ညောင်ပင်ရိပ်က ကားမှတ်တိုင် (စဆုံး)

 

 ညောင်ပင်ရိပ်က ကားမှတ်တိုင် (စဆုံး)

(ဖြစ်ရပ်မှန်)


(က)


ကေသီ အိမ်ကထွက်လာတော့ ၆ နာရီပင်မထိုးသေး။ ဘုရားက စောစောသွားဖူးမှ ကောင်းသည်။ သူငယ်ချင်းများနှင့် ကားဂိတ်တွင်ချိန်းထားသည်မို့ စောစောထွက်ခဲ့သည်။ မိုးရာသီဖြစ်ပြီး တစ်ညလုံး မိုးက ရွာထားသဖြင့် မြေသားရပ်ကွက်လမ်းကလေးတွင် ဗွက်အိုင်များထွန်းနေသည်။ အချို့ဗွက်အိုင်များမှာ တစ်ပေခန့်ရှိသော်လည်း အချို့ဗွက်အိုင်တွေကတော့ ဆယ့်ငါးပေလောက်အထိ အကျယ်ကြီးဖြစ်နေသည်။ ကေသီက ဗွက်အိုင်တွေကို ကွေ့ပတ်လျှောက်ရင်း လာခဲ့သည်။ လက်တွင်လဲ နှင်းဆီပန်းအဖြူတစ်စည်းကို ကိုင်ထားသည်။ မိန်းကလေးကိုင်သည့် ကျောပိုးအိတ်အသေးလေးကိုလွယ်ထားပြီး အထဲတွင် ထီးနှင့် အခြားအသုံးအဆောင်များထည့်လာသည်။


ကေသီတို့ ရပ်ကွက်နှင့် ကားဂိတ်က အနည်းငယ်လှမ်းသည်မို့ ရပ်ကွက်ထိပ်မှထွက်လာပြီး ကတ္တရာလမ်းတစ်လျှောက် ကားဂိတ်ဆီသို့ လမ်းလျှောက်လာခဲ့သည်။ ကားလမ်းပေါ်တွင်တော့ လူတွေ တစ်ယောက်စ နှစ်ယောက်စ သွားလာနေကြပြီဖြစ်သည်။ သိပ်မလျှောက်လိုက်ရ ကားဂိတ်ကိုရောက်ပြီဖြစ်သည်။


ကားဂိတ်က ညောင်ပင်ကြီးတစ်ပင်အောက်တွင် ပြုလုပ်ထားခြင်းဖြစ်သည်။ ညောင်ပင်ကြီးမှာ သက်တမ်းအလွန်ရင့်နေပြီး ညောင်မုတ်ဆိတ်တွေလဲ ကျနေသည်။ ညောင်ပင်ကြီးတွင်တော့ လိုင်းကားများ၏ လိုင်းနံပါတ်များကို သတ္တုပြားများပေါ်တွင် ရေးဆွဲပြီး သံနှင့်ရိုက်ထားသည်။ ကားလမ်းက ကားအသွားအလာရှိသော်လည်း နည်းသေးသည်။ လိုင်းကားတွေကတော့ တစ်စီးပြီး တစ်စီး လာကြသည်။


သို့သော် ကေသီက သူငယ်ချင်းတွေကို စောင့်ရဦးမည်ဖြစ်သည်။ ကျောင်းနေဖက် သူငယ်ချင်း သုံးယောက်က အခုထိပေါ်မလာသေး။ ကေသီက လက်ကောက်ဝတ်တွင် ဝတ်ထားသည့် နာရီလေးကို ကြည့်လိုက်သည်။ ၆ နာရီထိုးရန် ၁၀ မိနစ်လိုသေးသည်။ ကေသီက နှုတ်ခမ်းကို စူပုတ်လိုက်သည်။


“၆နာရီလို့ ပြောထားတာကို အခုထိမရောက်ကြသေးပါလား”


မိုးအုံ့နေတာကြောင့်ရော၊ ညောင်ပင်ကြီး၏ အရိပ်ကြောင့်ရော ကားဂိတ်က မှောင်မဲနေသည်။ ကားဂိတ်တွင် ကေသီမှာလွဲ၍ မည်သူမျှမရှိ။ ကားလမ်းကလဲ ကားအသွားအလာကျဲသည်။ ထိုစဉ် ကေသီ၏ နှင်းဆီပန်းဖြူတစ်ပွင့်တွင် အနီရောင်လေးကိုတွေ့လိုက်ရသဖြင့် ကေသီထူးဆန်းသွားသည်။


“ငါ့နှင်းဆီပန်းက အားလုံးအဖြူပါ၊ ဘယ်နှယ့်ကြောင့် အနီပါလာတာလဲ”


ကေသီက တွေးလိုက်ကာ နှင်းဆီပန်းကိုကြည့်လိုက်သည်။ အနီရောင် ဆေးစက်ကလေးက နှင်းဆီပန်းပေါ်ကျနေသည်။ ကေသီလဲ ထူးဆန်းပြီး ကြည့်နေလိုက်စဉ် နောက်ထပ်ဆေးစက်ကလေးတစ်စက်က မိုးပေါ်မှ ပြုတ်ကျလာပြီးနောက် နှင်းဆီပန်းပေါ်သို့ ကျလာပြန်သည်။ ကြည့်ရင်းကြည့်ရင်း အနီရောင်အစက်လေးများက တပေါက်ပေါက်နှင့် နှင်းဆီပန်းပေါ်သို့ ကျလာသည်။


ကေသီလဲ အလွန်တုန်လှုပ်သွားသည်။ ထို့နောက် မြေကြီးပေါ်သို့ကြည့်လိုက်သည်။ မြေကြီးပေါ်တွင်လဲ ကွမ်းတံထွေးများလို အကွက်တွေဖြစ်နေပြီးတော့ အနီရောင်တွေ နီရဲနေသည်။ ကေသီသိလိုက်ပြီ။ ထိုအရည်များသည် ညောင်ပင်ကြီးအပေါ်မှ ကျလာခြင်းဖြစ်မည်ထင်သည်။


ကေသီက မော့မကြည့်ရဲ။ မော့ကြည့်ဖို့အတွက်လဲ အလွန်ကြောက်လန့်နေသည်။ ထိုအရည်များက တစ်တောက်တောက်ဖြင့် ကေသီ၏ ခေါင်းနှင့် ပုခုံးပေါ်သို့ပါ ကျလာလေသည်။ ကေသီလဲ ကြက်သေသေနေသည်။ အနီးအနားတွင် လူလဲတစ်ယောက်မှ မရှိ။ ကားလဲ တစ်စီးမှ အသွားအလာမရှိ။ နောက်ဆုံး ကေသီ၏ ကြောက်စိတ်ကို သိချင်စိတ်က ဖုံးလွှမ်းသွားသည်။ ကေသီက သစ်ပင်ကိုမော့ကြည့်လိုက်တော့သည်။


“အား . . . အမယ်လေး ဂစ် . . .ဂစ်”


ကေသီက မော့ကြည့်ရင်း မြေကြီးပေါ်ပြစ်လဲကျသွားကာ တက်သွားတော့သည်။ ထိုအခါ ရပ်ကွက်ထဲမှ ထွက်လာသော ဆိုက်ကားသမားတစ်ယောက်က မြင်လိုက်ပြီး ကေသီ့ဆီပြေးသွားလိုက်သည်။ လိုင်းကားတစ်စီးကလဲ ထိုဂိတ်တွင်ထိုးရပ်လိုက်ပြီး လိုင်းကားပေါ်တွင် ပါလာသည့် ခရီးသည်များကလဲ ကေသီလဲကျနေသည်ကို ကြည့်လိုက်ကြသည်။ ထို့နောက် အမှတ်မထင် ညောင်ပင်ကြီးပေါ်သို့ကြည့်မိလိုက်ကြသည်။


“အား . . .ဝေါ့"”


လူတွေ ဆူညံပွက်လောရိုက်ကုန်သည်။ ညောင်ပင်ပေါ်ရှိ ညောင်ကိုင်းတစ်ကိုင်းတွင် ကောင်မလေးတစ်ယောက်က တင်နေသည်။ ထိုကောင်မလေးက ညောင်ကိုင်းကြီးပေါ်တွင် မှောက်ခုံကြီးတင်နေပြီး သူ့လက်တွေက အောက်သို့စိုက်ကျနေသည်။ အောက်စိုက်ကျနေသည့် လက်များမှလဲ သွေးများက တစက်စက်နှင့် စီးကျနေကြသည်။


ကေသီကတော့ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားပြီဖြစ်သည်။


(ခ)


“ကေသီ . . . ကေသီ"”


ခေါ်သံကြားလို့ မျက်လုံးထဖွင့်ကြည့်လိုက်တော့ အိမ်ကိုရောက်နေပြီဖြစ်သည်။ အိမ်ရှေ့ခန်းတွင် ဖျာခင်းထားပြီး စောင်ခြုံပေးထားသည်။ သူ့ကိုလဲ ရပ်ကွက်ထဲမှ အဒေါ်ကြီးတွေက ဝိုင်းပြီးကြည့်ကာ တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုနေကြသည်။


ကေသီက ထိုတော့မှ သူဖြစ်ပျက်ခဲ့တာတွေကို သတိရသည်။ ကေသီက သူ့အမေကိုရှာလိုက်သည်။ သူ့အမေက အိမ်ခန်းထဲမှပြေးထွက်လာသည်။


“သမီး သတိရလာပြီလား”


ကေသီက အမေ့ကို ဖက်လိုက်သည်။


“အမေ . . . ဘာ . . . ဘာဖြစ်တာလဲဟင်”


