင်းက ရှင်တစ်လုံးသာ ပြောနိုင်ပြီးတော့ ကိစ္စကလဲထွက်တော့မည်ဖြစ်သဖြင့် အိမ်သာသို့အမြန်လှည့်ပြေးခဲ့သည်။ အိမ်သာခန်းတွေက မှောင်မဲနေသော်လည်း ဓါတ်မီးအားကိုးဖြင့် တံခါးဖွင့်ပြီး အထဲမှ ချက်ကို သေချာချလိုက်လေသည်။ ထို့နောက် ကိစ္စရှင်းနေသည်။


“ဆရာမ အထဲမှာလား”


ယောက်ျားသံကို ကြားလိုက်ရသဖြင့် ခေါင်းထောင်ကြည့်မိသည်။ လူကလဲ တော်တော်လန့်နေပြီ။ ကျောင်းစောင့်ကြီးက သူ့အပေါ် ဘာတွေ ကြံစည်နေပြီလဲ၊ ခေါင်းတွေ ထူပူနေသည်။


“ဟုတ် . . . ဟုတ်ကဲ့”


သူက ပြန်ဖြေလိုက်သည်။ ကျောင်းစောင့်ကြီးက အိမ်သာရှေ့တွင် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေသည်။ သူဘာလုပ်ရမှန်းမသိတော့။ ကျောင်းစောင့်ကြီးက ဘယ်လောက်ပဲ အသက်ကြီးကြီး ယောကျားသားမဟုတ်ပါလား၊ အခုကျောင်းအတွင်းတွင်လဲ သူနှင့်ကျောင်းစောင့်ကြီးသာရှိသည်။ သူသာ ယုတ်မာပါက သင်းသင်းဘယ်လိုမှ ခုခံနိုင်မည်မဟုတ်ပါ။


တော်သေးသည်။ အိမ်သာတံခါးက ခိုင်ခန့်ပြီး လုံခြုံသောကြောင့်ဖြစ်သည်။ အိမ်သာထဲ တစ်ယောက်တည်း တွေးချင်ရာတွေးပြီး မိနစ် ၂၀ ခန့်ရှိလာပြီဖြစ်သည်။


“ဆရာမ အရမ်းကြာနေပြီနော်၊ ဆရာမ အဆင်ပြေရဲ့လား”


သူအလွန်တုန်လှုပ်သွားသည်။ သို့သော် စိတ်ကိုဒုန်းဒုန်းချလိုက်သည်။ တစ်ခုခုဆိုရင်လဲ အိမ်သာထဲကပြေးထွက်ပြီး ကျောင်းဝင်းထဲပြေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့နောက် ကိစ္စရှင်းလိုက်ပြီး အိမ်သာတံခါးကိုဖွင့်လိုက်သည်။ ထို့နောက် အိမ်သာထဲမှ ပြေးထွက်ပြီး သူ့အိမ်ကလေးဆီပြေးတော့သည်။


“ဆရာမ . . . သော့ပြန်ပေးဦးလေ”


အနောက်က ကျောင်းစောင့်ကြီးက အော်လိုက်သည်။ ထိုတော့မှ သင်းသင်းခြေထောက်တွေ ရပ်တန့်သွားသည်။ သူ့လက်ထဲက သော့တွဲကို ငုံ့ကြည့်လိုက်သည်။ ကျောင်းစောင့်ကြီးက သူ့ဆီလမ်းလျောက်လာသည်။


“ဆရာမ ဘာဖြစ်လို့လဲ”


“ဘာမှ . . . ဘာမှ မဖြစ်ပါဘူး”


“ကျွန်တော်က ဆရာမ သော့လာပြန်ပေးနေရမှာစိုးလို့ ဆရာမဆီက သော့ကိုလာစောင့်နေတာ၊ ဆရာမ အကြောင်းတစ်ခုခုရှိရင် ခေါ်လိုက်နော်”


