သရက်ပင်အိုကြီးတစ်ပင် (ဖြစ်ရပ်မှန်)

သရက်ပင်အိုကြီးတစ်ပင် (ဖြစ်ရပ်မှန်)

 သရက်ပင်အိုကြီးတစ်ပင် (ဖြစ်ရပ်မှန်)


နယ်မြို့ကလေးတစ်မြို့ကို အဝေးပြေးကားလမ်းမကြီးတစ်ခုက မြို့လယ်မှဖြတ်သန်းသွားလေသည်။ ထိုအဝေးပြေးကားလမ်းမကြီးမှာ တစ်ချိန်က လူအတော်များများအသုံးပြုခဲ့ကြသော်လည်း ယခုအခါတွင်တော့ အဝေးပြေးလမ်းမအသစ်ကိုသာ အသုံးပြုကြတော့သဖြင့် မြို့ကလေးမှာ သိပ်မစည်ကားတော့ပေ။ ထိုမြို့လေး၏ အစွန်ဘက် အဝေးပြေးကားလမ်းမကြီးနံဘေးတွင်တော့ အလွန်ကြီးမားသည့် သရက်ပင်ကြီးတစ်ပင်ရှိလေသည်။ ထိုသရက်ပင်ကြီးမှာ သရက်သီးပေါ်ချိန်တွင် သရက်သီးများ အလွန်များပြားစွာ သီးပွင့်ကြသည်။ သို့သော် ထိုသရက်ပင်ကြီးမှ သရက်သီးများကို မည်သူမှ မခူးဆွတ်ကြပေ။ သရက်သီးများမှည့်ပြီး ကြွေကျလျှင်တောင်မှ ကောက်မည့်သူမရှိ။ ယုတ်စွအဆုံး ထိုသရက်ပင်ပေါ်မှ သရက်သီးများအား လင်းနို့များ၊ ငှက်များပင် ထိုးဆိတ်ခြင်းမရှိပေ။ အဘယ့်ကြောင့်နည်း။

(က)

လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်ကဖြစ်သည်။ ဦးပြေငြိမ်းမှာ သစ်တောအရာရှိတစ်ဦးဖြစ်သည်။ မြန်မာပြည်အနှံ့တာဝန်ကျရာတွင် အလုပ်လုပ်ကိုင်ရင်းနှင့် ယခုတော့ ထိုမြို့ကလေးသို့ တာဝန်ကျလေသည်။ သူ့တွင် မြလွင်ဟု အမည်ရသည့် မိန်းမတစ်ယောက်နှင့် ငြိမ်းအောင်နှင့် မြငြိမ်းဟု အမည်ရသည့် သားတစ်ယောက် သမီးတစ်ယောက်လဲရှိသည်။ ထိုမြို့ကလေးကို တာဝန်ကျတော့ အစိုးရကပေးသည့် လိုင်းခန်းများတွင် မနေလို၊ လိုင်းခန်းများက ကျဉ်းမြောင်းပြီး စုတ်ပြတ်နေသည်။ ထို့ကြောင့် ဦးပြေငြိမ်းမှာ ထိုမြို့ကလေးတွင်အိမ်ရှာတော့သည်။ သူတို့မိသားစုမှာ အလွန်မချမ်းသာသော်လည်း အတော်အတန်ချမ်းသာသည့် မိသားစုဖြစ်သည်။ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်ရှိသည်။ ထိုခေတ်က ဈေးကြီးသော ဟန်းဖုန်းကိုလဲ ဦးပြေငြိမ်းက ကိုင်နိုင်လေသည်။ ထို့ကြောင့် ထိုမြို့ကလေးတွင် နေရန် ကိုယ်ပိုင်အိမ်တစ်လုံး လိုက်ရှာတော့သည်။

မြို့ကလေးကပဲ ခေါင်လို့လား၊ ဦးပြေငြိမ်းကပဲ ကံကောင်းလို့လားတော့မပြောတတ်၊ ထိုမြို့စွန်ရှိ ကားလမ်းမနံဘေး အိမ်ကလေးတစ်လုံးကို ဈေးအလွန်သက်သာစွာဖြင့် ဝယ်ယူလိုက်တော့သည်။ ထိုအိမ်မှာ သစ်သားပျဉ်ထောင်နှစ်ထပ်အိမ်ဖြစ်ကာ ခြံမှာလဲ အတော်အသင့်ကျယ်ဝန်းလေသည်။ ဦးပြေငြိမ်းက ထိုအိမ်ကလေးကို ဝယ်ယူပြီးနောက် အိမ်ဟောင်းကိုဖျက်လိုက်ကာ သူတို့မိသားစုနေထိုင်ရန်အတွက် အုတ်ခံ ပျဉ်ထောင် နှစ်ထပ်အိမ်ကလေးတစ်လုံးကို ဆောက်လိုက်တော့သည်။ ထိုအိမ်ဆောက်နေစဉ်အတွင်း အစိုးရလိုင်းခန်းတွင် ယာယီနေထိုင်ကြသည်။
''ဂျိန်း''

မိုးက ရုတ်တရက်ရွာချလိုက်သည်။ ညအချိန် ဦးပြေငြိမ်းတို့မိသားစုကလေးမှာ အစိုးရလိုင်းခန်းကလေးတွင် ညစာစားနေကြသည်။ လိုင်းခန်းကလေးမှာ ကျဉ်းသဖြင့် အိမ်ရှေ့ခန်းကလေးတစ်ခန်းသာ ခြောက်ပေခန့်ကျယ်ဝန်းသောကြောင့် ထိုနေရာတွင်ပင်ထမင်းစားပွဲခင်းပြီး စားကြရသည်။ သူတို့မိသားစု ခြောက်ယောက်တောင် ကျယ်ကျယ်ဝန်းဝန်းထိုင်မရပေ။

''မီးကလဲ မှိန်လိုက်တာရှင်''

ထိုအခန်းကလေးအတွင်း မီးလုံးကလေးတစ်လုံးသာရှိပြီး ထိုမီးလုံးကလေးမှာလဲ ခရမ်းချဉ်သီးမျှသာလင်းသည်။

''အင်း . . . မီးအားမြှင့်စက်မရှိတော့ သူ့နဂိုမီးအားနဲ့ပဲဆိုတော့ မှိန်တာပေါ့ကွာ''

ထို့နောက် မိသားစုများထမင်းစားနေကြသည်။ မိုးကအလွန်ကြီးလာသည်။ ထိုအခိုက် ငြိမ်းအောင်စားသည့် ပန်းကန်အပေါ်သို့ ရေများကျလာလေသည်။

''အောင်မယ်လေး ဘာရေတွေလဲ''

အမိုးပေါ်ကို မော့ကြည့်တော့ မျက်နှာကျက်မှ မိုးရေများ စိမ့်ကျနေခြင်းဖြစ်သည်။ စိမ့်ကျနေသည်ဆိုသော်လည်း တဝေါဝေါကျဆင်းနေလေသည်။ ထိုရေများသည် မျက်နှာကြက်ပေါ်မှ ကြွက်ချေးများ ခိုချေးမှားကိုပါ သယ်ဆောင်လာသဖြင့် နံစော်နေလေရာ ကလေးနှစ်ယောက်မှာ ထမင်းစားရင်း ထိုးအန်ကြတော့သည်။

တစ်အိမ်လုံးလဲမိုးလုံသည့် နေရာမရှိလောက်အောင်ကို မိုးက တစက်စက်ယိုကျနေလေသည်။ ညအိပ်တော့ သားအမိတွေအကုန်လုံး မိုးလွတ်သည့် နေရာကလေးတွင် ခြင်ထောင်ထောင်ကာ အိပ်ကြရသည်။ နှာခေါင်းထဲလဲ ကြွက်ချေးနံ့၊ ပိုးဟပ်နံ့ စသည်များနှင့် နံစော်နေကာ ကြမ်းပြင်တွင်လဲ ရေတွေရွှဲနေလေသည်။

''ဒီမှာနေရတာ လုံးဝအဆင်မပြေဘူးရှင့်''

''ဪ၊ မိန်းမရယ် ခဏတော့သည်းခံလိုက်ပါ။ တို့အိမ်ပြီးရင် ပြောင်းနေကြမယ်လေ"

''မရဘူးရှင့်၊ ကျွန်မတော့ ဒီအိမ်ကလေးမှာနေရတာ မသတီဘူး၊ အရမ်းရွံ့တာပဲ''

ဦးပြေငြိမ်းလဲသက်ပြင်းချလိုက်သည်။ အမှန်တော့ သူလဲ သည်လိုင်းခန်းကလေးတွင် လုံးဝမနေချင်ပေ။ သို့နှင့် မိုးတိတ်ပြီး နောက်တစ်နေ့တွင် မိသားစုတွေ အိမ်ပြောင်းတော့သည်။ အိမ်ထောင်ပရိဘောဂများမှာ များများစားစားမရှိသေး။ ဆောက်နေသည့်အိမ်ပြီးမှ ယခင်နေခဲ့သည့်မြို့မှ အိမ်ထောင်ပရိဘောဂများကို သယ်ဆောင်မည်ဖြစ်သည်။ သားသမီးတွေကို ကားပေါ်တင်ပြီးနောက် ကားကို အစိုးရလိုင်းခန်းကလေးမှာ မောင်းထွက်ခဲ့သည်။ ထိုလိုင်းခန်းတွင် နေထိုင်ကြသည့် သူများကတော့ လက်ပြကာ နှုတ်ဆက်နေကြသည်။ ဦးပြေငြိမ်းလဲ ထိုစုတ်ပြတ်နေသည့် လိုင်းခန်းကလေးကို နောက်ဆုံးအကြိမ်လှည့်ကြည့်လိုက်ပြီး စိတ်ထဲကနေ နှုတ်ဆက်လိုက်သည်။ ကားကိုမောင်းထွက်လာရာ လိုင်းခန်းအဝင်အထွက် လမ်းကလေးမှာ စိုးလှသဖြင့် ဗွက်နစ်နေရာ မနည်းရုန်းထွက်ခဲ့ရလေသည်။

အဝေးပြေးလမ်းမကြီးကို ကားလေးမောင်းတက်လိုက်တော့ ကလေးတွေက ပျော်ရွှင်သဖြင့် အော်ကြသည်။ ထို့နောက် သူတို့ဆောက်နေသည့် အိမ်ကလေးသို့ သိပ်ကြာကြာမမောင်းလိုက်ရပေ။ အိမ်ရှေ့တွင် အလွန်ကြီးမားသည့် သရက်ပင်ကြီးကိုတွေ့လိုက်ရသည်။ ထို့နောက် သစ်ချောင်းများဖြင့် ကာရံထားသည့် ခြံကလေးထဲသို့ ကားကိုမောင်းဝင်လိုက်သည်။ အိမ်ကဆောက်လက်စဖြစ်သည်။ အောက်ထပ်ကိုတော့ အုတ်တက်ထားပြီးဖြစ်သည်။ အပေါ်ထပ်ကတော့ အမိုးမိုးထားပြီး ကြမ်းတော့မခင်းရသေးပေ။ ကားကိုအိမ်နံဘေးတွင် ရပ်လိုက်ပြီး ကားပေါ်မှဆင်းလိုက်ကြသည်။

''ခြံအမှတ် (၈၂၉)''

''ဪ ဆရာတို့ရောက်လာတာလား''

လက်သမားခေါင်းဆောင်က ဦးပြေငြိမ်းကို ကြိုဆိုလေသည်။

''ရောက်လာတာ မဟုတ်ဘူးဗျ၊ ပြောင်းလာကြတာ''

''အိမ်မှမပြီးသေးတာ ဆရာရဲ့''

''ဘယ်လောက်တော့ ပြီးမလဲဗျ၊''

ထိုအခါ လက်သမားခေါင်းက တစ်ချက်စဉ်းစားနေသည်။

''အောက်ထပ်ကတော့ အုတ်တက်ပြီး နံရံတွေ ချောပြီးပြီ၊ အပေါ်ထပ်ကတော့ အမိုးတော့ပြီးပြီ လှေကားတပ်ပြီးတော့ ကြမ်းခင်း၊ နံရံတွေကာလိုက်ရင် ပြီးပါပြီ၊ နောက်တစ်ပတ်လောက်ဆို ပြီးမှာပါ''

''အင်းဗျာ၊ ကျုပ်တောင်းဆိုပါတယ်။ မြန်မြန်လေးတော့ ပြီးအောင်လုပ်ပေးကြပါ၊ လိုင်းခန်းမှာက တစ်စက်မှ နေလို့အဆင်မပြေဘူးဗျ''