“လူသတ်မှုလို့တော့ ရဲတွေပြောတာပဲ။ မနက်အစော လေးနာရီလောက်က ဖြစ်တယ်လို့ခန့်မှန်းတယ်။ ကောင်မလေးက ညငှက်ကလေးလို့ပြောတာပဲ၊ သစ်ပင်ပေါ်ဘယ်လိုရောက်နေတာလဲတော့ အဖြေမထွက်သေးဘူး”


ကေသီက အားရပါးရ ငိုနေသည်။


“သမီးမော့ကြည့်တော့လေ သူက သမီးကို သေချာစိုက်ကြည့်နေတာ အမေရဲ့”


“သမီးလေးရယ် စိတ်ကိုအေးအေးထား၊ ရော့ဒီမှာ နှလုံးသည်းခြေဆေးလေး သောက်လိုက်ဦးနော်”


သုံးလေးရက် ကြာသည်အထိ ကေသီက အိပ်ယာထဲက မထနိုင်သေး။ လူထက် စိတ်ကပိုပြီး ထိခိုက်နေသလိုဖြစ်နေသည်။ မျက်စိမှိတ်တိုင်း မျက်လုံးတစ်စုံကို မြင်နေရဆဲ။ လူသေပုံကြီးက မျက်လုံးထဲ စွဲနေသည်။ ကေသီ့အဖွားက ဆန်ပြုတ်ပြုတ်ပြီးလာတိုက်သည်။ ကေသီက ဆန်ပြုတ်တော့ သိပ်မကြိုက်။ အဖွားက သူ့နားလာထိုင်တော့ ကေသီက အဖွားကိုမေးလိုက်သည်။


“အဖွား အဲဒီကားဂိတ်က သရဲခြောက်တယ်ဆိုတော့လေ၊ သရဲကများ သတ်လိုက်တာလား မသိဘူးနော်”


“ဟုတ်ချင်ဟုတ်မှာပေါ့ အဲ့ဒီကားဂိတ်က ၈၈ အရေးအခင်းတုန်းကဆိုလဲ အဲဒီညောင်ပင်ကြီးအောက်မှာ ဘယ်ကလူတွေမှန်းမသိ သေနေကြတာ ပိုးစိုးပက်စက်၊ ပြီးတော့ ညောင်ပင်ကြီးမှာလဲ ခေါင်းပြတ်ကြီးတွေ ချိတ်ထားကြသေးတယ်”


“ဟုတ်လား ကြောက်စရာကြီးနော် အဖွား”


“ဒါတင်ဘယ်ကမလဲ အဲ့ဒီနားမှာ လူတွေလဲ ခဏခဏသေတယ်၊ သူများတွေကတော့ လူစားလဲတယ်ပြောတာပဲ”


“အဖွားကော အဲဒီကားဂိတ်က သရဲနဲ့ကြုံဖူးလား”


“ကြုံဖူးပါ့တော် မှတ်မှတ်ရရ သုံးခါ ကြုံဖူးတယ်”


“သမီးကို ပြောပြပါလား”


“တော်ပါအေ၊ ညည်းက ပြီးရင် ကြောက်နေဦးမယ်”


“ပြောပြပါအဖွားရဲ့ သမီးသိချင်လို့ပါ”


အဖွားက ကေသီကို မျက်စောင်းထိုးလိုက်ပြီးတော့ ဆေးပေါ့လိပ်တစ်လိပ်ကို ဖွာလိုက်သည်။ ပြီးနောက် ကေသီအား သူတွေ့ကြုံခဲ့သည်များကို ပြောပြလေတော့သည်။


(ဂ)


၁၉၉၀ ခုနှစ်ခန့်။ သူ့ကို ဒေါ်ဝဟု ရပ်ကွက်ထဲက ခေါ်ကြသည်။ ဒေါ်ဝက ရပ်ကွက်ထဲတွင် ငယ်မွေးခြံပေါက်ဖြစ်သည်။ ရပ်ကွက်အတွင်းမသိသူလဲ မရှိသလောက်ဖြစ်သည်။ ထိုစဉ်က ကေသီအမေမှာ အိမ်ထောင်ကျကာစ၊ သူ့ယောက်ျားတာဝန်ကျရာနောက် လိုက်နေခြင်းဖြစ်သည်။ ဒေါ်ဝက သားသမီးသုံးယောက်ရှိသော်လည်း အားလုံးမှာ အိမ်ထောင်ခွဲကုန်ပြီ။ အိမ်တွင် ဒေါ်ဝနှင့် သူ့ယောက်ျား ဦးဗျိုင်းသာ နေထိုင်လေသည်။ ဦးဗျိုင်းက အစိုးရအရာရှိ ပင်စင်စားဖြစ်သည်။ ပင်စင်ယူပြီးတော့ စီးပွားရေးကြပ်တည်းလာသည်မို့ ဒေါ်ဝက သူတို့နှင့် သုံးမှတ်တိုင်လောက်လှမ်းသည့် ဈေးတွင် ဈေးရောင်းသည်။


ရောင်းသည့်ပစ္စည်းကတော့ ငါးခြောက်၊ ပုဇွန်ခြောက်ဖြစ်သည်။ ရခိုင်နှင့် ဧရာဝတီတိုင်းမှာ ငါးခြောက်များကို ယူပြီးတော့ ဈေးတွင်ပြန်ရောင်းသည်။ ဈေးတွင်ရောင်းသည်ဆိုသော်လည်း ဆိုင်ခံရှိသည်မဟုတ်။ ဈေးလမ်းလေးတွင် ခင်းပြီးရောင်းချရသည်။ ငါးခြောက်ရောင်းသည်က သိမ်နုပ်သည်ဟု ထင်ရသော်လည်း အမြတ်များများကျန်သည်။ ဈေးကတော့ မနက်ပိုင်းဈေးသွားရောင်းရသည်။ နေ့လည်တွင် အိမ်ပြန်နား။ ညနေတစ်ခေါက်ပြန်ရောင်းပြီး ညကျတော့ အိမ်ပြန်ရသည်။


ငါးခြောက်တွေကို အိမ်မှ သယ်သွားကာ ကားနှစ်မှတ်တိုင်လောက် တိုးစီးပြီးတော့ ဈေးရောက်လျှင် လမ်းဘေးချရောင်းသည်။ ညနေဈေးမှာ ညနေ ၆ နာရီလောက်အထိရောင်းချကြသည်။ ထိုနေ့က ဈေးရောင်းသိပ်မကောင်း။ စောင့်ရောင်းရင်းနှင့် ညနေ ၆ နာရီခွဲသွားသည်။ အခြားဈေးသည်တွေလဲ ပြန်ကုန်ကြပြီး ကုန်သလောက်ဖြစ်နေပြီ။ ထိုတော့မှ ဒေါ်၀ လဲ ခင်းကျင်းထားသည့် ငါးခြောက်နှင့် ပုဇွန်ခြောက်များကို သိမ်းဆည်းကာ ဆွဲခြင်းကြီးတစ်ဖက်၊ ဆာလာအိတ်ကြီးတစ်ဖက်နှင့် ပြန်လာခဲ့သည်။


ကားဂိတ် ညောင်ပင်ကြီးအောက်တွင် ကားက ထိုးရပ်လိုက်သည်။ ၇နာရီထိုးခါနီးနေပြီ။ ဆောင်းတွင်းမို့ နေ့တာတိုသဖြင့် မိုးက စုန်းစုန်းချုပ်နေပြီ။ လိုင်းကားက သိပ်မကျပ်တော့။ ဒေါ်ဝလဲ ဆွဲခြင်းကိုအရင်ချလိုက်ပြီး ဆာလာအိတ်ကြီးကို ကားစပါယ်ယာက တွန်းချပေးလိုက်သည်။ ဆွဲခြင်းကြီးထဲတွင်တော့ ချိန်ခွင်နှင့် ဈေးရောင်းသည့်ပစ္စည်းများ၊ တန်ဖိုးကြီးသည့် ပုဇွန်ခြောက်များ၊ ငါးအသားခြောက်များထည့်ထားသည်။ ဆာလာအိတ်ကြီးထဲတွင်တော့ အာပြဲခြောက်များ၊ ငါးတံခွန်ခြောက်များ၊ ငါးနီတူခြောက်များကို ထည့်ထားသည်။ ဆာလာအိတ်ကြီးကိုခေါင်းပေါ်ရွက်ပြီး ဆွဲခြင်းကိုလက်တစ်ဖက်ကဆွဲလိုက်သည်။


ကားဂိတ်တွင်လူမရှိတော့။ လမ်းပေါ်တွင်လဲ လမ်းသွားလမ်းလာက ကျဲနေပြီဖြစ်သည်။ ဖြစ်ချင်တော့ ထိုနေ့က ညနေပိုင်းမီးပျက်သည့်နေ့ဖြစ်သည်။ ထိုအခါက လျှပ်စစ်မီးမှာ အချိန်ဖြင့်ပေးခြင်းဖြစ်သည်။ ပစ္စည်းတွေကိုသယ်ပြီးခြေလှမ်းလှမ်းလိုက်သည်နှင့် ဒေါ်ဝဖိနပ်ကို အနောက်မှ တစ်စုံတစ်ဦးက နင်းလိုက်သလိုဖြစ်သွားသည်။ ဒေါ်ဝက ခြေလှမ်းစလှမ်းသည်မို့ ဟန်ချက်ပျက်သွားသော်လည်း ချော်မလဲပေ။ ဒေါ်ဝလဲ တစ်ယောက်ယောက်ကနင်းသည်ထင်ပြီး အနောက်သို့လှည့်ကြည့်လိုက်သည်။


“ဟင် ဘယ်သူမှလဲမရှိပါလား”