ကျောင်းစောင့်ကြီးက ပြောလိုက်ပြီး သော့ယူကာ ပြန်သွာေးလသည်။ သင်းသင်းလဲ သက်ပြင်းချပြီး အိမ်ကလေးဆီ အပြေးပြန်လာခဲ့သည်။ အိမ်တံခါးနှင့် ပြတင်းပေါက်များကို သေချာပိတ်လိုက်သည်။ အိမ်သာရှေ့တွင် သူယူသွားသည့် ရေပုံးကြီးက ကျန်နေခဲ့သည်။


ထိုညတော့ ကောင်းကောင်းအိပ်မပျော်။ စိတ်ထဲခြောက်ချားနေမိသည်။ အိပ်ပြန်တော့လဲ အိပ်မက်ဆိုးများကြောင့် လန့်လန့်နိုးနေမိသည်။


(၇)


နောက်နေ့ ကျောင်းတက်တော့ ခေါင်းတွေကမူးချင်နေသည်။ နေ့လည်ထမင်းစားတော့ ဆရာမလဲ့လဲ့က မနေ့က စကားကိုပြန်စသည်။


“အဲဒီလှေကားကြီးကို သစ်သားတွေနဲ့ပိတ်ထားရာက ဖွင့်ဖို့ဖြစ်လာတဲ့အကြောင်းအရင်းကတော့ စစ်ဆေးရေးတွေလာတဲ့အချိန်ပဲ”


ထိုအဖြစ်အပျက်များဖြစ်ပွားပြီး နှစ်အနည်းငယ်အကြာတွင် ကျောင်းသို့စစ်ဆေးရေးများရောက်လာကြသည်။ ကျောင်းအုပ်ဆရာမကြီးအသစ်မှာလဲ လှေကားကိုအသုံးမပြုခိုင်းဘဲ ပိတ်ထားလေသည်။ ထို့ကြောင့် လှေကားမှာ ပိတ်လျှက်သားရှိနေသည်။


စစ်ဆေးရေးအဖွဲ့က ပညာရေးမှူးနှင့် အခြားပညာရေးဝန်ထမ်းများပါဝင်ကြသည်။ ကျောင်းတွင်း အခြေအနေအရပ်ရပ်ကို လာရောက်စစ်ဆေးကြခြင်းဖြစ်သည်။ စစ်ဆေးရေးအဖွဲ့ကျောင်းဆောင်အတွင်းဝင်လိုက်သည်နှင့်ေ လှကားကြီးကိုမြင်တော့ မျက်နှာများရှုံ့မဲ့သွားကြသည်။


ထိုနောက်ပိုင်းတွင်တော့ လှေကားမှ အရံအတားများကို ပြန်ဖြုတ်လိုက်ကြသည်။ အကြောင်းမှာ စစ်ဆေးရေးများက ကျောင်းအုပ်ကြီးကို အပြစ်တင်သွားသောကြောင့်ဖြစ်သည်။ လှေကားကြီးမှာ အရံအတားမရှိတော့သော်လည်း မည်သူမျှမတက်ဝံ့ကြ။ ကျောင်းစတက်သည့် ကျောင်းသားသစ်များနှင့် အချို့ကျောင်းသားလေးများသာ တက်မိကြပြီး ပြုတ်ကျလေ့ရှိသည်။


“ဒါကြောင့် ကျောင်းသားတွေ ဘယ်သူမှ မသုံးတာကိုးနော်”


ဆရာမ သင်းသင်းက ပြောလိုက်သည်။ ဆရာမ လဲ့လဲ့က ခေါင်းညိတ်လိုက်သည်။ ထိုနောက်ပိုင်းတွင် ကျောင်းဆောင်ကြီးမှ လှေကားကြီးကို ဆရာမသင်းသင်းလဲ အသုံးမပြုတော့ပါ။ လှေကားကြီးမှာ ဖုန်တွေတက်ပြီး ဟောင်းနွမ်း၍ နေလေသည်။