လက်သမားခေါင်းက ခေါင်းညိတ်လိုက်ပြီးနောက် သူ့အလုပ်သူပြန်လုပ်နေသည်။
အိမ်အောက်ထပ်က သမံတလင်းခင်းထားပြီး သစ်ဖြတ်စ၊ ညှပ်စများဖြင့် ရှုပ်ပွနေသည်။ အိပ်ခန်းနှစ်ခန်းရှိပြီး ထိုအခန်းများမှာ ယခုမှဆောက်လုပ်ပြီးဖြစ်သဖြင့် ဘိလပ်မြေစော်တွေ နံစော်နေသည်။ ကြမ်းမခင်းရသေးသဖြင့် အပေါ်က ဟိုးလိုး ဟောင်းလောင်းကြီးဖြစ်သည်။ တံခါးရွက်များ ပြတင်းပေါက်များ မတပ်ရသေးပေ။

''တို့တွေ လောလောဆယ် ဒီအခန်းထဲမှာဘဲ စုအိပ်ကြတာပေါ့''

ထိုသို့ပြောရင်း အခန်းတစ်ခန်းကို ရှင်းလင်းလိုက်သည်။ ထိုအခန်းမှာ အိမ်ရှေ့ဧည့်ခန်းနေရာဖြစ်သည်။ အိမ်အသစ်ဖြစ်သဖြင့် ရှုပ်ပွနေသော်လည်း အစိုးရလိုင်းခန်းကလေးထက် များစွာသပ်ယပ်သန့်ရှင်းနေသဖြင့် ဒေါ်မြလွင်လဲ ပျော်နေလေသည်။

''သမံတလင်းပေါ်မှာ မအိပ်နဲ့ဦးဆရာ၊ လေဖြတ်နေဦးမယ်''

လက်သမားခေါင်းက ပြောလိုက်ပြီး သစ်သားများ၊ အထပ်သားများဖြင့် သမံတလင်းပေါ်တွင် လေးလက်မခန့်မြင့်သည့် ဆင့်တစ်ခုကို ယာယီရိုက်ပေးလိုက်သည်။ ထိုဆင့်မှာ ၆ပေခွဲခန့်ကျယ်သဖြင့် မိသားတစ်စုတော့ ထိုနေရာတွင်အိပ်နိုင်ပေသည်။

(ခ)

ငြိမ်းအောင်မှာ အသက် ၁၂ နှစ်ရှိပြီဖြစ်ပြီး မြငြိမ်းကတော့ အသက် ၈ နှစ်ခန့်သာရှိသေးသည်။ အသက်မတိမ်းမယိမ်းလေးဖြစ်သဖြင့် မောင်နှမနှစ်ယောက် အဖော်ရသည်။ ကျောင်းဖွင့်နေသော်လည်း ကျောင်းပြောင်းသည့်အလုပ်များကို ဦးပြေငြိမ်းက မလုပ်အားသေး။ ယခုရုံးသို့ ရောက်သည်မှာ သုံးလေးရက်သာရှိသေးသဖြင့် အထိုင်မကျသေးရာ ကျောင်းပြောင်းဖို့ကိုမလုပ်အားသေးပေ။

ကလေးငယ်တွေကတော့ ထိုခြံကြီးကို ပျော်ကြသည်။ ခြံက မြေသားများက ကျစ်လစ်ပြီး ခြံအတွင်းသန့်ရှင်းနေသည်။ လူမနေသည်မှာ ကြာပြီဖြစ်သော်လည်း ပေါင်းမြက်များကို အိမ်မဆောက်ခင် အလုပ်သမားများက ရှင်းလင်းထားသဖြင့် သန့်ရှင်းနေသည်။ အိမ်ခေါင်းရင်းတွင် မြေကွက်လပ်ကြီးဖြစ်ပြီး အိမ်ခြေရင်းမှာလဲ ခြံအကျယ်ကြီးဖြစ်ပြီး တဲကလေးတစ်လုံးရှိကာ ထိုတဲကလေးမှာလဲ လူနေပုံမရပေ။

ငြိမ်းအောင်တို့မောင်နှမ ခြံထဲဆော့ရတာပျင်းလာတော့ ခြံရှေ့ကိုထွက်ခဲ့ကြသည်။ ခြံရှေ့ဆယ်ပေခန့်အကွာ လမ်းဘေးတွင် သရက်ပင်ကြီးတစ်ပင်ရှိပြီးနောက် ထိုသရက်ပင်ကြီးနှင့် ကားလမ်းမမှာလဲ အတော်ကွာဝေးသဖြင့် ထိုနေရာကလေးသည် မြေပြန့်ပြူးနေလေသည်။

''ကိုကို ဟိုမှာကြည့် သရက်သီးတွေအများကြီးပဲ''

သူ့ညီမကပြောလိုက်သဖြင့် ငြိမ်းအောင်လဲ သရက်ပင်ပေါ်မော့ကြည့်လိုက်သည်။ အပင်ပေါ်တွင် သရက်သီးတွေက တွဲလောင်းကျနေပြီး အသီးတွေ ဝေနေလေသည်။ မိုးဦးကျအချိန်ဖြစ်သည့်တိုင်အောင် သရက်သီးအစိမ်းတွေကို တွေ့ရသေးသည်။ သရက်သီးတော်တော်များများကတော့ အဝါရောင်သန်းနေကာ မှည့်နေကြပြီဖြစ်သည်။

''ကိုကို သရက်သီးစားချင်တယ်''

''အို . . . အမြင့်ကြီးပဲ။ မေမေ့ကို ခူးခိုင်းပေါ့''

သရက်သီးမှည့်တွေက တဝင်းဝင်းနှင့် သရက်သီးကြိုက်သည့် မြငြိမ်းကလေးကို ဆွဲဆောင်နေသည်။ မြငြိမ်းလဲ နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ပြီး သရက်ပင်ကိုမော့ကြည့်နေသည်။ ငြိမ်းအောင်ကတော့ သရက်ပင်အနီးရှိ မြက်ပင်များကို လိုက်ပြီးဆွဲနှုတ်နေသည်။

''ဟယ် . . .ဟိုမှာသရက်သီး''

သရက်ပင်ခြေတွင် မြက်များရှိရာ ထိုမြက်ဖုတ်တစ်နေရာတွင် သရက်သီးမှည့်တစ်လုံးက ပြုတ်ကျနေလေသည်။ ငြိမ်းအောင်လဲ ထိုသရက်သီးကို ပြေးကောက်လိုက်လေသည်။

''မကောက်နဲ့ . . . ပြန်ထားလိုက်''

ငြိမ်းအောင်ပြေးအကောက် ထိုအသံကိုကြားသဖြင့် လက်တွန့်သွားလေသည်။ သူလဲ အံ့ဩပြီး ဟိုဟိုသည်သည်ကို လိုက်ကြည့်လိုက်သည်။ သရက်ပင်အနီးတွင် သူတို့မောင်နှမနှစ်ယောက်မှ လွဲပြီး မည်သူမှမရှိပေ။ ထိုအခါ ငြိမ်းအောင်က နောက်တစ်ခါ ထပ်ကောက်ရန်လက်လှမ်းလိုက်သည်။

''မကောက်နဲ့ . . . . မကောက်နဲ့''

အသံကခြောက်ကပ်ကပ် အက်ကွဲကွဲကြီးဖြစ်နေလေသည်။ ငြိမ်းအောင်လဲ နောက်တစ်ကြိမ် လှည့်ပတ်ကြည့်မိပြန်သည်။ ဘာမှမတွေ့တော့ ထိုသရက်သီးကို အမြန်ပြေးကောက်လိုက်ပြီး သူ့ညီမကလေးဆီသို့ ပြေးလာခဲ့လေသည်။

ငြိမ်းအောင်ညီမ မြငြိမ်းက သရက်ပင်အောက်ရှိ သဲမြေပြန့်ပြန့်ကလေးပေါ်တွင် တုတ်ချောင်းကလေးများဖြင့် ပုံများရေးခြစ်နေလေသည်။

''ညီမလေး ဒီမှာကြည့်စမ်း''

''ဟာ . . . သရက်သီးကြီး အကြီးကြီးပဲ''

ငြိမ်းအောင်က သရက်သီးမှည့်ကြီးကို မြငြိမ်းကိုပေးလိုက်သည်။ မြငြိမ်းက သရက်သီးကို လက်နှစ်ဖက်ဖြင့်ယူလိုက်သည်။ သရက်သီးက ပြောင်ချောပြီး အခြားသရက်သီးများထက် ပိုမိုကြီးမားနေသည်။ ပင်မှည့်ဖြစ်သဖြင့် အနံ့ကလေး အလွန်မွှေးနေလေသည်။ ထိုစဉ် သရက်ပင်ပေါ်မှ သရက်ရွက်များ တရှဲရှဲဖြင့် လှုပ်ခတ်နေကြလေသည်။ ငြိမ်းအောင်လဲ မော့ကြည့်ရန် ပြင်လိုက်သည်။

''ကလေးတို့ရေ''

သူတို့အမေက ထိုသို့ခေါ်ရင်း သူတို့နားသို့ ရောက်လာလေသည်။ မြငြိမ်းကလေးက ဝမ်းသာအားရဖြင့် သရက်သီးကို မြှောက်ပြလိုက်သည်။

''မေမေရေ ဒီမှာ သရက်သီးကြီး အကြီးကြီးပဲ  ''

''အေးပါ သမီးကလေးရေ။ လာအိမ်ထဲလာခဲ့၊ ထမင်းစားပြီးတော့ မေမေခွဲကျွေးမယ်''

ထိုသို့ပြောလိုက်သဖြင့် ငြိမ်းအောင်နှင့် မြငြိမ်းတို့နှစ်ယောက် အိမ်ထဲသို့ပြေးဝင်သွားကြလေသည်။ ထိုအခါ ဒေါ်မြလွင်က ဟိုဟိုသည်သည်ကြည့်လိုက်ပြီးနောက် အမှတ်မထင် သရက်ပင်အောက် သဲပြန့်ပြန့်ကလေးပေါ်မှ မြငြိမ်းရေးခြစ်ထားသည့် ပုံများကိုကြည့်လိုက်တော့သည်။

''သရက်ပင်အောက်ကနေထွက်သွားကြ . . .''

ဟု မညီမညာရေးသားထားသည့် လက်ရေးများကို တွေ့လိုက်ရတော့သည်။ ဒေါ်မြလွင်လဲ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခြံအတွင်းပြန်ဝင်လာခဲ့လေသည်။

အထဲရှိ သူတို့အတွက်ရိုက်ထားသည့် ဆင့်ကလေးပေါ်တွင် ထမင်းပန်းကန်များကို ချထားလိုက်သည်။

''ဒီနေ့တော့ မြ ဟင်းမချက်ဖြစ်တော့လို့ မနေ့က ကျန်တဲ့ ချဉ်ပေါင်ကြော်နဲ့ ငါးခြောက်ကြော်ကလေးနဲ့ပဲ စားလိုက်တော့နော် ကိုငြိမ်းရေ''

''အင်းပါကွာ၊ အဲဒါအရေးမကြီးဘူး၊ ထမင်းစားပြီးရင် ငါရုံးကိုပြန်သွားဦးမှ . . . အိမ်ပြောင်းမယ်ဆိုပြီး နေ့တစ်ပိုင်းလောက် နားလည်မှုနဲ့ထွက်လာတာ''

ဒေါ်မြလွင်က ခေါင်းညိတ်လိုက်သည်။ ထမင်းစားတော့ ဦးပြေငြိမ်းက ကမန်းကတမ်းစားသောက်ပြီးနောက် လက်ဆေးကာ အဝတ်အစားလဲပြီးထွက်သွားတော့သည်။ ငြိမ်းအောင်နှင့် မြငြိမ်းတို့က ကလေးပီပီ ထမင်းစားတာ နှေးသဖြင့် ကြာနေသည်။ မြငြိမ်းက ထမင်းသိပ်မစားပေ။

''ဘာလို့လဲသမီးရဲ့ . . . ထမင်းစားမကောင်းဘူးလား''

မြငြိမ်းက ခေါင်းညိတ်လိုက်သည်။

''ဟုတ်တယ်မေမေ၊ သမီးငါးခြောက်လဲ မကြိုက်ဘူး''

ထိုအခါ ဒေါ်မြလွင်က စဉ်းစားလိုက်သည်။

''ဪ ဒါဆိုလဲ ခုနက သရက်သီးနဲ့စားမလား၊ မေမေခွဲပေးမယ်''

မြငြိမ်းက ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ ထိုအခါ ဒေါ်မြလွင်လဲ အိမ်နောက်ဖေးသို့ ထွက်ခဲ့တော့သည်။ ဒေါ်မြလွင်နောက်ဖေးရောက်တော့ သုံးရေအိုးကိုလှမ်းခပ်လိုက်ရာ ရေကမရှိတော့ချေ။ ထို့ကြောင့် ရေခပ်ရန်အတွက် ရေပုံးကလေးဆွဲကာ ထွက်လာတော့သည်။