မှတ်တိုင်တွင် သူတစ်ယောက်တည်းဖြစ်သည်။ ဒေါ်ဝက လှည့်ကြည့်ပြီးနောက် ပြန်လှည့်ထွက်လိုက်သည်။ ထိုအခါ ခုနကလိုပဲ သူ့ဖိနပ်၏ နောက်ဖက်အစွန်ကို လူတစ်ယောက်က နင်းလိုက်သလိုဖြစ်ပြီး ခြေလှမ်းက မရွှေ့ချေ။ ဒေါ်ဝလဲ တစ်ကိုယ်လုံး ကြက်သီးတွေထသွားသည်။ ထိုနေရာမှ အမြန်ထွက်သွားရန်ပြင်ဆင်လိုက်ပြီး နောက်ထပ်ခြေလှမ်းလှမ်းလိုက်သည်။ ခြေလှမ်းလှမ်းတိုင်းလှမ်းတိုင်း အနောက်ကနေ ဖိနပ်ကိုနင်းနင်းထားလေသည်။ ဒေါ်ဝက လေးငါးလှမ်း လှမ်းပြီးသည်တောင် ညောင်ပင်ကြီးအောက်မထွက်နိုင်သေး။ ဒေါ်ဝလဲ အလွန်ကြောက်လန့်နေပြီမို့ ဖိနပ်ကိုချွတ်ပြီး ခြေဗလာဖြင့်ပြေးလေသည်။


“ဘုတ်”


ထိုအခါ ညောင်ပင်ကြီးပေါ်မှ သူ၏ ငါးခြောက်ထုပ် ဆာလာအိတ်ကြီးကို တစ်စုံတစ်ယောက်က ဆွဲထားလေသည်။ ဒေါ်ဝက ဆာလာအိတ်ကိုရွက်ထားသည်မို့ အပေါ်ကိုမော့ကြည့်၍မရ။ ဒေါ်ဝက သတ္တိကောင်းသည်၊ တော်ရုံကြောက်တတ်သူမဟုတ်သော်လည်း အခုတော့ ကြောက်ဒုူးတွေတုန်နေသည်။ သူမပြေးဖို့ကြိုးစားသော်လည်း အထုပ်ကြီးကိုဆွဲထားသဖြင့် ပြေးမရ။ ထို့ကြောင့်နောက်ဆုံး အထုပ်ကြီးကိုလွှတ်ချကာ ဆွဲခြင်းကိုဆွဲပြီး ခြေဗလာဖြင့်ပြေးတော့သည်။ ထိုတော့မှ ပြေး၍ရသည်။ ဒေါ်ဝက ညောင်ပင်ကြီးကိုတစ်ချက်လှည့်ကြည့်လိုက်တော့ သူ့ငါးခြောက်ထုပ်ကြီးက ညောင်ပင်ပေါ်တွင် နိမ့်လိုက် မြင့်လိုက်နှင့်ဖြစ်နေသည်ကိုတွေ့ရသည်။


ဒေါ်၀ တစ်ချိုးတည်း အိမ်ကိုတန်းပြီးပြေးလေသည်။ ထို့နောက် အိမ်ရောက်တော့ ယောက်ျားဖြစ်သူကို ပြောလိုက်သည်။ ယောက်ျားဖြစ်သူကလဲ သူ့မိန်းမ တုန်တုန်ယင်ယင်နဲ့ ပြန်လာသည်မို့ အကျိုးအကြောင်းသိရသောအခါ အိမ်က ဓါးမဆွဲပြီး လမ်းထိပ်ကိုပြေးလေသည်။ ဒေါ်ဝလဲ မခံချင်စိတ်၊ ဒေါသစိတ်ဖြင့် တုတ်တစ်ချောင်းကိုဆွဲပြီး အနောက်ကလိုက်လာသည်။ လင်မယားနှစ်ယောက် တုတ်တွေ ဓါးတွေနှင့် လမ်းထိပ်ရောက်သည့်အခါ ညောင်ပင်နားသို့သွားကြသည်။ ပါလာသည့် ဓါတ်မီးဖြင့်ထိုးကြည့်လိုက်သည်။ ဆာလာအိတ်ကြီးက မြေပြင်တွင် ပြန့်ကျဲနေသည်။ စုတ်ပြတ်သတ်နေသည်။ အထဲက ငါးခြောက်တွေတော့ တစ်ကောင်မှမရှိတော့။ ယုတ်စွအဆုံး ငါးနီတူခြောက်တောင် မရှိတော့ပေ။


“ခွေးများစားသွားတာလားမသိဘူး”


“ခွေးတော့မဖြစ်နိုင်ဘူး သေချာတာကတော့ သရဲစားသွားတာပဲဖြစ်မယ်”


“ညောင်ကိုင်းတစ်ကိုင်းနဲ့ ငြိနေတာဖြစ်မှာပါ”


ဦးဗျိုင်းက သူ့မိန်းမ စိတ်ချမ်းသာရာရအောင် ထိုသို့ပြောသော်လည်း ညောင်ကိုင်းများမှာ အမြင့်ကြီးတွေဖြစ်ပြီး အနိမ့်ဆုံးညောင်ကိုင်းမှာပင် ဆယ့်နှစ်ပေခန့်မြင့်သည်။ လူတစ်ယောက်အရပ်နှင့် ငြိစရာအကြောင်းမရှိပေ။


“ဒါ သေချာတယ်အဖွား၊ ညောင်ပင်ပေါ်က သရဲကြီးက ငါးခြောက်တွေစားချင်လို့ အဖွားကိုဆွဲထားတာဖြစ်မယ်”


ကေသီက ဆန်ပြုတ်သောက်ရင်း မှတ်ချက်ပေးလိုက်သည်။ ဒေါ်ဝကတော့ ဆေးပေ့ါလိပ်တစ်လိပ်ကို ပွသွားစေရန် လက်ဖြင့်အနည်းငယ်ထုရိုက်နေသည်။


“နောက်တစ်ခါကော ဘယ်လိုကြုံတာလဲ”


ဒေါ်ဝက ဆေးပေါ့လိပ်ကိုကြည့်လိုက်သည်။ ထို့နောက် ပြုံးလိုက်လေသည်။


“နောက်တစ်ခါက ဒီဆေးပေ့ါလိပ်က စတာပဲ”


(ဃ)


ဦးဗျိုင်းတို့ လင်မယားတွင် ဦးဗျိုင်းက ကွမ်းသမား၊ ဒေါ်ဝကတော့ ဆေးလိပ်သမားဖြစ်သည်။ ဒေါ်ဝက ဆေးလိပ်ကို အိမ်ထောင်ကျပြီးကတည်းက စပြီးသောက်တတ်သည်။ သို့သော် သိပ်ပြီးတော့ မစွဲလန်းသေး။ အသက် ၄၀ ကျော်၊ ၅၀ နားနီးလာမှ ဆေးလိပ်ကိုစွဲလန်းလာသည်။ ဆေးလိပ်သောက်ရင်း စာဖတ်သည်၊ ဆေးလိပ်သောက်ရင်း တွေးနေရသည်ကိုက ခံစားမှုတစ်မျိုးဖြစ်သည်။ ထမင်းစားပြီး ဆေးလိပ်လေးများ မခဲလိုက်ရရင် တစ်ခုခုလိုနေပြီး အာသာမပြေချေ။ ထိုခံစားချက်ကို ဆေးလိပ်မသောက်သည့်သူများကို ပြောပြ၍ ရနိုင်မည်မထင်။


ထိုညက ဒေါ်ဝက ဈေးကပြန်လာပြီး အိမ်ရောက်တော့ ညစာချက်ပြုတ်ရသည်။ ဦးဗျိုင်းကတော့ ပုတီးတစ်ကုံးဖြင့် ပက်လက်ကုလားထိုင်တွင်ထိုင်နေသည်။ ဝက်သုံးထပ်သားကို ပဲငံပြာရည်နှင့်ချက်ပြီး ငပိရည်ဖျော်၊ သရက်သီးစိမ်းဖြင့် တို့မည်ဖြစ်သည်။ အရည်သောက်အတွက်ကတော့ ပဲကြီးဟင်းကို ဆူးပုတ်ရွက်ကလေးအုပ်ထားသည်။ ထမင်းဟင်းချက်ပြုတ်ပြီးတော့ ၇ နာရီကျော်နေပြီ။ ထမင်းနှင့်ဟင်းကို စားကောင်းကောင်းနှင့် စားလိုက်ကြသည်။ ဦးဗျိုင်းလဲ ထမင်းစားအလွန်ကောင်းသည်။ ထမင်းစားပြီးတော့ ပန်းကန်တွေ ဆေးကြောပြီးတော့ ၈ နာရီထိုးခါနီးနေပြီဖြစ်သည်။


ဒေါ်ဝက ဆေးလိပ်သောက်ရန် ဆွဲခြင်းကိုယူလိုက်စဉ် ဆေးလိပ်မှာ တစ်လိပ်မှမရှိတော့။ ဒါနှင့် အိမ်မှာရှိသည့် ဒေါင်းပုံစံ မြေဆေးလိပ်ခွက်ကလေးကို ကြည့်လိုက်ပြန်တော့ ဆေးလိပ်က သောက်လက်စပင်မရှိ။ ဖင်ဆီခံနှင့် ပြာများသာရှိသည်။ ဒေါ်၀ စိတ်ထဲဆေးလိပ်မရှိခါမှ အလွန်ဆေးလိပ်သောက်ချင်လာသည်။ ဆေးလိပ်မသောက်ပဲ နေကြည့်မည်ဟု ဆုံးဖြတ်သော်လည်း ငါးမိနစ်ပင်မပြည့်။ ပါးစပ်တွေက ချဉ်လာပြီးတံတွေးတွေက အများကြီးထွက်လာသဖြင့် မြိုမြိုချနေရသည်။


“အပုလေးဆိုင်က ကိုးနာရီမှပိတ်တာပဲ”