တစ်ပါတ်ခန့်ကြာတော့ ဆရာမသင်းသင်း၏ အမေ ရောက်လာပြီဖြစ်သည်။ အမေရောက်လာတော့ အားရှိသွားသည်။ ယခင်ကလဲ တာဝန်ကျရာဒေသသို့ သားအမိနှစ်ယောက် အတူတူနေထိုင်ကြခြင်းဖြစ်သည်။ ဖေဖေက ဆုံးသွားတာကြာပြီမို့ အမေတစ်ခု သမီးတစ်ခုနှင့် နေထိုင်ရသည်။ အခြားမွေးချင်းမောင်နှမများလဲ မရှိ။


အမေရောက်လာတော့ အမေနှင့်အတူနေထိုင်ကြသည်။ နေရေးထိုင်ရေးမှာ ပိုအဆင်ပြေသွားသည်။ အမေက ဘုရားတရားသမား၊ ညဘက်ဆို ည ၇နာရီတိုင်း ဘုရားရှိခိုး၊ မေတ္တာပို့နေကြဖြစ်သည်။ တစ်ရက်။ ထိုရက်က မိုးတွေက အလွန်သည်းနေသည်။ အိမ်ကလေးမှာ ပြတင်းပေါက်များကို အားလုံးကိုပိတ်ထားသည်။ အိမ်ရှေ့တံခါးမကြီးကိုလဲ စေ့ထားလေသည်။ အပြင်တွင် လေတွေမိုးတွေ သည်းနေပြီး မိုးကြိုးတွေကလဲ ပစ်နေသဖြင့် ဆူညံနေသည်။


အရေးထဲ မီးက ပျက်သွားလေသည်။ မိုးရွာလျှင် မီးပျက်စမြဲဖြစ်သည်။ ဆရာမသင်းသင်းက ဖယောင်းတိုင်တစ်တိုင်ဖြင့် စားပွဲပေါ်တွင် လပတ်စာမေးပွဲအတွက် မေးခွန်းထုတ်နေရသည်။ အမေကတော့ ဘုရားစင်တွင် ဆီမီးပူဇော်ကာ ထုံးစံအတိုင်း ဘုရားရှိခိုးနေလေသည်။


“အားလုံး ကြားကြသမျှ အမျှ . . . အမျှ . . . အမျှ. . . .ယူတော်မူကြပါကုန်သော်”


အမေက ထိုသို့ အမျှပေးလိုက်ပြီး ကြေးစည်ထုရန်အတွက် ကြေးစည်လေးနှင့် သစ်သားတင်းပုတ်ကလေးကို ကိုင်လိုက်သည်။ ထိုစဉ် စေ့ထားသော အိမ်ရှေ့တံခါးမကြီးမှာ ဝုန်းကနဲ ပွင့်သွားလေသည်။ အပြင်မှ လေတွေနှင့် မိုးစက်တွေချက်ခြင်းတိုးဝင်လာသည်။


“သာဓု . . . သာဓု . . . .သာဓု”


ထိုသို့ သာဓုခေါ်သံကြီး အကျယ်ကြီးကြားလိုက်ရသည်။ မိုးထဲရေထဲ မိုးသံ၊ လေသံနှင့်တောင် အိမ်အပြင်မှာ အသံကြီးကို အကျယ်ကြီးကြားရသဖြင့် ဆရာမသင်းသင်း တုန်လှုပ်သွားသည်။ ချက်ခြင်းထပြီး တံခါးမကြီးဆီပြေးသွားလိုက်ကာ တံခါးကို ပိတ်လိုက်သည်။ အမေကလဲ ကြေးစည်လေးကိုင်ကာ ကြောင်ပြီး ရပ်နေလေသည်။ ကြေးစည်တောင် မထုဖြစ်သေး။ အသံကြီးမှာ သြပြီး လေးနက်သည့် အသံကြီးဖြစ်သည်။