ရေသုံးဖို့အတွက် ခြံထဲတွင် ရေတွင်းတစ်တွင်းရှိသည်။ မကြာခင်ကမှ အိမ်ဆောက်သူများက ရေတွင်းကိုဆယ်ပြီးနောက် အုတ်ဘောင်များကိုပြန်လုပ်ထားကြကာ ရေတွင်းအနီး သမံတလင်းခင်းထားလေရာ ရေသုံးရန်အဆင်ပြေလေသည်။ ဒေါ်မြလွင်က ရေတွင်းတွင် ကြိုးတပ်ပြီးချထားသည့် ကော်ရေပုံးကလေးကို ရေတွင်းအတွင်းသို့ ပစ်ချလိုက်သည်။

ရေတွင်းက သိပ်မနက်ပေ။ ရေတွင်းရေမျက်နှာပြင်တွင် ဒေါ်မြလွင်က သူ့အရိပ်ကို ပြန်မြင်နေရသည်။ ရေပုံးကျသွားသဖြင့် ရေကဂယက်ထသွားသည်။ ဒေါ်မြလွင်လဲ ရေပုံးကို ကြိုးဖြင့်ဆွဲတင်နေသည်။ ဒေါ်မြလွင်ရေပုံးကိုဆွဲတင်ရင်း ရေမျက်နှာပြင်ကို အမှတ်တမဲ့ကြည့်လိုက်သည်။ ရေမျက်နှာပြင်က မတည်ငြိမ်သေး၊ လှုပ်ရှားနေသည်။

ထိုစဉ်ရေမျက်နှာပြင်တွင် သူ့အရိပ်အပြင် သူဘေးနားတွင် အရိပ်တစ်ခုပေါ်နေလေသည်။ ဒေါ်မြလွင်လဲ အရိပ်ကိုသေချာကြည့်လိုက်မိသည်။ ထိုအရိပ်မှာ ဆံပင်အရှည်ကြီးနှင့် မိန်းမတစ်ယောက်ဖြစ်သည်။

''အောင်မယ်လေး''

ဒေါ်မြလွင်လဲ လန့်ပြီးရေပုံးကို လွှတ်ချလိုက်မိလေသည်။ ရေပုံးကရေတွင်းအတွင်းသို့ ပြန်ကျသွားလေသည်။ ဒေါ်မြလွင်လဲ လန့်သွားပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်မိသည်။ သူမှလွဲပြီးမည်သူမှမရှိ။ လက်သမားများမှာလဲ သူနှင့်တော်တော်ဝေးသည့်နေရာတွင် အလုပ်လုပ်နေကြလေသည်။

ဒေါ်မြလွင်အတော်ထိတ်လန့်သွားတာကတော့ အမှန်ပင်ဖြစ်သည်။ နှလုံးခုန်တွေက မြန်နေသဖြင့် ရင်ဘတ်ကိုလက်နှင့်ဖိထားရသည်။ နောက်တော့ ရေတစ်ပုံးကို အမြန်ဆွဲခပ်လိုက်ပြီး အိမ်နောက်ဖေးသို့ ပြန်လာခဲ့သည်။

သရက်သီးကိုအေးအေးလူလူ ဓါးပါးကလေးဖြင့် ခွာနေလိုက်သည်။ ထိုစဉ်တစ်ယောက်ယောက်က သူ့အားစိုက်ကြည့်နေသလို ခံစားရသည်။ ဘေးဘီကြည့်တော့လဲ မည်သူမှမရှိ။ အိမ်ပေါ်ထပ်တွင်တော့ လက်သမားများအလုပ်လုပ်နေကြလေသည်။

''ရော့သမီးကလေး သရက်သီးရပြီစား''

သရက်သီးများကိုစိပ်ခွဲပြီး ပန်ကန်လုံးထဲတွင်ထည့်လာခဲ့သည်။ သရက်သီးမှာ ရင်ကွဲသရက်သီးမျိုးဖြစ်ကာ မှည့်သည့်အခါတွင် မွှေးနေတော့သည်။ မြငြိမ်းက သရက်သီးမှည့်ဖြင့် ထမင်းကို အားရပါးရစားသောက်တော့သည်။

''သမီးရေ . . ကိုကို့ကို နည်းနည်းကျွေးလိုက်ဦးလေ''
ထိုအခါ မြငြိမ်းက ငြိမ်းအောင်ကို သရက်သီး သုံးလေးစိပ်ခန့်ကျွေးလိုက်တော့သည်။

(ဂ)

ညရောက်ပြီ။
မီးက မသွယ်ရသေးသဖြင့် မီးမရှိပေ။ ထို့ကြောင့် အခန်းထဲတွင် ဖယောင်းတိုင်ကလေးများထွန်းကာ နေကြရသည်။ လက်သမားများကတော့ ညနေစောင်းကတည်းက ပြန်သွားကြသည်။ သူတို့မိသားစုလေးသာ ဟာလာဟင်းလင်းဖြစ်နေသော အိမ်ထဲတွင်နေရသည်မို့ တစ်မျိုးတော့ ကြောက်စရာကောင်းနေသည်။ အခန်းထဲတွင် ခြင်ထောင်ထောင်ထားသော်လည်း ပြတင်းပေါက်များက မတပ်ရသေးသည်မို့ ထိုမှလေက တစ်ဖြူးဖြူးတိုက်နေရာ ဖယောင်းတိုင်မီးမှာ ခဏခဏငြိမ်းနေလေသည်။

''ဘယ်လိုလဲ မြ၊ ဒီအိမ်မှာနေရတာ အဆင်ပြေရဲ့လား''

''ပြောတာပေါ့ ကိုငြိမ်းရယ်၊ ဟိုလိုင်းခန်းကလေးမှာ နေရတာထက်စာရင် အများကြီးပိုကောင်းတာပေါ့''

ထိုသို့ပြောရင်း လင်မယားနှစ်ယောက်လုံး အိပ်မောကျသွားတော့သည်။ ကလေးများကတော့ တစ်နေ့လုံးပြေးလွှားနေသည်မို့ ပင်ပန်းကာ အစောကြီးအိပ်နေကြပြီဖြစ်သည်။ သူတို့အခန်းထဲတွင် ထွန်းထားသည့် ဖယောင်းတိုင်မီးမှာလဲ လေတိုက်ပြီး သူ့အလိုလိုငြိမ်းသွားလေတော့သည်။

''ဟဲ့ကောင်မ''

ခေါ်သံကြားလိုက်သဖြင့် ဒေါ်မြလွင်က မျက်လုံးဖွင့်ကြည့်လိုက်သည်။ ခြင်ထောင်အထဲတွင် မိန်းမတစ်ယောက်ရောက်နေပြီး ဒေါ်မြလွင်ခြေရင်းတွင် ခါးထောက်ပြီး မတ်တပ်ရပ်ကြည့်နေလေသည်။

''ရှင် . . . ရှင်ဘယ်သူလဲ''

''အေး နင်တို့ကို ကြိုပြောထားမယ်နော်၊ သရက်သီးတွေကို ခူးလဲမခူးနဲ့၊ စားလဲမစားနဲ့၊ ဖြစ်နိုင်ရင် သရက်ပင်ရိပ်တောင် မနင်းကြနဲ့။ အေး  . . . နင်တို့ဆက်လုပ်လို့ တစ်ခုခုဖြစ်လို့ကတော့ ငါ့အဆိုးမဆိုနဲ့နော်''

''ရှင် . . ရှင်ဘာတွေလာပြောနေတာလဲ၊ ရှင်ကဘယ်သူလဲ''
''ငါ . . ဟား . . ဟား၊ ငါက သရက်ပင်စောင့်တဲ့လူပဲ၊ ဒီသရက်ပင်က ငါ့အပိုင်ပဲ၊ နောက်ပြီးတော့ နင်တို့ကလေးတွေ သရက်သီးစားတဲ့အတွက် ငါဒဏ်ခတ်ရဦးမယ် . . . ဟား . . .ဟား . . .ဟား''

''ရှင်ဘာတွေပြောနေတာလဲ၊ ရှင်ရူးနေလား  . . . ထွက်သွား . . . ထွက်သွား''

''ထွက်သွား . . . ထွက်သွား''

''မြ . . မြ ဘာဖြစ်နေတာလဲ''

 ဦးပြေငြိမ်းလှုပ်နှိူးလိုက်တော့မှ ဒေါ်မြလွင်လဲ လန့်နိုးသွားသည်။ သူလန့်နိုးသွားတော့ ဘေးဘီကိုလှည့်ပတ်ကြည့်နေသည်။

''ဟို မိန်းမ . . . ဟိုမိန်းမဘယ်ရောက်သွားလဲ''
ဦးပြေငြိမ်းလဲ အံ့အားသင့်သွားသည်။

''ဘယ်သူလဲကွ . . . ဘယ်သူမှမရှိပါဘူး . . . မင်းအိပ်မက်ဆိုးတွေမက်နေတာနေမှာ''

ဒေါ်မြလွင်လဲ ဘာမှပြန်မပြောတော့ဘဲ ပြန်လှဲချလိုက်ပြီး သူ့အနားမှာအိပ်နေသည့် သားကလေးကို ဖက်ရင်း ပြန်အိပ်နေလိုက်တော့သည်။

''အမေရေ . . . အီး . . .ဟီး''
ငိုသံကြားလိုက်သဖြင့် ဒေါ်မြလွင်ကော ဦးပြေငြိမ်းပါ ကုန်းထလိုက်ကြသည်။ ကလေးနှစ်ယောက်က ခြင်ထောင်ထဲတွင် ဗိုက်များကိုဖိကာ လှိမ့်ပြီးအော်နေကြသည်။

''သမီး . . . သား . . . ဘာ . . ဘာဖြစ်တာလဲ''

''ဟား . . .ဟား . . . ဟား''
ကလေးများမှ အဖြေမပေးခင် ရယ်သံတစ်ချို့ကို အိမ်အပြင်ဘက်မှကြားလိုက်ရသည်။

''ကိုငြိမ်း . . . ကိုငြိမ်းရှင်ကြားလိုက်လား''

''ဘာကြားလိုက်ရမှာလဲကွ''

''ရယ်သံတစ်ခုလေ တော်တော်ကြောက်စရာကောင်းအောင်ရယ်နေတာ''

ကိုပြေငြိမ်းက အသာလေးခေါင်းကိုစောင်းပြီ နားစွင့်နေလိုက်သည်။ အိမ်ထဲကလေးနှစ်ယောက်ငိုနေသံမှတပါး ဘာသံမျှမကြားရပေ။

''ဘာသံမှ မကြားပါဘူးကွာ၊ ဒါနဲ့ ကလေးတွေ ဘာဖြစ်တာလဲ''

ထိုတော့မှကလေးများကို ကြည့်လိုက်မိသည်။ ကလေးတွေက ဗိုက်တွေကို နှိပ်ရင်း အော်ဟစ်နေကြသည်။

''မေမေ . . . သား ဗိုက်ထဲက အရမ်းအောင့်တယ် . . . အရမ်းနာတယ်''
အသက်ကြီးသည့် ငြိမ်းသော်ကလေးမှာ ပြန်ပြောနိုင်သော်လည်း မြငြိမ်းကလေးမှာတော့ ဘာမှတောင်မပြောနိုင်ဘဲ ငိုသာနေတော့သည်။

''ကလေးတွေ အစားများမှားသလား''

ဦးပြေငြိမ်းကပြောရင်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဒေါ်မြလွင်ကတော့ တစ်ခုခုထူးဆန်းနေမှန်းသူသိသည်။ သို့သော် ဦးပြေငြိမ်းကိုမပြောပြတော့ပေ။

''ကိုငြိမ်းရေ . . . ကလေးတွေလူးနေကြ ပရုတ်ဆီအေး ဘူးလေးပေးပါဦး''

ဦးပြေငြိမ်းက ပရုတ်ဆီဘူးပေးလိုက်တော့ မောင်နှမနှစ်ယောက်ကို ဗိုက်ကိုလှန်ပြီး ဒေါ်မြလွင်က လူးပေးနေသည်။

''နေ့လည်က ချဉ်ပေါင်ကြော်တွေနဲ့ သရက်သီးနဲ့တွေ့သွားလို့ ဗိုက်နာတာဖြစ်မယ်''

ပရုတ်ဆီလူးပြီးသော်လည်း ကလေးများက မတိတ်ကြသေး၊ ဘေးပတ်ဝန်းကျင်က လူမရှိသဖြင့်သာ တော်သေးသည်။ နို့မို့ဆို ပတ်ဝန်းကျင်ကို အားနာစရာကောင်းလှသည်။

''ကိုငြိမ်း . . ရှင်အိပ်ရင်အိပ်တော့လေ၊ မနက်ဖြန်ရုံးသွားရဦးမှာ၊ ကျွန်မပဲ ကလေးတွေကို ချီပြီးသိပ်လိုက်တော့မယ်''