နောက်ဆုံးတော့ ဆေးလိပ်ထွက်ဝယ်ရန် ဆုံးဖြတ်ရသည်။ ရပ်ကွက်ထဲက ဈေးဆိုင်တွေက ည၈ နာရီလောက်ဆိုပိတ်ပြီ။ ဒေါ်ဝလဲ ထဘီကိုပြင်ဝတ်လိုက်ပြီး ဆေးလိပ်ဝယ်ရန်ထွက်ခဲ့သည်။


“ဟေ့ နောက်ကျနေပြီ ဘယ်သွားမလို့တုန်း”


“ဒီနား ခဏပါတော်”


ဦးဗျိုင်းက ဒေါ်ဝဆေးလိပ်ထွက်ဝယ်မှန်း မသိ။ ဒေါ်ဝကလဲ ဆေးလိပ်ထွက်ဝယ်မည့်အကြောင်းမပြောတော့ဘဲ။ ပိုက်ဆံကို ထဘီကြားညှပ်ပြီးထွက်လာခဲ့သည်။ လမ်းတစ်ဝက်ရောက်မှ သတိရသည်။ ဓါတ်မီးလဲ မပါပေ။ သို့သော် ကိစ္စသိပ်မရှိ။ မီးလာနေသဖြင့် ရပ်ကွက်လမ်းမှာ အိမ်များမှပေးထားသော လမ်းမီးကလေးများနှင့် လင်းနေသည်။ ရပ်ကွက်အတွင်းမှ လျှောက်လာတော့ ရပ်ကွက်ထဲက ဈေးဆိုင်များမှာ အကုန်တံခါးတွေပိတ်ထားပြီးဖြစ်သည်။ ဆိုက်ကားသမားတစ်ချို့နှင့် ကာလသားတစ်ချို့သာ ရပ်ကွက်ထဲ သွားလာနေကြသေးသည်။


အပုလေးဆိုင်က သူတို့ရပ်ကွက်နှင့် မျက်နှာချင်းဆိုင်ရပ်ကွက်တွင်ဖြစ်သည်။ ကားလမ်းတစ်ဖက်ခြမ်းတွင်ဖြစ်ပြီး ကွမ်းယာရောင်းသောဆိုင်ဖြစ်သည်။ ကွမ်းယာဆိုင်ဆိုသော်လည်း ဆိုင်မှာ ဆိုင်ကြီးဖြစ်သည်။ ကားသမားများစားလေ့ရှိသဖြင့် ည၉ နာရီအထိဖွင့်သည်။


လမ်းထိပ်ရောက်တော့ ညောင်ပင်ကြီးကိုတွေ့လိုက်ရသည်။ ထိုအခါ ဒေါ်ဝလဲ ကြက်သီးထသွားလေသည်။ ညောင်ပင်အုပ်အုပ်ကြီးက သရဲကြီးတစ်ကောင် ထိုင်နေသလိုထင်ရသည်။ ဒေါ်ဝလဲ ထိုညောင်ပင်အောက်က မဖြတ်ရဲ။ ထို့ကြောင့် ဒေါ်ဝစဉ်းစားလိုက်သည်။ ကားလမ်းတစ်ဖက်ခြမ်းကိုကူးလိုက်သည်။ ကားလမ်းတစ်ဖက်ခြမ်းတွင် ဓါတ်တိုင်များရှိသည်မို့ မီးများလင်းနေသည်။ ထိုမှတဆင့် အပုလေးဆိုင်သို့လျှောက်သွားလိုက်သည်။


အပုလေးဆိုင်တွင် ဆေးလိပ်ဝယ်ပြီးပြန်လာတော့ ထုံးစံအတိုင်းတစ်ဖက်လမ်းကြောမှ ပြန်ခဲ့သည်။ ညောင်ပင်နားရောက်သည့်အခါ တစ်ဖက်ကားလမ်းမကို လှမ်းကြည့်လိုက်မိသည်။


“အလို ကိုဗျိုင်းပါလား”


ဦးဗျိုင်းက ညောင်ပင်အောက်နားတွင် မတ်တပ်ရပ်ပြီး ဟိုကြည့်သည်ကြည့်လုပ်နေသည်။ ညောင်ပင်အောက်တွင် မှောင်မဲနေသော်လည်း တစ်သက်လုံးပေါင်းလာခဲ့သည်မို့ ဒေါ်ဝက ဦးဗျိုင်းကို မှတ်မိနေသည်။


“ငါ့ကို စိတ်မချလို့များ လာစောင့်နေတာလားမသိ”


ဒေါ်ဝက တစ်ဖက်လမ်းကူးလိုက်ပြီး ဦးဗျိုင်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။ ဦးဗျိုင်းက ဒေါ်ဝကို ကြောင်တောင်တောင်ဖြင့် ကြည့်နေသည်။


“ကိုဗျိုင်းရယ်၊ ဘာလို့ထွက်စောင့်နေတာလဲ၊ လာပြန်ရအောင်”


ဦးဗျိုင်းက ဒေါ်ဝနောက်မှ လိုက်လာလေသည်။ သုံးလှမ်ခန့်လှမ်းပြီးတော့ ဒေါ်ဝကို လှမ်းပြောလေသည်။


“ဟေ့ ငါ့ကို ဆေးလိပ်ပေးစမ်းပါ”


ဒေါ်ဝလဲ ထူးဆန်းသဖြင့် လှည့်ကြည့်လိုက်သည်။ ဦးဗျိုင်းက ဆေးလိပ်မသောက်တတ်ပေ။


“အလို ကိုဗျိုင်းရဲ့ တော်က ဆေးလိပ်သောက်မှ မသောက်တတ်တာ”


“အေး၊ အခုသောက်ချင်လာလို့ကွာ”


ဒေါ်ဝက ဆေးပေါ့လိပ်အစည်းလေးကို လက်ဖြင့်ကိုင်ထားသည်။


“အိမ်ရောက်တော့ သောက်ပေါ့ ကိုဗျိုင်းရဲ့၊ ကျုပ်မှာ မီးခြစ်လဲမပါဘူး”


“ပေးစမ်းပါကွာ”


ဦးဗျိုင်းက တောင်းလွန်းသဖြင့် ဒေါ်ဝက ဆေးလိပ်တစ်လိပ်ကိုပေးလိုက်လေသည်။


“ပေးဦး၊ ပေးဦး”


“တစ်လိပ်ဆို တော်ရောပေါ့ရှင်”


“ပေးကွာ”


ဒေါ်ဝက ဆေးလိပ်အစည်းလေးကိုပေးလိုက်သည်။ ဦးဗျိုင်းက ဆေးလိပ်အစည်းကိုယူလိုက်ကာ ပါးစပ်တွင်တစ်စီးလုံးတပ်လိုက်သည်။ ဒေါ်ဝမျက်လုံးတွေ ပြူးထွက်သွားသည်။ ဆေးလိပ်အစည်းလိုက်ထည့်လိုက်သည့် ပါးစပ်ကြီးမှာ တစ်ထွာလောက် အကျယ်ကြီးဖြစ်သွားသည်။ ထို့နောက် ဦးဗျိုင်းက ဆေးလိပ်တွေကို ရှိုက်လေသည်။ မီးမညှိထားသည့်ဆေးလိပ်များမှာ တဖြည်းဖြည်း မီးခိုးများထွက်လာပြီး မီးတွေစွဲကုန်သည်။


ဒေါ်ဝလဲ အံ့သြသဖြင့် ပါးစပ်မပိတ်နိုင်တော့ဘဲ တစ်ချိုးတည်းပြေးတော့သည်။ ဦးဗျိုင်းမဟုတ်မှန်း သူသိလိုက်ပြီ။ ဦးဗျိုင်းမှာ သူဘယ်သွားမှန်းတောင် မသိချေ။ အခုသူနှင့် တွေ့သည့် ဦးဗျိုင်းက ဆေးလိပ်သောက်တတ်သည့်အပြင် ဆေးလိပ်သွားဝယ်မှန်းလဲ သိနေကတည်းက ဒေါ်ဝက ထူးဆန်းသည်ဟု သတိထားမိခြင်းဖြစ်သည်။ ထိုနောက်ပိုင်းက စပြီး ဒေါ်၀ ညဖက် ဆေးလိပ်ထွက်မဝယ်တော့။ ဝယ်စရာရှိရင်လဲ နေ့လည်ကတည်းက များများဝယ်ပြီး ဆောင်ထားလေသည်။


“ထူးဆန်းတယ်။ ဒီသရဲက အဖိုးယောင်ဆောင်ပြီး ဆေးလိပ်တောင်းသောက်တာပေါ့နော်”


ဒေါ်၀ ကပြန်မဖြေတော့။ ဆေးလိပ်ကိုသာ ဖွာလိုက်လေသည်။ ဆေးလိပ်ငွေ့တွေက အိမ်ခန်းအတွင်းပျံ့နှံ့ကုန်သည်။ အခုတော့ ဦးဗျိုင်းလဲမရှိတော့။ ဒေါ်ဝပင် အသက် ၈၀ နားကပ်လာပြီ။ ဆေးလိပ်ဒဏ် ဇရာဒဏ်များကြောင့် အရင်လို ၀၀ကြီးနှင့် ဒေါ်ဝမဟုတ်တော့ဘဲ ပိန်ကပ်နေသည့် ဒေါ်၀ ဖြစ်နေပြီ။


“ဒီရပ်ကွက်ထဲကလူတွေတော့ တော်တော်အခြောက်ခံရတယ်ပြောတယ် အဖွား”


“ဟုတ်တယ်။ ခုနောက်ပိုင်းတော့ သိပ်မခြောက်တော့ဘူး၊ အရင်ကဆို ခြောက်လိုက်တာမှ အဲဒီနားက ပဲပြုတ်သည်တောင် မဖြတ်ရဲပါဘူးဆို”