ယခုလို မိုးသည်းနေတဲ့အချိန်တွင် မည်သူက အိမ်ပြင်ကနေစောင့်ပြီး သာဓုခေါ်မည်နည်း။ သေချာပေါက်ကတော့ လူမဟုတ်။ နာနာဘာဝတွေသာ ဖြစ်ဖို့များလေသည်။ ထိုညက သားအမိနှစ်ယောက်လုံး အိမ်ပြင်မထွက်ရဲတော့။ အမေကတော့ အမျှအတန်းလိုချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်က သာဓုခေါ်ခြင်းဖြစ်မည်ဟု ကောက်ချက်ချသည်။ ဆရာမသင်းသင်းလဲ လှေကားမှ သရဲဖြစ်မည်ဟု ထင်သော်လည်း လှေကားကြီးမှာ ပြုတ်ကျမြဲ၊ ပြုတ်ကျနေဆဲဖြစ်သည်။


နောက်ပိုင်းတော့ ဆရာမသင်းသင်းလဲ မြို့ထဲတွင် အိမ်တစ်လုံးကို ဈေးသက်သာစွာဖြင့် ငှားရမ်းရလေသည်။ ထိုအချိန်တွင် ကျောင်းမှာဆက်မနေတော့ဘဲ သားအမိနှစ်ယောက် မြို့ထဲက အိမ်သို့ပြောင်းသွားကြသည်။


ရက်ကိုလစား၊ လကိုနှစ်စားဖြင့် အချိန်တွေကုန်ခဲ့သည်။ သုံးနှစ်ခန့်အကြာ ၂၀၀၄ ခုနှစ်တွင် ကျောင်းဆောင်အသစ်နှစ်ဆောင်ထပ်ဆောက်လုပ်သည်။ ယခင်ရှိနေကြ ကျောင်းဆောင်ကြီး၏ ဘယ်ညာတွင် ဆောက်လုပ်လိုက်ခြင်းဖြစ်သည်။ ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပြီးသည့်အခါ ယခင်ကျောင်းဆောင်ဟောင်းကြီးအပေါ်ထပ်ကို ကျောင်းသားများကို မထားတော့ဘဲ။ စာကြည့်တိုက်၊ လက်တွေ့သရုပ်ပြခန်းနှင့် မာတီမီဒီယာခန်းများ စသည့် သိပ်မသုံးဖြစ်သည့် အခန်းများအဖြစ် ထားလိုက်တော့သည်။ ကျောင်းဆောင်ကြီး၏ အောက်ထပ်တွင်တော့ ကျောင်းအုပ်ရုံးခန်းနှင့် ၅တန်းကျောင်းသားများကို ထားရှိပြီး။ လှေကားကြီးကိုတော့ သံပန်းတံခါးကြီးဖြင့် သော့ခတ်ထားလိုက်တော့သည်။


(၈)


၂၀၀၆ ခုနှစ်၊ ထိုနှစ်က မှတ်မှတ်ရရ ဆရာမသင်းသင်း ပြောင်းရွှေ့ရမည့်နှစ်ဖြစ်သည်။ ထိုစာသင်နှစ်ကုန်လျှင် မန္တလေးမြို့ပေါ်ရှိ ကျောင်းတစ်ကျောင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။ တစ်ရက်တော့ ဆရာမသင်းသင်းနှင့် ကျောင်းအုပ်ကြီးတို့သည် ဝါဆိုသင်္ကန်းကပ်ပွဲပြုလုပ်ရန်အတွက် မြို့ပေါ်ကျောင်းတိုက်တစ်တိုက်သို့ သွားပြီး ဆရာတော်များအား လျှောက်တင်ရလေသည်။ ဆရာတော်များအား ပင့်ဖိတ်ခဲ့ရလေသည်။