''မဟုတ်တာပဲကွာ၊ ကလေးနှစ်ယောက်ကို မင်းဘယ်နိုင်မလဲ၊ ဒီလိုလုပ် သမီးလေးကို ငါချီပြီးသိပ်လိုက်မယ်''

ထိုသို့ပြောပြီး လင်မယားနှစ်ယောက် ကလေးတစ်ယောက်စီ ချီပြီး အိမ်ခန်းအတွင်း ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လျှက် ကလေးကျောကုန်းကလေးကို ပွတ်ပေးရင်း ချီသိပ်ကြသည်။ နှစ်နာရီခန့်ကြာတော့မှ ကလေးများမှာ မောပြီး အိပ်သွားတော့သည်။ ဦးပြေငြိမ်းက ထိုတော့မှ ခေါင်းအုံးအောက်က သူ့လက်ပတ်နာရီကို ထုတ်ကြည့်လိုက်သည်။

''သုံးနာရီတောင် ထိုးနေပြီကွ၊ ကဲ မြရေ အိပ်တော့ . . အိပ်တော့''

ဦးပြေငြိမ်းက အိပ်ပျော်သွားသော်လည်း ဒေါ်မြလွင်က အိပ်မရတော့ပေ၊ ကလေးတွေ အစာမှားတာမဖြစ်နိုင်၊ သေချာသည်ကတော့ ညဦးပိုင်းက သူမက်ခဲ့သည့် အိပ်မက်ကြောင့်ဖြစ်မည်။ မနေ့ကတစ်နေ့လုံး စိတ်ခြောက်ချားဖွယ် တွေ့ကြုံနေတာနဲ့တစ်ခုခုသက်ဆိုင်နေမည်။

(ဃ)

''ဒုန်း . . . ဒုန်း''

အိမ်ပေါ်ထပ်မှ တူထုရိုက်သံများကိုကြားတော့မှ ဒေါ်မြလွင်တစ်ယောက် လန့်နိုးသွားသည်။ အပြင်တွင် နေက တော်တော်ပူနေပြီဖြစ်သည်။ မိုးဦးကျဆိုသော်လည်း မိုးမရွာသည့်နေ့တွင်တော့ နေကပူလှသည်။ ဦးပြေငြိမ်းဘက်လှည့်ကြည့်လိုက်ရာ ခေါင်းအုံးပေါ်တွင် စာတစ်စောင်ကိုတွေ့လိုက်ရသည်။

''မြ . . . မြညက ပင်ပန်းထားလို့ အကိုလဲမနှိုးရက်တော့ပါဘူး။ အကို ရုံးနားက ထမင်းဆိုင်မှာ ထမင်းဝယ်စားလိုက်မယ်၊ မြတို့ကတော့ ကိုယ့်ဖာသာ ချက်စားပေါ့။''

''ဟုတ်ပါရဲ့၊ ဆယ်နာရီတောင်ထိုးတော့မယ်၊ လက်သမားတွေတောင် ရောက်ပြီးအလုပ်လုပ်နေကြပြီပဲ''

ဒေါ်မြလွင်က အိပ်ရာမှထလိုက်သည်။ သူ့အနားတွင် သားကလေး ကအိပ်နေသည်။ သို့သော် သမီးကလေးက မရှိတော့။

''သမီး . . .သမီး''

ဒေါ်မြလွင် ဆံပင်တောင်မဖြီးနိုင်ဘဲ အိမ်ထဲသို့ပတ်ရှာလိုက်သည်။ သမီးကိုမတွေ့ရ။ သို့နှင့်ခြံထဲသို့ဆင်းခဲ့သည်။ လိုလိုမယ်မယ် ရေတွင်းနားသွားကြည့်တော့လဲ မတွေ့။ နောက်ဆုံးခြံတံခါးကို ပြေးထွက်လာခဲ့သည်။ ထင်သည့်အတိုင်းပင် သမီးကလေးက သရက်ပင်အောက်တွင် ထိုင်နေလေသည်။

''သမီး . . . .''

ဒေါ်မြလွင်က ပြေးပြီး သမီးကလေးဆီထွက်သွားလိုက်သည်။ သမီးလေးက သူအော်လိုက်သဖြင့် သူ့ကိုကြောင်ပြီးလှမ်းကြည့်နေသည်။ ဒေါ်မြလွင်လဲ သရက်ပင်အောက်ကိုရောက်တော့ သမီးကလေးကို ဖက်ထားလိုက်သည်။

''သမီး . . သရက်ပင်အောက် မသွားရဘူး . . . သရက်ပင်အောက် နောက်ဆိုမသွားရဘူးနော်''

ဒေါသထွက်ထွက်ဖြင့် သမီးကလေး၏ တင်ပါးကို သုံးချက်ခန့်ရိုက်လိုက်သည်။ သမီးကလေးမှာ ငိုတော့သည်။ ထိုတော့မှ ဒေါ်မြလွင်လဲ သမီးကလေးကို သနားသွားပြီးပွေ့ဖက်ထားလိုက်သည်။ ထို့နောက် သမီးကလေးကို ချီပြီး ခြံထဲသို့ပြန်ခေါ်လာတော့သည်။

''မေမေ ဘယ်သွားတာလဲ''

သားဖြစ်သူက နိုးနေပြီဖြစ်ပြီး ခြင်ထောင်ထဲမှထွက်ကာ ထိုင်နေသည်။

''ညီမလေးကို သွားခေါ်တာ၊ မေမေတစ်ခါထဲပြောထားမယ်နော်၊ အခုအချိန်ကစပြီး အဲဒီသရက်ပင်အောက်ကို မသွားရဘူး၊ သွားလဲမဆော့ရဘူး၊ ခြံထဲမှာပဲဆော့ကြ . . . ဟုတ်ပြီနော်''

''မဆော့တော့ဘူး . . . မဆော့တော့ဘူး . . . မေမေရိုက်တယ် . . .ဟီး . . . ဟီး''

သမီးလေးက ပြောရင်းဆက်ငိုနေလေသည်။

''မေမေ ဗိုက်ဆာတယ်''

သားငယ်ကပြောတော့မှ ဒေါ်မြလွင်လဲ သတိထားမိလိုက်တော့သည်။ အိမ်တွင် ဘာမှမရှိ၊ ချက်ဖို့ပြုတ်ဖို့ကလဲ ဘာမှမစီစဉ်ရသေးပေ။

''မုန့်စိမ်းပေါင်း . . . မုန့်လိပ်ပြာ''

ထိုစဉ် ခြံရှေ့ကားလမ်းမှ စက်ဘီးကလေးနှင့် မုန့်သည်တစ်သည် အော်သွားသည်ကိုတွေ့လိုက်ရသဖြင့် ဒေါ်မြလွင်က ခြံထဲမှပြေးထွက်ခဲ့သည်။

''လာပါဦးရှင့် . . .''

စက်ဘီးနှင့်မုန့်သည်က ခြံထဲမှ ဒေါ်မြလွင်ပြေးထွက်လာတာကိုမြင်တော့ စက်ဘီးကိုအမြန်နင်းပြီးပြေးတော့သည်။ ထို့နောက် အတန်ငယ်လှမ်းသွားတော့မှ နောက်ပြန်လှည့်ကြည့်ပြီး စက်ဘီးကို ထိုနေရာတွင် ရပ်လိုက်တော့သည်။ ထို့နောက် သူ့ကိုလက်ပြပြီး လာခဲ့ရန်ခေါ်လေသည်။

''ဘယ်လိုလူပါလိမ့် . . . သူ့ကိုခေါ်တာ သူကပဲပြန်ခေါ်နေရသေးတယ်''

ဒေါ်မြလွင်က ထိုမုန့်သည်ဆီသို့ပြေးသွားတော့သည်။

''ရှင်ဘယ်လိုလုပ်တာလဲ ရှင့်ကိုခေါ်တာ မကြားဘူးလား''

''ကြားပါတယ်၊ ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါ''

ဒေါ်မြလွင်လဲ ဒေါသထွက်သွားသည်။ ထို့နောက် မြန်မာမုန့် မုန့်စိမ်းပေါင်းနှင့် မုန့်လုံးကြီးကြော်များကို ဝယ်ယူလိုက်သည်။ မုန့်သည်က အသက်၅၀ခန့်ရှိသည့် ဦးလေးကြီးတစ်ယောက်ပင်ဖြစ်ပြီး အဝတ်အစားများက နွမ်းဖတ်နေကာ ခမောက်တစ်လုံးကိုလဲ ဆောင်းထားလေသည်။

''လူကိုမြင်တာ ဘာလန့်စရာရှိလို့လဲ''

''မဟုတ်ပါဘူး၊ အဲဒီနားမှာ လူမနေဘူးဆိုတော့ လန့်သွားလို့ပါ။ ဒါနဲ့ . . . ခင်ဗျားတို့က အခုမှပြောင်းလာတာလား''

''ဟုတ်တယ်၊ အဲဒီခြံကို ဝယ်လိုက်ကြတာ''

''ဪ . . .''

မုန့်ရောင်းသည့်သူက အံ့ဩသွားဟန်ဖြင့် ရေရွတ်ကာ မုန့်တွေကို ကြွပ်ကြွပ်အိတ်ထဲထည့်ပေးလိုက်တော့သည်။

''ဒါနဲ့ ရှင်ကျွန်မကို တစ်ခုခုများ ပြောစရာရှိလို့လား''
မုန့်သည်ကြီးကလဲ မျက်စိမျက်နှာပျက်သွားသည်။

''မ . . . မရှိပါဘူးဗျာ''

ပိုက်ဆံပေးပြီးတော့ မုန့်သည်လဲထိုနေရာမှ ပြန်သွားတော့သည်။ ဒေါ်မြလွင်လဲ အိမ်သို့ပြန်လာလိုက်တော့သည်။ အိမ်တွင် သားငယ်ကမျက်နှာသစ်နေပြီး သမီးကလေးကတော့ အခန်းထဲတွင် စာအုပ်ကလေးများချကာ ပုံများရေးနေလေသည်။ သမီးက ပုံဆွဲဝါသနာပါပြီး တောတောင်ရှုခင်းပုံ၊ အိမ်ပုံ၊ လူပုံများကို ကလေးလက်ရာဖြင့် သေသပ်စွာရေးဆွဲတတ်လေသည်။

''ကဲ မေမေမုန့်ဝယ်လာတယ်၊ သမီးကြိုက်တဲ့ မုန့်စိမ်းပေါင်း''

ဒေါ်မြလွင်က ထိုသို့ပြောလိုက်ပြီးနောက် သမီးအနားတွင်ထိုင်လိုက်သည်။ မုန့်ထုပ်ကိုလဲ ဖွင့်ကာချပေးလိုက်သည်။ သမီးကလေးကတော့ ပုံဆွဲရာတွင် ဈာန်ဝင်နေသည်။ သူပြောတာမကြား။

''ဒါနဲ့ သမီးက ဘာပုံတွေဆွဲနေတာလဲ''
ထိုတော့မှ သမီးလေးက ခေါင်းမော့လာလေသည်။

''ဒေါ်ဒေါ်ပုံဆွဲတာ''

ဒေါ်မြလွင်က သမီးကလေးဆွဲထားသည့်စာအုပ်ကိုယူကြည့်လိုက်သည်။ မိန်းမတစ်ယောက်ပုံဖြစ်ပြီး ဆံပင်တွေက တင်ပါးလောက်အထိရှည်သည်။ ခြေထောက်များ လက်များမှာ ပိန်ပိန်ကလေးများ ရေးဆွဲထားပြီး ထူခြားသည်က မျက်လုံးကြီးတွေက အကြီးကြီးရေးဆွဲထားခြင်းဖြစ်သည်။ ဒေါ်မြလွင်လဲ ထိုပုံကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။

''ဘယ်က ဒေါ်ဒေါ်လဲ သမီးရဲ့''

''သရက်ပင်ပေါ်က ဒေါ်ဒေါ်လေ''

သမီးလေးက ထိုသို့ပြောလိုက်တော့ ဒေါ်မြလွင်လဲ ထိတ်လန့်သွားတော့သည်။ ထို့နောက်ထိုပုံကို ပြန်ကြည့်လိုက်မိတော့ သူ့စိတ်ထဲ ခြောက်ခြားသွားရပြန်သည်။

''သမီး အဲဒီဒေါ်ဒေါ်ကို ဘယ်တုန်းကတွေ့တာလဲ''

''မနက်က တွေ့တာလေ။ အဲဒီဒေါ်ဒေါ်က သစ်ပင်အောက်မှာရပ်နေတာ။ သမီးလဲလာရော သစ်ပင်ပေါ်ကို ကုပ်တက်သွားတယ်''

''သ . . . သမီး၊ မေမေ ခုနက မှာထားတယ်နော် . . . နောက်ဆိုသရက်ပင်အောက်ကို မသွားနဲ့တော့''

သမီးလေးက ခေါင်းလေးညိတ်လိုက်ပြီး မုန့်စိမ်းပေါင်းတုံးကို လက်ဖြင့်ကိုင်ကာ စားနေတော့သည်။