“ဒါနဲ့ များ ဘာလို့ကားမှတ်တိုင်လုပ်ထားသေးလဲမသိဘူး”


“ဒီလိုမြေးရဲ့၊ ညောင်ပင်ကြီးက သရဲခြောက်ကာမှခြောက်ရော၊ ဆောင်းတွင်းနဲ့ နွေဖက်ဆို နေကအရမ်းပြင်းတယ်မလား၊ ဒီညောင်ပင်ကြီးက နေ့ခင်းဆို အရိပ်ရပြီးအေးတယ်လေ။ ဒီတော့ ကားစောင့်တဲ့သူတွေအတွက်တော့ တစ်မျိုးအဆင်ပြေတာပေါ့။”



“အဲဒီညောင်ပင်ကြီးနားက ကားဆိုလဲ ခဏခဏတိုက်၊ လူစားလဲ ခဏခဏလဲကျတယ်တဲ့”


“ဟုတ်ပါ့”


ဆေးပေါ့လိပ်ကလေးမှာ အလွန်တိုနေပြီဖြစ်၍ ဒေါ်ဝက ဆေးလိပ်ခွက်ထဲကို ထည့်ပြီးချေလိုက်သည်။ ထို့နောက် ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့ပြီးသောက်လိုက်သည်။


“နင်တို့ ငယ်ငယ်တုန်းကပေါ့”


(င)


ထိုစဉ်က လိုင်းကားများမှာ ဒိုင်နာကားများဖြစ်သည်။ BM ကားများမှာ ရှားသေးသည်။ ဟိုင်းလပ်ကားကလေးများလဲ လိုင်းဆွဲကြသည်။ ဟိုင်းလပ်ကားကလေးများမှာ ကားသေးသဖြင့် ခရီးသည်များသည့်အချိန်ဆို ကားထဲကို အပြည့်အကျပ်သိပ်ပြီးစီးကြသည်။ ယောက်ျားလေးအများစုက ကားနောက်ပိုင်းတွင် တွယ်စီးကြသည်။ မြို့ထဲလိုင်းကားဆွဲသည့်ဟိုင်းလပ်များမှာ ခေါင်မိုးတွင် လူတင်လေ့မရှိ။


နွေတစ်ရက်ဖြစ်သည်။ ညနေ နာရီအလုပ်ဆင်းချိန်မို့ လိုင်းကားတွေက ပြည့်ကျပ်နေသည်။ ညနေ ၅ နာရီခွဲနေသော်လည်း နွေရာသီမို့ ရာသီဥတုက သိပ်မမှောင်သေး။ တိမ်တွေတောက်နေသည်မို့ ကောင်းကင်ကြီးက ဝါထိန်နေသည်။ (-)ယာဉ်လိုင်း၊ ဟိုင်းလပ်ကားကလေးတစ်စီးသည် ထုံးစံအတိုင်း ခရီးသည်များ အပြည့်အကျပ်နှင့် မောင်းနှင်လာသည်။ ကားနောက်ပိုင်းတွင်လဲ လူတွေက အများကြီးတွယ်စီးနေကြသည်။


“(-----) မှတ်တိုင်ပါလား”

စပါယ်ယာက မေးလိုက်သော်လည်း ထိုမှတ်တိုင်တွင်ဆင်းမည့်လူမပါသဖြင့် အရှိန်နှင့် မောင်းနှင်လိုက်သည်။ ကားမှာလဲ ထပ်တင်စရာ နေရာမကျန်တော့သောကြောင့်ဖြစ်သည်။ ညောင်ပင်ကြီးနားတွင် ကုန်းတက်ကလေးဖြစ်ပြီး လမ်းကလဲ အနည်းငယ်ကွေ့သည်။ ထိုကားလေးသည် ညောင်ပင်ကြီးအောက်မှ အဖြတ်တွင် ကားနောက်ပိုင်းလူများတွယ်စီးကြသည့် သံတန်းကြီးပြုတ်သွားလေသည်။


“အား . . . . ဝုန်း”


ကားကအရှိန်ဖြင့် မောင်းလာသည်က တစ်ကြောင်း၊ လမ်းကွေ့ဖြစ်သည်က တစ်ကြောင်းမို့ သံတန်းကြီးပြုတ်သွားသောအခါ ကားနောက်တွင် တွယ်စီးလာသူများ အကုန်အထွေးလိုက် ပြုတ်ကျကာ ကားလမ်းပေါ်လွင့်စင်ထွက်ကုန်သည်။ လူဆယ်ယောက်ခန့်ပြုတ်ကျပြီး နှစ်ယောက်မှာ ကားလမ်းနှင့် နောက်စိ ပြင်းထန်စွာ ရိုက်မိပြီး နေရာတွင်ပင် ပွဲချင်းပြီး သေလေသည်။ တစ်ယောက်မှာလဲ ခေါင်းထိပြီး ဆေးရုံမရောက်ခင်တွင် သေသွားလေသည်။


လွယ်အိတ်အနီလေးလွယ်ထားသည့် ကောင်လေးတစ်ယောက်မှာ ညောင်ပင်အောက်တွင် ပက်လက်ကြီးသေဆုံးနေပြီး သူ့နောက်စေ့မှ သွေးများက အိုင်ထွန်းပြီးထွက်နေသည်။ သူက မျက်စေ့တွေကို ဖွင့်လျှက် ညောင်ပင်ကြီးပေါ်သို့ ကြည့်ရင်း သေဆုံးသွားသည်။ အကျီအဖြူဝတ်ထားသည့် သက်လတ်ပိုင်းတစ်ယောက်က ခေါင်းထိပြီး ခွေခွေလေးကျနေသည်။ နှာခေါင်းနှင့် ပါးစပ်ထဲမှ သွေးများအန်ကျနေပြီး ပွဲချင်းပြီးသေဆုံးသွားလေသည်။


သူတို့သေပြီးနောက်ပိုင်း ထိုအနီးတစ်ဝိုက်တွင် သူတို့ကို မကြာခဏတွေ့ရတတ်သည်။ ကားကြုံလိုက်စီးခြင်း၊ ဆိုက်ကားလိုက်စီးခြင်းများကို ခဏခဏကြုံကြသည်ဟုဆိုသည်။


လိုင်းကားစီးဖူးသူတိုင်း ပြိုင်ကားစီးဖူးကြမည်ထင်သည်။ ပြိုင်ကားဆိုသည်မှာ ကားပြိုင်သည့် လိုင်းကားကိုပြောခြင်းဖြစ်သည်။ ထိုခေတ်က ကားများသည် အုံနာကားများမို့ တွက်ချေကိုက်လေ ကားဒရိုင်ဘာ၊ စပါယ်ယာများအတွက် များများကျန်လေဖြစ်သည်။ ထို့ကြောင့် တစ်ခြားကားများထက် လူပိုရရေးသည် အလွန်အရေးကြီးသည်ဖြစ်ရာ လိုင်းကားများမှာ အပြိုင်အဆိုင် မောင်းနှင်ကြသည်။ လိုင်းတူသည့်ကားများလဲ ပြိုင်လေ့ရှိသလို၊ လိုင်းမတူသော်လည်း လမ်းကြောင်းချင်းတူသည့် ကားများလဲ ပြိုင်မောင်းကြလေ့ရှိသည်။


“နောက်မှာ ချက်ကြီးတို့ကားပါလာတယ်ဆရာရေ ဆွဲထား”


စပါယ်ယာမှ အသံပေးလိုက်သည်နှင့် ကားဆရာက ကားလီဗာကို တစ်ဆုံးနင်းချလိုက်သည်။ ကားမှာ ကတ္တရာလမ်းပေါ်တွင် အလွန်လျှင်မြန်စွာပြေးလွှားနေသည်။ ထိုခေတ်က ကားလမ်းတွေ မပိတ်သေး၊ ကားလဲနည်းသဖြင့် လမ်းကြောင်းလဲ ရှင်းသေးသည်။ ထိုမျှသာမက ယခုအချိန်က နေ့လည်ကြီးဖြစ်သည့်အတွက် ကားလမ်းပေါ်တွင် ကားတွေချောင်နေလေသည်။


“ရှေ့မှတ်တိုင်မှာ လူနည်းတယ်ဆရာ မရပ်နဲ့တော့၊ လမ်းဆုံကိုရောက်အောင်မောင်း အဲဒီရောက်တော့မှ လူစောင့်တင်မယ်”


စပါယ်ယာပြောသည်ကို ကားဒရိုင်ဘာကလဲ လက်ခံလိုက်သည်။ ယခုလို နေ့ခင်းတွင် လိုင်းကားစီးသူနည်းပါးသည့်အတွက် ကားမှတ်တိုင်အငယ်လေးများဆိုလျှင် မရပ်တော့ဘဲ မှတ်တိုင်ကြီး၊ လမ်းဆုံလမ်းခွများတွင်သာ ရပ်ပြီး လူစောင့်တင်သည်။ ခရီးသည်ကလဲ ပါးသည်မို့ သူ့ထက်ငါ လူရရေးအတွက် ပြိုင်မောင်းရတော့သည်။


“ချက်ကြီးတို့ကလဲ မရပ်ဘူးဆရာ၊ ဒီကောင်တွေလဲ လမ်းဆုံကို အရင်ရောက်ချင်တယ် ထင်တယ်”


အနောက်ကလိုက်လာသည့် ဒိုင်နာကားကလဲ မရပ်ဘဲ သူတို့နှင့်အပြိုင်မောင်းလာလေသည်။ လမ်းပေါ်တွင် ဒိုင်နာကားများက တဝီဝီနှင့် မောင်းနေကြသည်။


“မှတ်တိုင်ပါတယ်ဟေ့”