ဝါဆိုသင်္ကန်းကပ်သည့်နေ့တွင် ဆရာတော်များအား ကျောင်းဆောင်သစ်ကြီးတစ်ခု၏ အပေါ်ထပ်တွင်ပြုလုပ်ထားသော ဘုရားခန်းတွင် သင်္ကန်းကပ်သည်။ ထို့နောက် ဆရာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။ ထိုအခါတွင် ဆရာတော် ဦးကဝိ ဆိုသူသည် ကျောင်းတွင်းကို လှည့်ပတ်ကြည့်ရှုရာမှ လှေကားကြီးကို တွေ့သွားလေသည်။


“ဒကာမကြီး လှေကားကြီးက သော့ခတ်ထားတော့ အပေါ်ထပ်မှာ အဖိုးတန်ပစ္စည်းတွေများ ထားသလား”


ကျောင်းအုပ်ကြီးနှင့် ဆရာမများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။


“မဟုတ်ပါဘူးဘုရား၊ ဒီလှေကားကြီးမှာ နာနာဘာဝတွေ ကပ်နေပါတယ်။ ဘယ်သူတက်တက် ပြုတ်ကျလို့ သော့ခတ်ထားရခြင်းပါ”


ဦးကဝိက မျက်ခုံးပင့်လိုက်သည်။ ထို့နောက် လှေကားကို အနားကပ်သွားကြည့်သည်။


“ဘုန်းဘုန်း ဒီလှေကားပေါ်တက်ကြည့်ချင်တယ်”


ဆရာမများက မတက်စေချင်သော်လည်း ဆရာတော်၏ ဆန္ဒမို့ သော့ဖွင့်ပေးရသည်။


“ဆရာတော်ရယ်၊ ဒီလှေကားက အထက်လမ်းတွေရော၊ ပရိတ်ရွတ်တာတွေကော စုံနေပါပြီဘုရား၊ အရှင်ဘုရားတက်လို့ ဖြစ်ပါ့မလား”


ဆရာမတွေက ဝိုင်းတားသည်။ သို့သော် ဦးကဝိက လက်ကာပြပြီး လှေကားအောက်ဆုံးထစ်ကိုတက်လိုက်သည်။ လှေကားငါးထစ်လောက်အရောက်တွင် ဘုန်းဘုန်းက တစ်ချက်ယိမ်းယိုင်သွားပြီး လှေကားလက်ရမ်းကြီးကို ကိုင်လိုက်လေသည်။ ဆရာမတွေလဲ ရင်ထိတ်သွားသည်။ ဆရာတော်များ လှေကားပေါ်က ပြုတ်ကျလာမလားပေါ့။ သို့သော် ဆရာတော်က ဆယ့်ငါးမိနစ်ခန့် ငြိမ်သက်လျှက် မျက်စိကိုမှိတ်ကာ ရပ်နေလေသည်။ ထို့နောက် လှေကားအတိုင်း တစ်လှမ်းခြင်းပြန်ဆင်းလာလေသည်။


“အရှင်ဘုရား အဆင်ပြေရဲ့လား”


ဦးကဝိက လက်ကာပြလိုက်ပြီး ဘေးဘီကိုကြည့်လိုက်သည်။ ဆရာမကြီးကလဲ သိလိုက်ပြီမို့ ဆရာတော်ကို ကျောင်းအုပ်ကြီးရုံးခန်းထဲခေါ်သွားသည်။ ဆရာမ သုံးလေးယောက်သာ အခန်းထဲဝင်ပြီး ရုံးခန်းတံခါးကို စေ့ထားလိုက်ကြသည်။


“ဒီပုဂ္ဂိုလ်က သရဲ၊ တစ္ဆေမဟုတ်ဘူး ဒကာမကြီးတို့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ”


“မြင့်မြတ်တဲ့ ပုဂ္ဂိုလ် ဟုတ်လားဘုရား”