''ဆရာကတော် . . . ဆရာကတော်''

ခြံရှေ့မ ၀၀ဖိုင့်ဖိုင့်နှင့် အမျိုးသမီးတစ်ယောက်က ခေါ်နေလေသည်။ ခြံရှေ့ဆိုသော်လည်း ကားလမ်းမပေါ်မှနေပြီး ခေါ်နေခြင်းဖြစ်သည်။ ဒေါ်မြလွင်ကလဲ အိမ်ထဲမှပြေးထွက်လိုက်သည်။

''ဘယ်သူလဲရှင့်''

''ဆရာက ဟင်းစားပို့ခိုင်းလိုက်လို့ပါ''

''ဝင်ခဲ့လေ''

ထိုအခါ ထိုအမျိုးသမီးက အိမ်ရှေ့မှ သရက်ပင်ကြီးကို တစ်ချက်ကြည့်ရင်း ခြေလှမ်းတွေ တုံ့နေလေသည်။ ဒေါ်မြလွင်လဲသိလိုက်ပြီးနောက် ခြံထဲမှပြေးထွက်သွားတော့သည်။ ခြံအပြင် ကားလမ်းမအနီးအရောက် ထိုအမျိုးသမီးက ပြုံးပြလေသည်။

နွမ်းလျသည့် ချည်ထည်ကို ဝတ်ဆင်ထားပြီး မျက်နှာပြင်တစ်ခုလုံးကို သနပ်ခါးတွေဖုံနေအောင် လူးထားလေသည်။ ပါးစပ်ကလဲကွမ်းတွေစားထားသဖြင့် နီရဲနေကာ သွားတွေကလဲ ကွမ်းချိုးတွေနှင့် မည်းညစ်နေလေသည်။

''ဆရာက ဆရာကတော် ဈေးမသွားဖြစ်ဘူးဆိုတာ သိတာနဲ့ ကျွန်မကို ဈေးဖိုးပေးပြီး ဈေးသွားခိုင်းလို့၊ ကျွန်မလဲ ဘာဝယ်ရမလဲမသိတာနဲ့ ကြက်သား၊ ငါးလောက်ပဲ ဝယ်လာခဲ့တော့တယ်''

''ဒါနဲ့ ရှင်က ဘယ်သူလဲ''

''ကျွန်မနာမည်က လုံးတင်ပါ၊ ရုံးက ရုံးစောင့်ကြီးရဲ့ မိန်းမပါ''

''အိမ်ထဲဝင်ပါဦးလား''
ထိုအမျိုးသမီးက စက်ဘီးကိုပြန်လှည့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။

''နောက်မှပဲ ဝင်တော့မယ်၊ သွားလိုက်ဦးမယ် ဆရာကတော်''

ထိုသို့ပြောပြီးနောက် စက်ဘီးနင်းကာ ပြန်ထွက်သွားတော့သည်။ ဒေါ်မြလွင်လဲ သူပေးခဲ့သည့် ကြက်သားထုပ်၊ ငါးထုပ်နှင့် ဟင်းသီးဟင်းရွက်အချို့အား ပိုက်လျှက် ပြန်လာခဲ့လေသည်။

သစ်တိုသစ်စများ၊ အိမ်အဟောင်းကိုဖျက်ထားသည့် သစ်များကို ထင်းအဖြစ်အသုံးပြုပြီး ချက်လိုက်ရာ ထမင်းအိုးတစ်အိုးနှင့် ကြက်သားဟင်း၊ ငါးကြော်တို့မှာ ခဏလေးနှင့်ကျက်သွားလေသည်။ ထမင်းချက်ပြီးတော့ နေ့လည်ရောက်နေပြီ၊ ကလေးတွေနှင့်အတူနေ့လည်စာစားရင်း ဘာရယ်မဟုတ်၊ လက်သမားတွေ အလုပ်လုပ်တာကို ထိုင်ကြည့်နေသည်။

လက်သမားတွေအတွက် ရေနွေးကျိုပေးပြီး လက်ဖက်ခြောက်ခပ်ပေးသည်။ မကြာခင် လက်သမားတွေ ထမင်းစားနားကြသည်။ ပဲခြမ်းကြော်သုပ်တစ်ခွက်ကို သုပ်ပေးဖြစ်သည်။ သူချက်ထားသည့် ဟင်းများကို ချကျွေးသော်လည်း လက်သမားများက မစားကြဘဲ သူတို့သယ်လာသည့် ထမင်းချိုင့်များကိုသာ ဖွင့်စားလေသည်။ ထမင်းစားပြီး လက်သမားတွေ ခဏနားနေကြသည်။ လက်သမားများက သူတို့နှင့်ဝေးရာတွင်သာနေသည်။ အားနာသောကြောင့်ဖြစ်မည်ထင်သည်။ လက်သမားခေါင်း အဖိုးကြီးသာ သူတို့အနီးတွင် ရေနွေးသောက်နေလေသည်။

''အဘ ဒါနဲ့ ဒီခြံမှာ တစ်ခုခုထူးဆန်းတာဖြစ်ဖူးလား''

ထိုသို့မေးလိုက်သဖြင့် အဖိုးကြီးလဲ ခဏရပ်တန့်သွားလေသည်။ ထို့နောက် ရေနွေးပြန်သောက်နေပြန်သည်။

''ဘာထူးထူးခြားခြားလဲ''

''ဟိုဟာလေ . . . သရဲတွေ ဘာတွေ ခြောက်ခံရတာတို့ပေါ့''

'''ဘာမှ မရှိပါဘူး၊ အေးဆေးပါပဲ''

သို့သော် ဒေါ်မြလွင်က မကျေနပ်နိုင်သေး၊ အဖိုးကြီးက တစ်ခုခုတော့ သိထားပုံရသည်။

''အဘရယ် .  . . ကျွန်မတို့က ဒီမှာနောက်ပိုင်း တာဝန်ကျသလောက်နေရတော့မှဆိုတော့ တစ်ခုခုထူးခြားရင် ကျွန်မတို့လဲ သိထားသင့်တယ်မဟုတ်လား။ ဒါမှ တစ်ခုခုဆိုပြင်ဆင်ထားလို့ရတာပေါ့''

ထိုအခါ အဖိုးကြီးက ရေနွေးတစ်ခွက်ငှဲ့လိုက်ပြီး အတန်ငယ်စဉ်းစားနေသည်။

''ကောင်းပြီ၊ အဘပြောပြမယ် ဒါပေမယ့် ဒါကို အဘပြောတယ်လို့တော့ မပြောနဲ့''
ဒေါ်မြလွင်လဲ သိချင်စိတ်ဖြင့် တံတွေးတစ်ချက်မြိုချလိုက်ပြီး ခေါင်းညိတ်ပြလိုက်တော့သည်။

(င)

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခန့်(ယခုအချိန်နှင့်ဆို အနှစ်လေးဆယ်ခန့်) ကဖြစ်သည်။
ထိုမြို့ကလေးက အဝေးပြေးလမ်းမကြီးနံဘေးမို့ စည်ကားလှသည်။ ထိုကာလက အဝေးပြေးလမ်းမမှာ ထိုလမ်းကိုသာ အသုံးများကြသည်မို့ ခရီးသည်တင်ဘတ်စ်ကားများ၊ ကုန်တင်ကားများ၊ ခရီးသွားကားများ၊ ဘုရားဖူးကားများဖြင့် စည်ကားလျှက်ရှိသည်။

ထိုမြို့ကလေး၏ အစွန်ဘက်ပိုင်းတွင် သရက်ပင်ကြီးတစ်ပင်နှင့် ခြံတစ်ခုရှိသည်။ ထိုခြံထဲတွင် သစ်သားတစ်ထပ်အိမ်ကလေးတစ်လုံးရှိပြီးနောက် ထိုခြံတွင် လူမျိုးခြားများနေထိုင်ကြသည်။ သူတို့သည် နေထိုင်ရုံမျှသာမက ခြံဝင်းအတွင်းတွင် အသုံးပြုပြီးသော ကြေး၊ သံ၊ ဒန် နှင့် စာရွက်များကို ပြန်လည်ဝယ်ယူသည့် လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ ခြံအတွင်းတွင် ထိုပြန်လည်ဝယ်ယူထားသည့် အဟောင်းများကို ပုံထားကြသည်။

မဒန်ဘီမှာ ထိုခြံတွင်နေထိုင်သည်။ ခြံပိုင်ရှင်က သူ့ယောက်ျားဖြစ်သည်။ သူတို့လင်မယားမှာ ထိုအဟောင်းပြန်ဝယ်သည့်လုပ်ငန်းလုပ်ကိုင်ရင်း စုမိဆောင်းမိဖြစ်လာသဖြင့် ထိုခြံကိုဝယ်ယူလိုက်ကာ ခြံတွင်အလုပ်လုပ်ကိုင်ကြသည်။ မဒန်ဘီသည် စိတ်သဘောထားလဲ ဆိုးပြီး အလွန်ကပ်စေးနဲကာ နှမြောတွန့်တိုတတ်လေသည်။ ထိုအချိန်က သူတို့ခြံနံဘေးတွင် အိမ်ကလေးများ တန်းစီပြီးရှိကြလေသည်။

''ဟေ့ . . . ကလေးတွေ သွားကြ . . . သရက်သီးလာမခူးကြနဲ့''

နှစ်တိုင်း သရက်သီး သီးချိန်၊ ပွင့်ချိန်ရောက်လျှင် မဒန်ဘီတစ်ယောက် အလုပ်များရဆဲဖြစ်သည်။ သူတို့အိမ်ရှေ့တွင်ပေါက်နေသည့် သရက်ပင်တစ်ပင်သည် အလွန်ဖူးအား ပွင့်အားကောင်းလေသည်။ သရက်ကင်းကျချိန်ဆိုလျှင်  အနီးမှ ကလေးငယ်များက သရက်ပင်အား လေးခွနှင့်ပစ်ကြ၊ ဖိနပ်နှင့်ပစ်ကြပြီး သရက်ကင်းကလေးများကို ခူးကြလေ့ရှိသည်။

စင်စစ် မဒန်ဘီ က သရက်ပင်ကိုလာခူးသူမှန်သမျှကို အော်ငေါက်လွှတ်နေသော်လည်း ထိုသရက်ပင်မှာ သူ့အပိုင်တော့မဟုတ်၊ အဝေးပြေးကားလမ်ကြီးနှင့် လူနေခြံများအကြားတွင် ကျယ်ပြန့်စွာလွတ်နေသည့် လမ်းနယ်တွင် ပေါက်နေခြင်းဖြစ်သည်။

သရက်သီး ကြီးချိန်ဆိုလျှင် ကလေးရော၊ လူကြီးပါ သရက်သီးလာခူးတတ်သည်။ ထိုအခါ မဒန်ဘီနှင့် အမြဲရန်ဖြစ်မြဲဖြစ်သည်။

''ဟေ့ . . . ဒီအပင်က သူ့ဘာသာ လမ်းဘေးပေါက်နေတဲ့အပင်၊ ငါတို့စားချင်လို့ ခူးတယ်၊ ဘာဖြစ်လဲ''

''အောင်မာ . . .တကတည်းတော် . . . စားချင်ရင်ဈေးမှာဝယ်စား၊ ဒီမှာ ရှင်းရှင်းပြောမယ်၊ ကျုပ်ခြံရှေ့က အပင်ဟာ ကျုပ်အပင်ပဲ၊ သွားကြနော် . . . မသွားရင် ကျုပ်အဆိုးမဆိုနဲ့''

''အေး . . . ခင်ဗျားအဲဒီအပင်ကို စွဲနေ . . . ခင်ဗျားသေရင် အဲဒီအပင်မှာ သရဲဖြစ်နေလိမ့်မယ်''

သရက်ပင်မှ သရက်ကင်း၊ သရက်သီး၊ သရက်သီးမှည့် အရာအားလုံးကို မဒန်ဘီတွန့်တိုသည်။ သရက်ပင်မှည့်ချိန်ဆိုလျှင်တော့ မဒန်ဘီပျော်ရပြီ သရက်သီးများကို သူ့တူများကို တက်ခူးခိုင်းပြီး အမှည့်ခံကာ အုပ်ထားလေသည်။

''သရက်သီးကို မြန်မြန်မှည့်ချင်ရင် ကောက်ရိုးနဲ့အုပ်ရတယ်၊ အရောင်လှချင်ရင် စပါးခွံနဲ့အုပ်ရတယ်၊ အရောင်ရော အနံ့ကောကောင်းချင်ရင်တော့ ပိတောက်ရွက်နဲ့အုပ်ရတယ်တဲ့။ ဒီတော့ ငါ့တူတွေ ဟိုဖက်ထိပ်က ပိတောက်ပင်ကြီးကိုတက်ပြီး ပိတောက်ကိုင်းများများသာ ခုတ်ချကြတော့''