အဒေါ်ကြီးတစ်ယောက်က အော်လိုက်တော့ စပါယ်ယာ စိတ်ပျက်သွားသည်။ အဒေါ်ကြီးက ကြားမှတ်တိုင်တစ်ခုတွင် ဆင်းမည်ဖြစ်သည်။ ထိုအဒေါ်ကြီးဆင်းလိုက်လျှင် ကားကိုရပ်ပေးရမည်။ ထိုအခါ နောက်ကလိုက်လာသည့်ကားက ကျော်တက်သွားတော့မည်။ စပါယ်ယာက ထိုအဒေါ်ကြီးကို ဘုကြည့်ကြည့်ပြီး မျက်စောင်းထိုးလိုက်သည်။


“ဆရာရေ ရှေ့မှတ်တိုင်ပါတယ်၊ ဘယ်တစ်ယောက်ဆင်းမယ်”


ဘယ်တစ်ယောက်ဆိုတာ စပါယ်ယာစကားအရ မိန်းမကိုပြောချင်းဖြစ်သည်။ ထိုသို့ပြောသည့်အခါ ရှေ့မှတ်တိုင်တွင် ကားကိုထိုးရပ်လိုက်ရသည်။ ထိုအခါ ထင်သည့်အတိုင်း ချက်ကြီးတို့ကားက သူတို့ကားကို ကျော်တက်သွားလေသည်။


“တောက်”


စပါယ်ယာက တောက်ခေါက်လိုက်ကာ အဒေါ်ကြီးကို မြန်မြန်ဆင်းစေရန် တွန်းချလိုက်သည်။ အဒေါ်ကြီး ခြေထောက်နှစ်ချောင်းလုံး မြေပေါ်မထိသေးခင် ကားကိုအမြန်မောင်းထွက်လိုက်သည်။ အဒေါ်ကြီးကတော့ မှတ်တိုင်တွင် စပါယ်ယာကို ညစ်ညမ်းသော စကားလုံးများဖြင့် ဆဲဆိုရင်း ကျန်ခဲ့လေသည်။


“ရတယ်ဆရာ ဆွဲသာဆွဲ၊ မှတ်တိုင်မပါတော့ဘူး၊ ချက်ကြီးတို့ကို လမ်းဆုံမရောက်ခင် ကျော်နိုင်မှဖြစ်မယ်ဆရာ”


စပါယ်ယာက ညွှန်ကြားသည့်အတိုင်း ဒရိုင်ဘာကလဲ ကားကို အလွန်လျှင်မြန်စွာမောင်းနေသည်။


ထိုညောင်ပင်ကြီးရှိသည့် မှတ်တိုင်လေး အကျော်တွင် ရထားလမ်းကူးလေးရှိလေသည်။ ရထားလာချိန်တွင် ထိုလမ်းကို ပိတ်ထားကြသည်။ ထိုမှတ်တိုင်နားတွင် လမ်းက လမ်းကွေ့လေးဖြစ်နေသည်။


အမျိုးသမီးတစ်ယောက်နှင့် ဆယ်နှစ်အရွယ် ကလေးလေးတစ်ယောက်သည်။ ကားမှတ်တိုင်တွင် ဆင်းလိုက်သည်။ ညောင်ပင်ကြီးအောက်တွင် ဆိုသော်လည်း ထိုအမျိုးသမီးက ထီးတစ်ချောင်းကိုဖွင့်လိုက်သည်။ ထို့နောက် ကားအခြေအနေကိုကြည့်ပြီး သမီးလေးကို လက်ဆွဲကာ ကားလမ်းကိုကူးလိုက်သည်။ နေ့ခင်းမို့ ကားက ရှင်းနေသည်။ သို့သော် သူတို့သားအမိ ကားလမ်းအလယ်ရောက်တော့ ရထားလမ်းက မကြာခင်က ရထားသွားပြီး တံခါးပြန်ဖွင့်ပေးလိုက်သည်မို့ တစ်ဖက်ကားလမ်းတွင် ကားကြောဆက်နေသဖြင့် ကားလမ်းလယ်ခေါင်တွင် ရပ်ပြီး ကားကြောပြတ်သည်အထိ စောင့်နေရလေသည်။


ချက်ကြီးတို့ကားက ညောင်ပင်နားအရောက် လမ်းကွေ့မို့ ကားကိုအရှိန်လျော့လိုက်သည်။

“ဆရာရေ ချက်ကြီးတို့ကား အရှိန်လျော့သွားပြီ။ ဒါအခွင့်အရေးပဲ။ သူတို့ကားကို ကျော်တက်ရမယ်”

စပါယ်ယာပြောသလို ကားကို ကျော်တက်ရန် လုပ်လိုက်သည်။ ချက်ကြီးတို့ကားက လမ်းကိုခွမောင်းနေသည်မို့ သူတို့ကားကိုကျော်ရန်အတွက် ကားကိုအရှိန်မြှင့်ပြီး ကားလမ်းလယ်မှတက်ကာ ကျော်တက်လိုက်သည်။


ထိုအခါ ကံဆိုးသူ သားအမိက ကားလမ်းလယ်တွင် လမ်းကူးရန် စောင့်နေစဉ်အချိန်ဖြစ်သည်။ ကားဒရိုင်ဘာက ထိုသားအမိကိုမြင်လိုက်သော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။ ကားက လမ်းကွေ့မို့ တစ်ဖက်ကားလမ်းကြောကို မမြင်ရ။ အရှိန်ဖြင့်ပြေးလာသော ဒိုင်နာကားကြီးက လမ်းလယ်ခေါင်မှ သားအမိကို အရှိန်ဖြင့် ဝင်တိုက်လိုက်သည်။ ထိုသားအမိလဲ လွင့်ထွက်သွားပြီး တစ်ဖက်ကားလမ်းပေါ်ကျသွားသည်။ ထိုအခါ တစ်ဖက်ကားလမ်းမှ အရှိန်ဖြင့် မောင်းနှင်လာသော ကားများသည် ထိုသားအမိကို တက်ကြိတ်လိုက်ကြသည်။


“ဟယ် သနားစရာကောင်းလိုက်တာနော် အဖွား”


“အေးလေ၊ ကလေးလေးဆို ကားကြိတ်တာ တစ်ကိုယ်လုံးပြားနေပြီး ခေါင်းလဲပြတ်ထွက်သွားတယ်။ သူ့အမေကတော့ ဗိုက်ကိုကားကြိတ်မိပြီး အူတွေဖင်ကနေထွက်နေတာ မြင်မကောင်းဘူး”


“ကျွတ် . . . ကျွတ် သနားစရာနော် ကားသမားကော ထောင်မကျဘူးလား”


“ကားဒရိုင်ဘာကော စပါယ်ယာကော ထွက်ပြေးသွားတယ်ပြောတယ်”


ဒေါ်ဝက ရေနွေးတစ်ခွက်ကို မော့သောက်လိုက်သည်။


“အဲဒီနောက်ပိုင်းကစပြီး နေ့ခင်းကြောင်တောင်တောင် သားအမိနှစ်ယောက် ကားတားတားစီးသတဲ့၊ အဲဒီကားဂိတ်မှာလဲ ရပ်နေတတ်ကြတယ်၊ မသိတဲ့ကားသမားတွေက တင်မိရင် သမီးလေးက ခေါင်းပြတ်နေသတဲ့။ ညဘက်ဆို တွေ့ရတာ ခဏခဏပေါ့”


“ကြောက်စရာကြီး”


“ဒါကြောင့် ညည်းတို့ကို ငါပြောနေတာ လမ်းသွားရင် သတိထားသွား၊ ဘုရားစာရွတ်သွားဆိုတာပေါ့။ အဲဒီညောင်ပင်ကလဲ လူစားလဲသလားမမေးနဲ့ ခြောက်လတစ်ခါလောက်ကို လူတိုက်လိုက်၊ ကားမှောက်လိုက်နဲ့ ခဏခဏဖြစ်နေကြပဲ”


“သမီးတော့ ကြားပဲကြားဖူးတာ ခုကိုယ်တွေ့ကြုံမှ သိလိုက်ရတာ”


“ညည်းငယ်ငယ်ကလဲ လော်ရီကားတစ်စီးက ဘရိတ်ပေါက်ပြီး ကားဂိတ်မှာ စောင့်နေတဲ့လူတွေကို ဝင်တိုက်သေးတယ်လေ၊ ၆ ယောက်လောက် သေတာပေါ့။ နောက်ပြီးတော့ ဘယာကြော်ကုလားလဲ ညောင်ပင်အောက်မှာ ဘယာကြော်လေးကြော်ရောင်းနေတာ တစ်ဖက်လမ်းက လာတဲ့ကားက ဘီးပေါက်ပြီး ဝင်တိုက်တာ ညောင်ပင်နဲ့ ကားကြားမှာ ညပ်နေတာ ပြားနေတာပဲတဲ့။ မနည်းဆွဲထုတ်ရတယ်တဲ့”


“အဖွားရယ် ပြောရင်း ကြောက်လာပြီ၊ ဒါနဲ့ အဖွားကိုယ်တွေ့နောက်တစ်ခါ ကြုံတယ်ဆိုတာကရော”


“အင်း၊ အဲ့တုန်းက အဖွားက အကြော်ဆိုင်လေးဖွင့်တုန်းကပေါ့”


(စ)


ထိုအဖြစ်အပျက်များဖြစ်ပျက်ပြီးနောက်ပိုင်း တရားပွဲတစ်ပွဲရပ်ကွက်လမ်းထဲတွင် ကျင်းပပြီး အမျှဝေရာတွင် ထိုနေရာသည် သရဲသိပ်မခြောက်တော့။ ဖြစ်နိုင်သည်က ထိုနေရာတွင် စွဲနေသည့်အစိမ်းသေများက ကျွတ်သွားသည်လား မပြောတတ်။ အရင်ကလောက် သရဲကြီးကြီးမားမားမခြောက်တော့။ ကားလဲ သိပ်မတိုက်တော့ပေ။