“ဟုတ်တယ်၊ နတ်တစ်ပါးလို့တော့ ဘုန်းဘုန်းထင်တယ်”


“ဒါဆိုလဲ ဘုန်းဘုန်း နတ်က ဘာလို့လှေကားမှာ နေရသလဲ ဘုရား”


ဦးကဝိက ခေါင်းကိုတစ်ချက်ပွတ်လိုက်သည်။


“ဦးဇင်းထင်တာတော့ လှေကားထစ်လုပ်တဲ့ ပျဉ်ထဲက တစ်ခုခုပဲ။ ဖြစ်နိုင်တာက ပျဉ်တွေခွဲပြီးဆောက်တော့ တောထဲက မြင့်မြတ်တဲ့ ပုဂ္ဂိုလ်နေတဲ့ သစ်ပင်၊ ဒါမှမဟုတ်လဲ မြင့်မြတ်တဲ့ စန္ဒကူးလို သစ်သားမျိုးပါလာပြီး လှေကားပျဉ်အဖြစ် ခင်းမိတာပဲ”


ဆရာမ များလဲ တစ်ယောက်တစ်ပေါက်နှင့် ဆူညံကုန်သည်။


“ဒါဆို ဘယ်လိုလုပ်ရမလဲဘုရား”


“ဒီလိုလုပ် အဲဒီပျဉ်ကို ရှာပြီး ပြန်ဖြုတ်ရမယ်၊ ပြန်ဖြုတ်ပြီးတော့ ဦးဇင်းတို့ကျောင်းတိုက်မှာ လာလှူပါ၊ ဒီသစ်က ထူးဆန်းပြီး မြင့်မြတ်တော့ လူတွေနဲ့ မအပ်စပ်ဘူး”


ဦးကဝိက ပြောဆိုပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။


“ဘုန်းဘုန်းလဲ အဲဒီပုဂ္ဂိုလ်နဲ့ ပြောခဲ့တယ်။ သူက အဲ့ဒီပျဉ်တွေကို ရွေးပြလိမ့်မယ်”


ဆရာမတွေလဲ ခေါင်းညိတ်လိုက်ကြသည်။


ထိုကိစ္စကို ကျောင်းအုပ်ကြီးလဲ အမြန်စီစဉ်ရတော့သည်။ ဆရာတော် ညွှန်ကြားသည့်အတိုင်း ပွဲတစ်ပွဲပေးပြီး လှေကားနားတွင် ခုံတစ်ခုံဖြင့် ထားရသည်။ ထိုညက ဆရာတော်ကို အိပ်မက်ပေးလေသည်။ လှေကား ငါးထစ်မြောက်နှင့် အပေါ်ထပ်လှေကား လေးထစ်မြောက်သည် ထိုသစ်သားကို အသုံးပြုထားကြောင်းသိရသည်။ ကျောင်းအုပ်ကြီးလဲ ထိုလှေကားနင်းပြားများကို လက်သမားဆရာကြီးများအား ဖြုတ်ခိုင်းလေသည်။ လက်သမားဆရာကြီးများက လှေကားထစ်ကိုဖြုတ်ပစ်ပြီးတော့ ထိုနေရာတွင် လှေကားခြေနင်းသစ်သား အစားပြန်ထည့်ကြသည်။


ထိုကျောင်းဆောင်ကြီးဆောက်လုပ်စဉ်က သစ်များကို အနီးအနားရွာများမှ သစ်ကောင်းများကို ဝယ်ယူကြသည်။ ရွာခံများက စေတနာဖြင့် ကျောင်းကြီးရေရှည်တည်တံ့ရန် သစ်အကောင်းစားများကိုသာ ဝယ်ယူကြသည်။ ကျောင်းဆောက်ရာတွင် ပညာရေးမှာ ဘက်ဂျက်နှင့် ဒေသခံများ၏ စုပေါင်းရန်ပုံငွေဖြင့် ဆောက်လုပ်ကြခြင်းဖြစ်သည်။ အချို့သစ်များမှာတော့ မြို့အနောက်ဘက်ရှိ တောင်ပေါ်မှ သွားပြီးခုတ်ကြသည်ဟုဆိုသည်။