သူ့တူတွေလဲ မဒန်ဘီအမိန့်နှင့် လမ်းဘေးပေါက်နေသည့် ပိတောက်ကိုင်းများကို လိုက်ခုတ်ကြတော့သည်။

''ဟိတ် . . . ဒါကျုပ်ပိတောက်ပင် မခုတ်နဲ့''
ရွာထဲရှိ အိမ်တစ်အိမ်ရှေ့တွင်ပေါက်နေသည့် ပိတောက်ပင်ကြီးကို မဒန်ဘီက ပိတောက်ပင်အောက်မှရပ်ကြည့်နေကာ ကောင်လေးနှစ်ယောက်ကတော့ ပိတောက်ပင်ပေါ်တက်ပြီး ပိတောက်ကိုင်းများကို ခုတ်ထစ်နေကြသည်။ ထိုစဉ် ထိုပိတောက်ပင်၏ အနောက်ဘက်အိမ်မှ လူတစ်ဦးထွက်လာပြီး သူတို့ကိုတားမြစ်သည်။

''အောင်မာ  . . . ငါ့ဖာသာ လမ်းပေါ်ပေါက်နေတဲ့ ပိတောက်ပင်ခုတ်တာဘာဖြစ်လဲ''

''လမ်းပေါ်ပေါက်ပေါက် . . . . ကျုပ်အိမ်ရှေ့မှာ ပေါက်နေတာ ကျုပ်အပင်ပဲ''

''ရှင်လူပါးမဝနဲ့ ပိတောက်ပင်က ရှင်တို့ခြံနဲ့အဝေးကြီးရှိသေးတယ်၊ ဟဲ့ကလေးတွေ ခုတ်သာခုတ်ကြ''

''ခင်ဗျားတို့နော်၊ ကျုပ်ဓါးဆွဲပြီးလာတော့မှ ကျုပ်အဆိုးမဆိုနဲ့''

''ကြီးကြီးကျယ်ကျယ် ဒီလူကတော့ သူ့ပိတောက်ပင်က စားရသောက်ရတာကျနေတာပဲ''

မဒန်ဘီက ရေရွတ်လိုက်ပြီး ထမီကိုပြင်ဝတ်လိုက်သည်။

''ဟဲ့ ကလေးတွေ အဲ့ဒီသေနာကျရဲ့ ပိတောက်ပင်ကနေဆင်းလာခဲ့စမ်း''

ထိုသို့ပြောလိုက်သဖြင့် ကောင်လေးနှစ်ယောက်လဲ ပိတောက်ပင်ပေါ်မှဆင်းလာခဲ့သည်။ မဒန်ဘီကတော့ ထိုလူကြီးကို မျက်စောင်းထိုးပြီးကြည့်လိုက်ပြီးနောက် ထွီကနဲ တံတွေးတစ်ချက်ထွေးလိုက်ကာ မြေပြင်ကိုဖနောင့်ဖြင့် ပေါက်လိုက်သေးသည်။ ထို့နောက် သူတို့ခုတ်ပြီးသော ပိတောက်ကိုင်းများကို ဆွဲကာ စိတ်ဆိုးဆိုးနှင့်ထွက်သွားတော့သည်။ ထိုအခါ ခြံရှေ့မှာရပ်နေသည့်သူက မဒန်ဘီတို့ကိုကြည့်ပြီး ပြုံးရင်းရေရွတ်လိုက်သည်။

''ဪလူတွေ၊ လူတွေ၊ သူ့ဟာသူကားလမ်းဘေးပေါက်နေတဲ့အပင်ကိုတော့ သူ့အပင်ဆိုပြီး တွန့်တိုနေလိုက်တာ၊ သူများအိမ်ရှေ့ပေါက်နေတဲ့ ပိတောက်ပင်ကျတော့ ပိုင်စိုးပိုင်နင်းနဲ့ တက်ခုတ်ချင်သပ အံ့ရော . . . "

သရက်သီးတွေမှည့်ပြီ၊ သရက်သီးတွေက ဝင်းမှည့်နေသလို မဒန်ဘီမျက်နှာကြီးကလဲ ပြုံးပျော်နေလေသည်။

"ဟဲ . . ဟဲ၊ သရက်သီးတွေက ဝင်းမှည့်ပြီး အနံ့ကလဲ မွှေးကြိုင်နေတာပဲ၊ ရောင်းလို့တော့ရပြီ''

ထိုသို့ပြောလိုက်ကာ သရက်ခြင်းတောင်းများကို ဈေးသို့သယ်ပြီး ရောင်းချလေသည်။ ရက်ကွက်အတွင်းလဲ သူကိုယ်တိုင် လိုက်ပြီးအော်ရောင်းလေသည်။ မဒန်ဘီသရက်သီးမှာ အလုံးကြီးပြီး ချိုလဲချိုသဖြင့် ဈေးကောင်းရလေသည်။ သို့သော် ရပ်ကွက်အတွင်း အိမ်နီးချင်းများက နှာခေါင်းရှုံ့ကြသည်။

''အလကားရတဲ့ သရက်သီးကို ခူးပြီးရောင်းတာ ဒီလောက်ဈေးကြီးရသလား''

''ဘာဖြစ်လဲ . . . ဒီဈေးကဒီဈေးပဲ ဝယ်မစားနိုင်ရင် မစားကြနဲ့''

ထိုသို့ပြောသော်လည်း သူတို့ရပ်ကွက်အတွင်းကသာ သိပ်ဝယ်မစားကြသော်လည်း အခြားရပ်ကွက်များသို့ပတ်လိုက်လျှင် သရက်သီးမှာ အလွန်ရောင်းရလေသည်။

မဒန်ဘီ သရက်သီးကို ဘယ်လောက်တွန့်တိုသလဲဆိုလျှင် သူ့အိမ်မှ လူများပင် မစားရချေ။
''မစားကြနဲ့၊ အဲဒါရောင်းဖို့ အလကားကျွေးဖို့မဟုတ်ဘူး''

သို့သော် သူ့ဆိုင်မှ အလုပ်သမားများ၊ အိမ်ကလူများက သူလစ်လျှင် လစ်သလို ခိုးစားကြသည်။ ထိုအကြောင်းတော့ မဒန်ဘီပြန်မသိစေနှင့်၊ သိလို့ကတော့ တစ်အိမ်လုံးပွဲကြမ်းပြီဖြစ်သည်။ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအသံဖြင့် မဒန်ဘီအော်ဟစ်ပြီးဆဲဆိုသည်။ ခိုးစားသည့်လူကို ကျိန်စာတိုက်သည်။

''ငါ့သရက်သီးကို ငါမသိအောင်ခိုးစားတဲ့လူတွေ ကုန်းလမ်းသွားရင် ကားတိုက်သေပါစေ၊ ရေလမ်းသွားရင်လှေမှောက်သေပါစေ၊ ထမင်းစားရင် စားပိုးနင့်သေကြပါစေတော် . . .''

မဒန်ဘီမှာ သရက်သီးကို ထိုမျှတွန့်တိုနေသော်လည်း သူကိုယ်တိုင်ကတော့ သရက်သီးစားမရပေ။ မဒန်ဘီမှာ ဆီးချိုရောဂါရှိသည်မို့ သရက်သီးမှည့်ကို ရှောင်ထားရသည်။ အချိုစားမိပါက ဆီးချိုများဆောင့်တက်လာပြီး ခေါင်းမူးက မဒန်ဘီ မထနိုင်တော့။ ဒါတောင်တစ်ခါတစ်ရံ ဂျလေဘီများ အချိုမုန့်မျာကို ခိုးစားတတ်သေးသည်။

(စ)

တစ်နေ့။
မဒန်ဘီ၏ ညီမဝမ်းကွဲတစ်ယောက် အိမ်သို့ရောက်လာလေသည်။ သူ့လက်ထဲတွင်လဲ ဘူးလေးတစ်ခုကိုင်လာလေသည်။

''ဟဲ့ . . . ကျားသားမိုးကြိုး . . . ဘာလာလုပ်တာလဲ''

''ကျွန်မသား ဆယ်တန်းအောင်တာ ဂုဏ်ထူး ၃ဘာသာပါတယ်လေ၊ ဒါကြောင့် အကို့ဖို့ မလိုင်နဲ့မုန့်အချိုတွေလာပေးတာ၊ အကိုကောရှိလား''

''နင့်အကိုကတော့ သိတဲ့အတိုင်း အရည်မရအဖတ်မရ လက်ဖက်ရည်ဆိုင်ကိုသွားတာပေါ့၊ အတော်ပဲ ငါလဲအခုတစ်လော အချိုစားချင်နေတာနဲ့''

မဒန်ဘီက အချိုမုန့်များ မလိုင်များကို တစ်ယောက်ထဲဖောက်စားနေသည်။ သူ့ညီမက အိမ်ကိုဝေ့ကြည့်လိုက်ရာ သရက်သီးမှည့်များကို ဆွဲခြင်းထဲထည့်ထားသည်ကိုတွေ့လိုက်ရလေသည်။

''သရက်သီးတွေက မှည့်ပြီး မွှေးနေတာပဲနော်''

''အေး အဲဒါရောင်းတာ၊ နင်လဲစားချင်ရင် ဝယ်သွားပါလား''

ညီမဝမ်းကွဲက မျက်နှာပျက်သွားသည်။ သူ့ကို သရက်သီးပြန်ရောင်းနေသည့် မဒန်ဘီကိုလဲ ဒေါသထွက်သွားသည်။ သရက်သီး တစ်လုံး နှစ်လုံးကိုပင် လက်ဆောင်မပေးနိုင်ဘဲ ကပ်စေးကုပ်နေသည်ကိုကြည့်ပြီး စိတ်တိုလာသည်။ မဒန်ဘီကတော့ သူပေးသည့်မုန့်တွေကို တစ်ဖြဲနှစ်ဖြဲထိုင်ပြီးစားနေလေသည်။

''မဝယ်တော့ပါဘူးအမရယ်၊ အမအသီးတွေက အနံ့တော့မွှေးရင်မွှေးမယ်၊ ကျွန်မတို့ခြံနောက်ဖေးက အပင်ကိုတော့ အရသာ မမီလောက်ဘူး အမရဲ့''

''အောင်မယ်၊ ငါ့သရက်သီးကို နင်စားဘူးရဲ့လား၊ ငါ့သရက်သီးက အရသာအရမ်းကောင်းတာဟဲ့''

''ဟင်း . . .ဟင်း အမက အရသာအရမ်းကောင်းတယ်ဆိုဘဲ အမသရက်သီးကို အမတောင်စားဖူးရဲ့လား''
ထိုတော့မှ မဒန်ဘီ ပါးစပ်ပိတ်သွားသည်။ သူ့သရက်သီးများကို သူတစ်ခါမှ မစားဖူးပေ။ အကုန်လုံးကိုရောင်းချပြီး ငွေရှာဖို့သာ စိတ်ကူးထားသည်။ ယခုတော့ သူ့ညီမဝမ်းကွဲပြောလိုက်သည်မို့ စိတ်ထဲမတင်မကျဖြစ်သွားသည်။

သူ့ညီမဝမ်းကွဲပြန်သွားတော့ မဒန်ဘီက မလိုင်တွေကုန်အောင်စားလိုက်ပြီးနောက် သရက်တောင်းကိုအနီးယူလိုက်ပြီး ဓါးကလေးတစ်ချောင်းကိုလဲ ယူလိုက်သည်။ သရက်သီးကို အခွံမခွာဘဲ ထက်ခြမ်းနီးပါးလှီးချလိုက်ပြီးနောက် အစိတ်ကလေးများကို ဓါးဖြင့်အရာပေးကာ သရက်သီးခွံကိုတွန်းတင်လိုက်သည့်အခါတွင် သရက်သီးစိတ်ကလေးများမှာ ကြွတက်လာလေသည်။ မဒန်ဘီလဲ သရက်သီးတစ်စိတ်ကိုစားလိုက်သည်။

အလွန် အနံ့အရသာနှင့်ပြည့်စုံသည်ဖြစ်ရာ မဒန်ဘီ သရက်သီးတစ်လုံးမည်သို့ကုန်သွားသည်ပင်မသိအောင် စားသောက်လိုက်လေသည်။ စားသောက်မဝသေးသဖြင့် နောက်ထပ်သရက်သီးများကို ခွဲစားရာ ဆယ်လုံးခန့်ကုန်သွားတော့မှ တင်းတိမ်သွားလေသည်။

''အင်း ဗိုက်တွေလဲပြည့်နေပြီ၊ မျက်ခွံတွေလဲ လေးလာလိုက်တာ ခဏလောက်မှေးဦးမှပဲ''