အခုဆို ထိုညောင်ပင်နားမရောက်တရောက်တွင် ဈေးဆိုင်လေးများ တန်းစီပြီးဖွင့်လာကြပြီဖြစ်သည်။ မနက်ခင်း မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်၊ မြန်မာမုန့်များ စသည်ဖြင့် ထိုနေရာတွင် ဈေးတန်းလေးဖြစ်လာပြီဖြစ်သည်။ ထိုအချိန် ဦးဗျိုင်းက ရောဂါအသည်းအသန်ဖြစ်ပြီး ဆေးရုံတွေတက်ရချိန်၊ ဒေါ်ဝလဲ ငါးခြောက်ရောင်းခြင်းကို ရပ်တန့်ထားရသည်။ ထိုအခါ ကေသီအမေနှင့် ကေသီတို့လဲ ထိုနေရာတွင် ပြန်နေကြသည်။ ကေသီအဖေကတော့ နယ်တွင် ကျန်နေခဲ့သည်။


ဦးဗျိုင်းကျန်းမာရေး ထူထူထောင်ထောင်ဖြစ်လာတော့ ဒေါ်ဝတို့ စီးပွားရေးမှာ ကုန်ခမ်းနေပြီဖြစ်သည်။ ထို့ကြောင့် ဒေါ်ဝက ငွေရမည့် နည်းလမ်းကို ရှာကြံနေသည်။ ၆ လလောက်အရောင်းနားထားသည်မို့ ဈေးတွင် ငါးခြောက်ပြန်ရောင်းရာ အရင်ကလောက် မရောင်းရတော့။ ငါးခြောက်သည်များ အပြိုင်အဆိုင်ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် ငါးခြောက်မရောင်းတော့။


“ကိုဗျိုင်းရေ၊ ကျုပ်ရပ်ကွက်ထိပ်မှာ အကြော်တဲလေးဖွင့်ချင်တယ်တော်”


“မင်းကလဲ အဆင်ပြေပါ့မလား”


“မပြေလဲ ပြေအောင်ကြည့်လုပ်ရမှာပဲ၊ အိမ်ရဲ့ စီးပွားရေးကလဲ ရှင်သိတဲ့အတိုင်း”


ဒေါ်ဝက ဘာမှမပြောတော့ဘဲ ဆေးလိပ်တစ်လိပ်ကိုဖွာနေသည်။ ဦးဗျိုင်းလဲ ဒေါ်ဝက တစ်ချက်ကြည့်လိုက်သည်။ ဒေါ်ဝမှာ အရင်ကလို ၀၀ကြီးမဟုတ်တော့ အတော်ပိန်ကပ်နေပြီဖြစ်သည်။


“အင်းလေ မင်းအဆင်ပြေရင်ပြီးတာပါပဲ”


တစ်ပါတ်လောက်ကြာတော့ ဒေါ်၀ ဆိုင်ခန်းစဆောက်ပြီး အကြော်တဲလေးဖွင့်သည်။ ဆိုင်တန်းလေး၏ တစ်ဖက်စွန်း၊ ညောင်ပင်ကြီးနှင့် ဆယ်ပေလောက်ဝေးသည့်နေရာတွင်ဖြစ်သည်။ ထိုနေရာတွင် မနက်ခင်းနှင့် ညနေခင်းဆိုလျှင် ကားစီးသည့် ခရီးသည်များလဲ အလွန်များပြားသည်ဖြစ်ရာ အကြော်လဲ ရောင်းကောင်းလေသည်။ ဒေါ်ဝက ဘူးသီးကြော်၊ ပြောင်းဖူးကြော်၊ ကြက်သွန်ကြော်၊ အာလူးကြော်၊ ပုဇွန်ကွက်ကြော် စသည်ဖြင့် အကြော်ကြော်ရောင်းသည်။ ရောင်းခါစက သိပ်မရောင်းရသော်လည်း နောက်ပိုင်းလက်မလည်တော့။ ထိုအခါ ကေသီအမေက ပါကူညီရောင်းသည်။ ကေသီက မူလတန်းတက်နေပြီဖြစ်သည်။


မနက်ခင်း ၇ နာရီလောက် အကြော်တွေရချင်လျှင် ၆ နာရီလောက်ကတည်းက ဆိုင်စဖွင့်မှရသည်။ ထိုနေ့က ဒေါ်ဝနှင့် ကေသီအမေတို့သည် ၆ နာရီမထိုးခင် အိမ်မှထွက်ပြီး ဆိုင်ကိုစခင်းနေသည်။ ထို့နောက် ဒေါ်ဝက ကျန်နေခဲ့ပြီး ကေသီအမေက အိမ်တွင် အကြော်ကြော်မည့် ပစ္စည်းများကို တစ်ခေါက်သွားပြန်ယူလေသည်။ ဒေါ်ဝကတော့ ညကတည်းက သိမ်းထားသည့် အကြော်ကြော်မည့် အဆာပလာများကို နေရာချနေသည်။


ဘူးသီးကြော်ရန် ဘူးသီးကိုလှီးပြီးတုံးရသည်။ ကြက်သွန်ကြော်အတွက် ကြက်သွန်လှီးရသည်။ ပြောင်းဖူးချွေရသည်။ အာလူးကိုလဲ ပါးပါးလေးလှီးရသည်။ ထို့နောက် ပုဇွန်အကောင်သေးလေးများကို ရေစင်စင်ဆေးပြီး ရေစစ်ထားရသည်။ အားလုံးပြီးတော့ အကြော်ကြော်ရန် မုန့်နှစ်စပ်ရသည်။ အကြော်ဆိုင်ကလေးမှာ မီးမရှိ၊ အလင်းရောင်လဲ သိပ်မရသည်မို့ ဖယောာင်းတိုင်လေး တစ်တိုင်ကို ထွန်းထားရသည်။


ထိုစဉ် မဲမဲလှုပ်လှုပ်ကြီးတစ်ခုသည် ရေစစ်ထားသည့် ပုဇွန်ကလေးများကို ချီပြီး ဆိုင်ဘေးဖက်ထရံနောက် ပြေးဝင်သွားလေသည်။ ထိုဘေးဖက်ထရံမှာ ညောင်ပင်ကြီးရှိသည့်အခြမ်းဖြစ်သည်။ ဒေါ်ဝလဲ ပထမတော့ သတိမထားမိသေး။ နောက်တစ်ခါလာတော့ လှုပ်လှုပ်နှင့်မို့ တွေ့သွားလေသည်။


“ဘာလဲ ပုဇွန်တွေကို ကြွက်လာချီတာလား”


ထိုသို့တွေးလိုက်ပြီး လုပ်လက်စအလုပ်တွေကို ရပ်ပြီး ဖယောင်းတိုင်လေးကို ယူကာ ထကြည့်လိုက်သည်။ ပုဇွန်တွေက လမ်းတစ်လျှောက် ပြုတ်ကျနေပြီး ဆိုင်တစ်ဖက်ခြမ်းကို ကျသွားသည်။ ဒေါ်ဝက ကြည့်နေစဉ်မှာပင် ထိုအရာကြီးက မြေပြင်မှာ ပေါ်လာပြန်သည်။


“အောင်မလေး ဗုဒေါ္ဓ”


ဒေါ်ဝမြင်လိုက်ရသည်က လက်ပြတ်ကြီးဖြစ်သည်။ လက်က အလွန်မဲတူးနေပြီး ယောက်ျားလက်ကြီးဖြစ်ကာ လက်ကြီးက လက်ကောက်ဝတ်နားအထိသာပါသည်။ ထိုလက်ပြတ်ကြီးက မြေပြင်တွင် ဒရွတ်၊ ဒရွတ်နှင့် ပွတ်တိုက်လာသည်။ ထို့နောက် ပုဇွန်ရေစစ်ထားသည့် ပုံးအပေါ်ကုပ်တက်ပြီး ပုဇွန်တွေကို လက်တစ်ဆုပ်နှိုက်လေသည်။ ထို့နောက် လာရာလမ်းအတိုင်း ဒရွတ်ဆွဲကာ ပြန်သွားပြန်သည်။


“ငါ့ပုဇွန်တွေကို ခိုးတဲ့လက်၊ သေပေတော့”


ဒေါ်ဝက ကြိမ်းလိုက်ပြီး အနီးရှိထင်းချောင်းကြီးကို ယူလိုက်သည်။ ထို့နောက် လက်ကြီးနောက်တစ်ခါလာတာကို စောင့်နေလိုက်သည်။ ဒေါ်ဝက ကြောက်စိတ်ထက် ဒေါသစိတ်ကပိုနေပြီဖြစ်သည်။ ထိုအတိုင်း လက်ကြီးက နောက်တစ်ခါ ပြန်လာပြန်သည်။ ပုဇွန်တွေကို မနှိုက်ခင်မှာပင် ဒေါ်ဝက ထိုလက်ကြီးကို ထင်းချောင်းကြီးဖြင့် အားကုန် လွှဲရိုက်လိုက်သည်။


“ဖျောင်း”


ထင်းချောင်းကြီးက လက်ကြီးကို အရှိန်ပြင်းစွာထိသွားသည်။ ထို့နောက် လက်ကြီးက မြေပြင်တွင် လူးလိမ့်နေသည်။ သူ့ဆိုင်နံရံကိုလဲ တဘုတ်ဘုတ်နှင့် အသံကြီးကြားရလေသည်။ ဒေါ်ဝလဲ မကြောက်တော့ဘဲ ဆိုင်ပြင်ကိုထွက်လိုက်သည်။ ထိုအခါ ဆိုင်ပြင် နံရံကိုမှီပြီးရပ်နေသည့် ရှည်ရှည်မဲမဲ အကောင်ကြီးအားတွေ့လိုက်ရသည်။