ထိုအထဲတွင် နတ်ကြီးသော၊ နတ်စောင့်သော ပုဂ္ဂိုလ်တစ်ယောက် စောင့်သော သစ်ကိုမသိဘဲ ခုတ်လာပြီး အသုံးပြုခဲ့ပုံရသည်ဟု ယူဆရသည်။ ထိုပုဂ္ဂိုလ်က သူ့ပေါ်တက်နင်းသည်ကို မကြိုက်သဖြင့် ပြုလုပ်နေခြင်းဖြစ်နိုင်သည်။ ထိုလှေကားနင်းပြားကို ဖြုတ်ပြီးသည့်အခါတွင် ဘုန်းကြီးကျောင်းတိုက်သို့ လှူလိုက်လေသည်။


ညနေတော့ လှေကားတပ်ဆင်ခြင်းလုပ်ငန်းပြီးသွားပြီ။ သို့သော် ဆရာမများက မတက်ရဲသေး၊ ကြောက်ရွံ့နေကြသည်။


“ကဲ ဆရာမရေ လာတက်ကြည့်ပါဦး အဆင်ပြေလားလို့”


လက်သမားဆရာကြီးက ခေါ်သော်လည်း ဆရာမများမှာ မတက်ရဲဘဲဖြစ်နေသည်။


“လာပါဗျ၊ ဆရာမတွေ ဘာတွေကြောက်နေသလဲ”


လက်သမားဆရာကြီးကတော့ တက်လိုက်ဆင်းလိုက်လုပ်နေသည်။ ထိုတော့မှ ဆရာမတွေလဲ တက်ရဲသည်။ ဆရာမသင်းသင်းလဲ လှေကားကို ခြေချလိုက်သည်။ တစ်ထစ်ချင်းစီ သေချာတက်နေမိသည်။ တက်နေရင်း လွန်ခဲ့သည့် ၆ နှစ်ခန့်က သူပထမဆုံးလှေကားတက်သည့်အကြောင်းကို ပြန်သတိရနေမိသည်။ အောင်မြင်စွာဖြင့် အပေါ်ထပ်သို့ရောက်သွားလေသည်။ ထိုမှစ၍ ထိုလှေကားကြီးမှာ မည်သူမှ မပြုတ်ကျတော့ပါ။


ထိုနှစ်ကုန်သောအခါ ဆရာမသင်းသင်းလဲ တာဝန်ဖြင့် ထိုကျောင်းလေးမှ ပြောင်းရွှေ့ခဲ့ရပြီဖြစ်သည်။ ၆နှစ်ခန့်အလုပ်လုပ်ခဲ့ပြီး နေလဲနေခဲ့သည့် ထိုကျောင်းလေးကို စိတ်ဦးတည့်တိုင်း အမြဲအမှတ်ရနေမိသည်။ ထိုကျောင်းကလေးနှင့် ကျောင်းနောက်ဖက်အိမ်ကလေးတွင် နေထိုင်ခဲ့စဉ်က ကြုံတွေ့ခဲ့သည့် ထူးဆန်းသည့်ဖြစ်ရပ်များကို ဆရာမသင်းသင်းဒီတသက် မေ့နိုင်တော့မည်မဟုတ်ပါ။


ပြီးပါပြီ။

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်

အဂ္ဂဇော်





Comments

လူကြိုက်အများဆုံးဝတ္ထုများ

သေနတ်ပြီးတဲ့သူကြီး (စဆုံး)

မိုးတစ်ည (ဖြစ်ရပ်မှန်)

သရဲဈေး (ဖြစ်ရပ်မှန်)