မဒန်ဘီမှာ ထိုဆိုဖာကလေးတွင်ပင် လှဲပြီးအိပ်ချလိုက်တော့သည်။ ၀၀ဖိုင့်ဖိုင့်နှင့် မဒန်ဘီမှာ နောက်ထပ်ပြန်နိုးမလာတော့ပေ။ အကြောင်းမှာ ဆီးချိုအတက်လွန်ပြီး သေဆုံးသွားခြင်းဖြစ်ပေသည်။

မဒန်ဘီသေဆုံးပြီးသည်နှင့် သရက်ပင်တွင်စွဲနေတော့သည်။ မဒန်ဘီကို မြေချသည့်နေ့တွင် ခြံထဲမှ အလောင်းကိုထုတ်အလာ သရက်ပင်ပေါ်မှ မဒန်ဘီက ဇောက်ထိုးကြီးဆင်းလာသဖြင့် အသုဘပို့သူများကြောက်လန့်ပြီးထွက်ပြေးကြရာ အလောင်းကြီးမှာ ခြံရှေ့ရေမြောင်းအတွင်း ကျနေခဲ့တော့သည်။ နောက်တော့မှ ပြန်ကောက်ပြီး သဂြိုလ်ပေးတော့သည်။

မဒန်ဘီမှာ တဖြည်းဖြည်းပိုခြောက်လှန့်လာလေသည်။ သရက်ပင်ပေါ်တွင် ငုတ်တုတ်ထိုင်နေသည်ကို မြင်တွေ့ရသဖြင့် နောက်ဆုံးသူ့ယောက်ျားကလဲ ထိုခြံကို ရရာဈေးနှင့်ရောင်းပြီး ပြောင်းရတော့သည်။ မဒန်ဘီမှာ သရက်ပင်တွင် ကျန်နေခဲ့လေသည်။ ထိုသရက်ပင်အောက်ဖြတ်လျှောက်သူများ၊ လာကစားသည့်ကလေးငယ်များ၊ လမ်းဖြတ်သွားကြသည့် လမ်းသွားလမ်းလာများပင်မကျန် လိုက်ခြောက်လှန့်လေသည်။ သရက်သီးပေါ်ချိန်ဆို ပိုမိုခြောက်လှန့်လျှက်ရှိရာ ထိုအနား အိမ်များမှလူများပင် မနေဝံ့တော့ဘဲ ခြံများကို ရောင်းချလျှက် ပြောင်းကြတော့သည်။

ထိုခြံကြီးကို ထိုမြို့ကလေးမှ လူများသည် အလကားပေးတောင် မယူကြ၊ မနေရဲကြပေ။ ထို့ကြောင့်ပွဲစားများသည် ထိုခြံကြီးအား နယ်ဝေးမှလူများ၊ ထိုခြံအကြောင်းမသိသူများကို ရောင်းချကြလေသည်။ ဝယ်ယူပြီးသည့်သူများလဲ တစ်ပတ်၊ နှစ်ပတ်၊ အချို့ဆို တစ်လ နှစ်လကြာသည်နှင့် ရသည့်ဈေးနှင့်ပြန်ရောင်းတတ်ကြသည်။

''ဒါ . . . ဒါဆို မြလွင်တို့ကိုလဲ ပွဲစားက လုပ်စားသွားတာပေါ့''

အဖိုးကြီးက ခေါင်းငိုက်ကျသွားသည်။ ဘာမှဆက်မပြောတော့ဘဲ ဆေးလိပ်ကိုမီးညှိပြီး ဖွာရှိုက်နေလိုက်သည်။

''အဘလဲ ဘာမှမပြောဘူးလို့နေမလို့ပဲ ''

''ရတယ်အဘ၊ ကျေးဇူးတင်ပါတယ် မြလွင်တို့လဲ ဒီမှာနေမယ်ဆိုတော့ ကြိုသိထားတော့ကောင်းတာပေါ့''
ဒေါ်မြလွင်က ထိုသို့ပြောလိုက်သော်လည်း သူ့စိတ်ထဲတွင် ကြောက်လန့်နေလေသည်။

''သရက်ပင်နဲ့ သိပ်ပြီး ပက်ပက်သက်သက်မလုပ်နဲ့ပေါ့၊ ကိုယ့်ဖာသာကိုယ်ရှောင်ကြပေါ့''

ဒေါ်မြလွင်က ခေါင်းညိတ်လိုက်သည်။ ထိုနေ့တော့ ဒေါ်မြလွင်စိတ်တွေ ထိုင်းမှိုင်းနေသည်။ ထိုအကြောင်းကို ဦးပြေငြိမ်းကို ပြောသင့်၊ မပြောသင့် စဉ်းစားနေရာမှ မပြောတော့ရန်အတွက်ဆုံးဖြတ်လိုက်တော့သည်။

(ဆ)

ငြိမ်းအောင်ကအိမ်ထဲမှာ ဆော့ကစားရတာ ပျင်းရိလာသည်။ ထို့ကြောင့် သူဆော့နေကျဘောလုံးကလေးကို ယူခဲ့ပြီးနောက် အိမ်ထဲမှထွက်ရန်ပြင်ဆင်လိုက်သည်။ ညီမလေးကတော့ အရုပ်မတစ်ရုပ်နှင့်ဆော့ကစားနေသည်။ မေမေကတော့ ညနေစောင်းပြီမို့ အိမ်နောက်ဖေးတွင် ထမင်းဟင်းချက်ပြုတ်နေသည်။

ငြိမ်းအောင်လဲ ခြံထဲတွင် ဘောလုံးကန်နေသည်။ သို့သော်တစ်ယောက်တည်းမို့ ပျင်းစရာကောင်းလာပြန်သည်။ လက်သမားတွေကလဲ သူ့အလုပ်နှင့်သူမို့မကြားလပ်ကြ။

''ဟုတ်ပြီ၊ ခြံတံခါးက ဖွင့်ထားတာ ဂိုးပေါက်နဲ့တူတယ်၊ အဲဒါကို ဂိုးလုပ်ပြီးသွင်းရမယ်''

ထိုသို့တွေးလိုက်ပြီးနောက် အိမ်ရှေ့တွင် ဘောလုံးကိုတည်ထားလိုက်ပြီးနောက် အနောက်ကိုသုံးလှမ်းခန့်ဆုတ်လိုက်ပြီး အားယူကာ ဘောလုံးကိုပြေးကန်လိုက်သည်။

''ဂိုး . . .''

ပါးစပ်မှ ပျော်ရွှင်စွာလဲ အော်ဟစ်လိုက်သည်။ ဘောလုံးက ခြံတံခါးမှထွက်သွားကာ အရှိန်ဖြင့်လွင့်သွားပြီး သရက်ပင်အောက်တွင် ကျနေလေသည်။ ငြိမ်းအောင်လဲ ဘောလုံးကောက်ရန် ပြေးထွက်လာခဲ့သည်။ သရက်ပင်အောက်တွင် ဘောလုံးကို ကုန်းကောက်လိုက်သည်။ ထိုစဉ် သရက်ပင်ပေါ်မှ သရက်ရွက်တစ်ချို့က သူ့နားကို ဝဲပျံပြီးကျလာသည်။ သရက်ပင်ပေါ်မှလဲ တချွတ်ချွတ်ဖြင့် အသံကြားလိုက်သဖြင့် သရက်ပင်ပေါ်မော့ကြည့်လိုက်သည်။

''အမေရေ . . . .''

သရက်ပင် ပင်စည်မှနေပြီး ပင့်ကူကြီးတစ်ကောင်လို ဇောက်ထိုးကြီးတွယ်ကပ်ဆင်းလာသည့် သရဲမကြီးကို မြင်လိုက်ရသည်။ ငြိမ်းအောင်မှာ ကြောက်ဒူးတွေတုန်သွားပြီး အသံမှာလဲ ကတုန်ကယင်ဖြစ်သွားသည်။

''မေ . . . မေ''

ပါးစပ်မှအော်လိုက်သော်လည်း အသံကမထွက်တော့။ သရဲမကြီးမှာ သူနှင့်အလွန်နီးကပ်လာလေသည်။ မျက်လုံးပြူးပြူးနှင့် ဆံပင်တွေကလဲအရှည်ကြီးတွေဖြစ်သည်

''ကောင်လေး . . .ဟား . . . ဟား''

ထိုသို့ရယ်လိုက်သောအခါ ပါးစပ်ကြီးပွင့်သွားပြီး အတွင်းမှ အစွယ်ကြီးများကိုမြင်နေရသည်။ ငြိမ်းအောင်လဲ ကြောက်သေးတွေထွက်ကျကာ ဘောင်းဘီတွေ စိုရွှဲကုန်တော့သည်။ သရဲမကြီးက အရိုးအပြိုင်းပြိုင်းကျနေသော လက်ကြီးဖြင့် သူ့အားလာဆွဲဖို့ နီးကပ်လာလေသည်။

''တီ . . . တီ''

ထိုစဉ် ကားဟွန်းတီးသံကြားလိုက်ရသည်။ ငြိမ်းအောင်လဲ အလန့်တကြား ကားကိုလှည့်ကြည့်မိလိုက်သည်။ ဦးပြေငြိမ်းအလုပ်မှပြန်လာခြင်းဖြစ်ပြီး ခြံရှေ့တွင် သူ့သားကိုတွေ့လိုက်သဖြင့် ခြံထဲသို့မောင်းမဝင်သေးဘဲ ကားဟွန်းတီးက ခေါ်လိုက်ခြင်းဖြစ်သည်။

''သား ဘာလုပ်နေတာလဲ''

ငြိမ်းအောင်လဲ ထိုတော့မှ သတိရကာ သရဲမကြီးကိုပြန်လှည့်ကြည့်လိုက်သည်။ ဘာမှမရှိတော့။ သို့နှင့် သရက်ပင်ကြီးပေါ်သို့ မကြည့်ရဲကြည့်ရဲနှင့် မော့ကြည့်လိုက်သည်။ သရက်ပင်ကြီးတွင် ထူးဆန်းတာဘာမှမတွေ့ရတော့ပေ။ ငြိမ်းအောင်လဲ ကြောက်လန့်တကြားဖြင့် ခြံထဲသို့ ပြေးဝင်လိုက်လေသည်။

ငြိမ်းအောင်လဲ ထိုမှစပြီး စကားလဲသိပ်မပြောတော့၊ တစ်မျိုးထူးဆန်းနေကြောင်း ဒေါ်မြလွင်က ရိပ်မိလိုက်သည်။ နောက်နေ့ရောက်သောအခါတွင်လဲ တစ်မှိုင်မှိုင်နှင့်ဖြစ်နေသည်။ ပိုထူးဆန်းသည်က အိမ်ရှေ့သို့ပင်မထွက်ရဲအောင်ကို ဖြစ်နေသည်။ ဒေါ်မြလွင်လဲ မနက်စာစားပြီးသည်နှင့် သားငယ်ကိုကပ်မေးရတော့သည်။

''သား . . . သရဲမကြီးနဲ့တွေ့တယ်မေမေ''

ဒေါ်မြလွင်လဲ ထိတ်လန့်သွားပြီးနောက် သားငယ်ကိုဖက်ထားလိုက်တော့သည်။
'
''ကျွန်မတော့ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး အဘရယ်''

လက်သမားခေါင်း အဘကြီးကို တိုင်ပင်ရတော့သည်။

''ကလေးတွေနဲ့ဆိုတော့ အဲဒီသရက်ပင်ကို ခြံစည်းရိုးခတ်ထားလိုက်ပါလား၊ အရင်အိမ်ဟောင်းကိုဖျက်တုန်းက သစ်တို သစ်စတွေရှိသေးတယ်လေ''

''ကျေးဇူးတင်ပါတယ်အဘရယ်၊ ဒါဆိုအဘတို့ပဲလုပ်ပေးနော်''

သစ်တိုသစ်စများကို ဖြတ်တောက်ပြီးနောက် ခြံတံခါးအထွက်မှ ဘယ်ဘက်ခြမ်း၊ သရက်ပင်ရှိသည့်ဘက်ကို ခြံစည်းရိုးကလေးတစ်ခုလုပ်ပြီး နေ့တွင်းချင်းကာရံလိုက်လေသည်။ ကလေးများ ရုတ်တရက်သရက်ပင်အောက်သို့ မသွားနိုင်တော့ပေ။

ထိုနောက်ပိုင်းတော့ ထွေထွေထူးထူးသိပ်မဖြစ်တော့ တစ်ခါတစ်ရံ ဒေါ်မြလွင်အမှတ်တမဲ့ သရက်ပင်ကို လှမ်းကြည့်မိသည့်အခါ သရက်ကိုင်းများပေါ်တွင် ထိုင်နေသည့် မဒန်ဘီသရဲမကြီးကို မြင်တွေ့ရတတ်သည်။

(ဇ)