ဒေါ်၀ အံ့သြပြီးကြည့်နေသေးသည်။ ထိုအခါ ထိုအကောင်ကြီးသည် ညောင်ကိုင်းတစ်ကိုင်းပေါ်သို့ လွှားခနဲခုန်ပြီးတက်သွားကာ ပျောက်ကွယ်သွားတော့သည်။ ဒေါ်ဝလဲ ထိုအခါမှကြောက်စိတ်ဝင်လာပြီး ဆိုင်ထဲပြေးဝင်လိုက်သည်။ မကြာမီတွင် ကေသီအမေလဲ ရောက်လာတော့မှ အကျိုးအကြောင်းပြောပြရလေသည်။ ကေသီအမေက ညောင်ပင်အောက်မှ ဖြတ်လာသော်လည်း ဘာမှမတွေ့ဟုဆိုသည်။


ထူးတော့ထူးဆန်းသည်။ ထိုအဖြစ်အပျက်များဖြစ်ပြီး တပတ်ခန့်အကြာ။ ည ၇ နာရီထိုးတော့ ကေသီအမေနှင့် ဒေါ်ဝတို့ သားအမိနှစ်ယောက် ဆိုင်သိမ်းပြီးပြန်လာသည်။ ကေသီအမေကလဲ အကြော်ကြော်သည့် ပစ္စည်းများ သယ်ဆောင်လာသလို၊ ဒေါ်ဝကလဲ အကြော်ဗန်းကြီးနှင့် ဇကာများကို ရွက်လာလေသည်။ ထို့နောက် ဆိုင်တံခါးကိုပိတ်၊ သော့ခတ်ပြီး ညောင်ပင်အောက်က ဖြတ်လျှောက်လာသည်။ ထိုအချိန်တွင် ဒေါ်၀ ခြေထောက်ကို တစ်စုံတစ်ခုက တိုက်မိပြီး ဒေါ်ဝချော်လဲသွားသည်။


“ဖျောင်း”


ဆူညံသော အသံကြီးကိုကြားလိုက်ရပြီး ဒေါ်ဝလဲ ပြစ်လဲကျသွားသည်။ ကေသီအမေနှင့် အနားမှ ဖြတ်သွားဖြတ်လာများက ထူကြသည်။ သို့သော် ဒေါ်ဝလမ်းမလျှောက်နိုင်တော့ ခြေထောက်တွေက အရမ်းနာနေပြီဖြစ်သည်။ ဒေါ်ဝသည် ညောင်မြစ်တစ်ခုနှင့် ခလုပ်တိုက်ပြီးလဲသွားသည်ဟု ထင်ရသော်လည်း။ သူတို့မှာ ကတ္တရာလမ်းပေါ်မှ လျှောက်လာကြသောကြောင့် ထိုနေရာတွင် ညောင်မြစ်မရှိပါ။ ဒေါ်၀ ခြေထောက် အကြောထိသွားသဖြင့် တစ်ပါတ်လောက် လမ်းမလျှောက်နိုင်တော့ အကြော်ဆိုင်ကိုလဲ နှစ်ပတ်လောက် ပိတ်ထားလိုက်ရလေသည်။


“အဖွားက သူ့ကိုရိုက်လိုက်လို့ သူက ပြန်လုပ်တာဖြစ်မယ်”


“ဒါပေါ့”


(ဆ)


အချိန်တွေက အကုန်မြန်သည်။ ထိုဖြစ်ရပ်များဖြစ်ပြီး ကေသီလဲ ကျောင်းပြန်တက်မြဲတက်သည်။ သို့သော် ညောင်ပင်နားရောက်တိုင်း ဘုရားစာရွတ်နေရလေသည်။ သို့သော် တစ်နှစ်လောက်ကြာတော့ ထိုညောင်ပင်နားမရောက်မီ ခပ်လှမ်းလှမ်းတွင် ကားဂိတ်လေးတစ်ခုကို အလှူရှင်တစ်ဦးက လှူဒါန်းလေသည်။ အမိုးနှင့် ထိုင်ခုံကလေးများပါသော ကားဂိတ်ကလေးဖြစ်ပြီး လိုင်းကားများလဲ ထိုနားတွင် လာရောက်ရပ်ကြသဖြင့် နောက်ပိုင်းတော့ ညောင်ပင်အောက်တွင် ကားမရပ်ကြတော့။ သို့သော် ကေသီတို့ကားစီးချင်လျှင် ထိုညောင်ပင်အောက်မှ ဖြတ်ရစမြဲဖြစ်သည်။


သုံးနှစ်လောက်ကြာတော့ ဒေါ်ဝဆုံးသည်။ ဆေးလိပ်ကြောင့် ချောင်းတွေဆိုးပြီး ချွဲကျပ်ရာက အမောဆို့ပြီး ဆုံးသွားခြင်းဖြစ်သည်။ ကေသီလဲ အဖွားကို အလွန်ချစ်သည်မို့ ငိုနေရသည်။ သို့နှင့် မြေချသည့်နေ့ရောက်ပြီ။ လိုင်းကားများ ဒိုင်နာကားများကို အသုဘပို့လူများလိုက်ရန် ငှားထားကြသည်။ ကေသီလဲ ဒိုင်နာတစ်စီးပေါ်တက်လိုက်ပြီး သုသန်သို့လိုက်လာခဲ့သည်။ မြေချလုပ်ငန်းများပြီးတော့ အိမ်ကိုပြန်လာကြသည်။


ကေသီလဲ ကားအပြင်ဖက်ကိုကြည့်ရင်းလိုက်လာခဲ့သည်။ ရပ်ကွက်အတွင်းသို့ကားက ကွေ့ဝင်မည်မို့ ညောင်ပင်နားတွင် အရှိန်လျော့လိုက်သည်။


“ဟင် အဖွား”


ဒေါ်ဝသည် ဆေးလိပ်တစ်လိပ်ကို ဖွာလျှက် ညောင်ပင်အောက်တွင် ဆောင့်ကြောင့်ထိုင်နေသည်။ ထိုအချိန်က ညောင်ပင်က ကားမှတ်တိုင်မဟုတ်တော့သည်မို့ လူများထိုင်လေ့မရှိ။ ကေသီမျက်လုံးထဲတွင် သူ့အဖွားကို မြင်နေရလေသည်။ သေချာသည် အဖွားမှ အဖွားအစစ်။


ကားက ရပ်ကွက်ထဲကို လှမ်းပြီးချိုးကွေ့လိုက်သည်။ ထိုအခါ ကေသီက အော်ဟစ်လိုက်သည်။


“ကား ခဏရပ်ပါဦးရှင့်”


သူမအော်ပြီးသည်နှင့် ကားက ထိုးရပ်သွားသည်။ ထိုအခါ ကေသီလဲ ကားပေါ်မှ ပြေးဆင်းပြီး ညောင်ပင်ကြီးဆီသို့ပြေးလာလိုက်သည်။ ညောင်ပင်အောက်တွင် အဖွားမရှိတော့။ လူတစ်ဦးတစ်ယောက်မှလဲ မရှိတော့။


သူမအဖွားလဲ သူ့ကိုလာနှုတ်ဆက်သည်ထင်သည်။ ထိုနောက်ပိုင်းကစပြီး အဖွားကို လုံးဝမတွေ့ရတော့ပါ။


အခုဆို ကေသီလဲ အိမ်ထောင်ကျနေပြီ။ အလုပ်အကိုင်တွေနှင့်ဖြစ်နေပြီ။ နေတာကတော့ အဖိုးအဖွားတွေ ထားခဲ့တဲ့ အိမ်ကလေးမှာပဲ ဆက်ပြီးနေထိုင်ကြသည်။ ကေသီအလုပ်သွားတိုင်း ထိုညောင်ပင်နေရာကြီးကို ဖြတ်သွားရသည်။ အခုတော့ ထိုနေရာမှာ ညောင်ပင်ကြီးလဲမရှိတော့။ အသစ်ဆောက်ထားသည့် ကားမှတ်တိုင်ကလေးမှာ ထိုညောင်ပင်နေရာတွင်ပင်ဖြစ်သည်။ ထိုနေရာတစ်ဝိုက်လဲ စည်ကားနေပြီဖြစ်ပြီး ဆေးဆိုင်များ၊ စတိုးဆိုင်များလဲ ရှိနေပြီဖြစ်သည်။ ရပ်ကွက်လူဦးရေမှာ ထူထပ်လာသည်မို့ ထိုကားမှတ်တိုင်သည် လူပြတ်သည်မရှိဘဲ အမြဲစည်ကားနေလေသည်။


သို့သော် ကေသီကတော့ လွန်ခဲ့သည့် ဆယ့်ငါးနှစ်ကျော်က ဘုရားသွားမည့်နေ့ကို မမေ့နိုင်သေး။ နောက်ပြီး ညောင်ပင်ကြီးနှင့် အဖွားပြောပြခဲ့သည့် အကြောင်းများကို ပြန်သတိရလေ့ရှိသည်။ မကြာမီ အလွန်ခေတ်မီသော အဲကွန်းဘတ်စ်ကားကြီးတစ်စီးသည် ကားမှတ်တိုင်တွင်လာရပ်လေသည်။ ကေသီလဲ အကြွေ ၂၀၀ တန်ကလေးကို ထုတ်ကိုင်လိုက်ပြီးတော့ ကားပေါ်သို့တက်သွားပါတော့သည်။


ပြီးပါပြီ။

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်

အဂ္ဂဇော်။



Comments

လူကြိုက်အများဆုံးဝတ္ထုများ

သေနတ်ပြီးတဲ့သူကြီး (စဆုံး)

မိုးတစ်ည (ဖြစ်ရပ်မှန်)

သရဲဈေး (ဖြစ်ရပ်မှန်)