နှစ်ပတ်ခန့်ကြာတော့ အိမ်က ပြီးစီးသွားပြီဖြစ်သည်။ အိမ်အောက်က အုတ်ခံကို ဆေးအပြာနုရောင်ကလေး သုတ်ထားပြီး အပေါ်ထပ်ကတော့ ပျဉ်ထောင်သွပ်မိုးဖြစ်သည်။ အိမ်အပေါ်ထပ်အရှေ့တွင် ဝရန်တာမတပ်ဘဲ တရုတ်ကပ်မှန်များကိုသာ တပ်ဆင်ထားသည်။ အိမ်ပြီးစီးတော့ ထုံးစံအတိုင်း အိမ်တက်ဆွမ်းကျွေးရန်စီစဉ်ရတော့သည်။

ဦးပြေငြိမ်းက အလုပ်မအားသဖြင့် ဒေါ်မြလွင်တစ်ယောက်သာ အကုန်လုံးကိုစီစဉ်ရသည်။ အလှူတွင်ကျွေးရန်အတွက် ထမင်းနှင့်ဟင်းကို အော်ဒါမှာလိုက်ရသည်။ အချိုပွဲအတွက်ရေခဲမုန့်၊ ကိတ်မုန့်များလဲမှာထားရသည်။ နောက်ဆုံးတော့ ဘုန်းကြီးပင့်ဖို့အတွက် စီစဉ်ရသည်။ ကလေးနှစ်ဦးမှာ ကျောင်းပြောင်းပြီးဖြစ်သဖြင့် ကျောင်းတက်နေသဖြင့် ဒေါ်မြလွင်တစ်ယောက် နေ့လည်ပိုင်းတွင် ဘုန်းကြီးကျောင်းဘက်ထွက်ခဲ့လေသည်။ မြို့ထဲမှ ကားတစ်စီးကို နေ့တစ်ပိုင်းခန့်ငှားလိုက်ပြီးနောက် မြို့လယ်ရှိ မြို့မကျောင်းကိုပင်သွားလိုက်သည်။ ထိုကျောင်းတွင် သံဃာတော်အများအပြား သီတင်းသုံးလေသည်။

''အဲဒီနေ့ရက်ဆို အဆင်မပြေဘူး ဒကာမကြီးရဲ့''

''ငါးပါးမရလဲ ၊ သုံးပါးလောက်တော့ မကြွနိုင်ဘူးလား''

ကျောင်းထိုင်ဘုန်းကြီးက ခေါင်းခါလိုက်သဖြင့် ဒေါ်မြလွင် မြို့မကျောင်းမှ ထွက်ခဲ့ရပြန်သည်။ မြို့အတွင်း ဘုန်းကြီးကျောင်းသုံးကျောင်းရှိရာ ဘုန်းကြီးပင့်မရသဖြင့် စိတ်ပျက်သွားသည်။ သို့သော် မြို့ခံများက မြို့ပြင်မှ တောတိုက်ကျောင်းကလေးကို လမ်းညွန်ကြသဖြင့် ရလိုရငြားလာခဲ့သည်။

တောတိုက်ကျောင်းကလေးက မြို့နှင့်အတော်ကွာဝေးသည်၊ စိုက်ခင်းများ၊ သစ်တောကြီးများကို ဖြတ်ကျော်ခဲ့ပြီးနောက် တောင်ကုန်းခေါင်ခေါင်တွင် ဝါးကျောင်းကလေးတည်ဆောက်ထားလေသည်။ ဒေါ်မြလွင်လဲ ထိုကျောင်းပေါ်သို့တက်ခဲ့သည်။ ဦးဇင်းတစ်ပါးက တရားထိုင်နေရာမှ ဒေါ်မြလွင်လဲ အနှောင့်အယှက်မပေးလိုသဖြင့် အသာကလေးထိုင်နေလိုက်သည်။ သို့သော်ဦးဇင်းက တရားဖြုတ်ပြီး ဒေါ်မြလွင်ဘက်လှည့်လိုက်သည်။

''တပည့်တော်တို့အိမ်မှာ အိမ်တက်ဆွမ်းကျွေးလုပ်ချင်လို့ပါ''


''အိမ်ကဘယ်မှာတုန်းကွဲ့''

''မြို့စွန် ခြံအမှတ် ၈၂၉ ပါဘုရား''
ထိုအခါ ဆရာတော်က စဉ်းစားလိုက်သည်။

''၈၂၉ . . . အော်ဟုတ်ပြီ၊ သရက်ပင်ကြီးနဲ့ အိမ်ထင့်ပါ့''

ဒေါ်မြလွင်လဲ အံ့ဩမိသည်။ ထိုအိမ်ကြီးကို ဆရာတော်ဘုရားက မှတ်မိနေသည်ကို ထူးဆန်းနေလေသည်။

''ဆ . ..  ဆရာတော်က အဲဒီအိမ်ကြီးကို သိတယ်ဟုတ်လား''

''သိတာပေါ့၊ ဒီကတစ်မြို့လုံးက အဲဒီအိမ်ကိုရော သရဲခြောက်တဲ့သရက်ပင်ကြီးကိုရော သိကြတာပဲ၊ ဒါနဲ့ဒကာမကြီး တခြားကျောင်းတိုက်က ဆရာတော်တွေကို ပင့်မရဘူးမဟုတ်လား''

ဒေါ်မြလွင်လဲ ခေါင်းညိတ်လိုက်လေသည်။

''ဘယ်ရမလဲ ဒကာမကြီးရဲ့၊ အဲဒီအိမ်က ဘုန်းကြီးတွေတောင် ကြောက်တဲ့အိမ်ပဲ၊ အိမ်ရှင်တွေလဲမမြဲဘူး၊ တစ်ယောက်ပြီးတစ်ယောက် အိမ်တက်လုပ်၊ ပရိတ်ရွတ်၊ ကမ္မဝါစာဖတ်ရင် ရွတ်လို့တောင်မဆုံးသေးဘူး အဲဒိခြံရှေ့က သရက်ပင်ကြီးပေါ်က သရဲမကြီးက ခြောက်ခြောက်လွှတ်လို့ တော်ရုံဆို အဲဒီအိမ်ကို မကြွတော့တာပဲ''

ဒေါ်မြလွင်လဲ စိုးထိတ်သွားသည်။

''အရှင်ဘုရားကော၊ တပည့်တော်တို့အိမ်ကို မကြွနိုင်ဘူးလား''

ဆရာတော်က ခေါင်းခါလိုက်လေသည်။

''ကြွမယ်၊ ဦးဇင်းလဲ အဲဒီသရက်ပင်ကို ဖြေရှင်းပေးဖို့အတွက် အဖြေတော့တွေ့ထားတယ်၊ ဒါပေမယ့် ဦးဇင်းတို့ကို ပင့်တဲ့သူမရှိလို့ဦးဇင်းလဲ မလုပ်ဖြစ်သေးတာ''

ဒေါ်မြလွင် မျက်လုံးများ အရောင်တောက်သွားလေသည်။

''ဒါဆိုလဲ အရှင်ဘုရား ဘယ်လိုဖြေရှင်းမလဲဆိုတာ သိချင်ပါတယ်''

''ဒီလိုဒကာမကြီးရဲ့ တခြားကိုယ်တော်တွေကိုတော့ အပြစ်ဆိုတာမဟုတ်ပေမယ့်၊ တော်တော်များများက အိမ်ရှင်တွေလိုချင်တဲ့အတိုင်း ပရိတ်တရားရွတ်တယ် ကမမြဝါစာဖတ်တယ်ပေါ့။ ဒါပေမယ့် အမြဲတမ်းတော့ အဆင်မပြေနိုင်ဘူး၊ ဘာလို့လဲဆိုတော့ ပရိတ်တရားတော်တွေ၊ ကမမြဝါတွေဆိုတာက နာနာဘာဝတွေမပြောနဲ့ တန်ခိုးသေးတဲ့ နတ်တွေတောင်မခံစားနိုင်ဖူးလို့ အဆိုရှိတော့ ပုံမှန်အိမ်ဆိုဘာမှမဖြစ်ပေမယ့် ဒကာမကြီးတို့လို အိမ်မှာမမြင်အပ်တဲ့ပုဂ္ဂိုလ်တွေရှိတဲ့အိမ်ဆိုတော့ သူတို့က ဒေါသထွက်တော့တာပေါ့''

''ဒါဆို ဒါကြောင့် သူတို့က နှောင့်ယှက်နေတာပေါ့ဘုရား''

''အမှန်ပဲပေါ့ ဒကာမကြီးရယ်၊ နောက်ပြီး ဒကာမကြီးကိုမေးရဦးမယ် ဘုရားဟောထားတဲ့အစွမ်းအထက်ဆုံးလက်နက်ဆိုတာက ဘာလဲသိလား''

ဒေါ်မြလွင်လဲ ခေါင်းကုတ်နေလိုက်သည်။

''မေတ္တာတရားပဲ ဒကာမကြီးရဲ့''
''မှန်လှပါ''

''ဒီတော့ ဆရာတော်ပြောတဲ့အတိုင်းလုပ်ကြည့်မလား၊ ပရိတ်တွေအစုံမရွတ်ဘဲနဲ့ မေတ္တာသုတ်လောက်ရွက်မယ်၊ ပြီးရင် သူ့ကိုမေတ္တာပို့ကြည့်မယ်၊ တစ်ယောက်နဲ့ တစ်ယောက်ညှိုညှိနှိုင်းနှိုင်းနေကြဖို့ ဦးဇင်းမေတ္တာရပ်ခံပေးမယ်''

''ရပါ့မလားအရှင်ဘုရားရဲ့ အဲ့ဒီသရဲက ဘာသာခြားဆိုလားပဲ၊ နှင်လွှတ်မှ စိတ်အေးရမယ်ထင်တယ်''

ဦးဇင်းက ခေါင်းခါလိုက်သည်။

''စဉ်းစားကြည့်၊ ဒကာမကြီးတို့အရင်က နေလာခဲ့တာနှစ်တွေကြာနေပြီကိုနောက်မှ အသစ်ရောက်လာတဲ့ တစ်ပတ်နှစ်ပတ်လောက်ဘဲ နေရသေးတဲ့သူတွေက နှင်ချတယ်ဆို ဒကာမကြီးကော ကြိုက်ပါ့မလား''

ဒေါ်မြလွင်ခေါင်းခါလိုက်လေသည်။

''ဒါဆိုလဲ အရှင်ဘုရားပြောသလိုပဲ လုပ်ကြည့်ကြတာပေါ့ဘုရား''

''ကောင်းပါပြီ၊ ဒါဆိုလဲ ဦးဇင်းတို့ သုံးပါးကြွခဲ့မယ်''

ဒေါ်မြလွင်လဲ ခေါင်းညိတ်ကာ ပြန်လာခဲ့လေသည်။

အိမ်တက်လုပ်တော့ အိမ်ကို ဘယ်ဧည့်သည်မှ မလာပေ၊ ဦးပြေငြိမ်းတို့ အလုပ်မှ အရာရှိများပင် အကြောင်းအမျိုးမျိုးပြကာ မလာကြ၊ ဦးပြေငြိမ်းက အကြောင်းမသိတော့ မျက်နှာမကောင်းပေ။ ဆရာတော်များကတော့ ဒေါ်မြလွင်နှင့် ကြိုတိုင်ပင်ထားသည့်အတိုင်း မေတ္တာသုတ်ရွတ်ဖတ်ပြီး မေတ္တာပို့ပေးကြသည်။ ထို့နောက် ကျောင်းထိုင်ဆရာတော်က သရက်ပင်အောက်သွားလိုက်သည်။

''ကဲ သရက်ပင်ပေါ်မှနေတဲ့ ဒကာမကြီး ခင်ဗျား၊ နားလည်လည် မလည်လည် ကျုပ်ဆိုတာကို လိုက်နားထောင်ပါ''

ထိုသို့ပြောရင်း မေတ္တာဘာဝနာစီးဖြန်းပေးလေသည်။

''ကဲ ဒီနေ့ကစပြီး ဒီက အိမ်ရှင် ဒကာမကြီးတွေကလဲ သရက်ပင်ကို သွားမနှောင့်ယှက်ပါနဲ့၊ သရက်ပင်က ဒကာမကြီးကလဲ အိမ်ရှင်ဒကာမနဲ့ မိသားစုတွေကို မနှောင့်ယှက်ပါနဲ့တော့''

ထို့နောက် ဦးဇင်းတွေ ပြန်ကြွသွားလေသည်။ သရက်ပင်ကြီးကတော့ ဘာမှပင်မထူးခြားပေ။ ဒေါ်မြလွင်က ခြံခတ်ထားသည့် သရက်ပင်ကြီးကို ကြည့်ရင်း

''အမဒန်ဘီရေ ကျွန်မတို့မိသားစုလဲ ဒီသရက်ပင်ကြီးကိုလဲ ဖျက်လိုဖျက်ဆီးမလုပ်ပါဘူး၊ အမကိုလဲ နှင်မထုတ်ပါဘူး၊ ဒါကြောင့် ကျွန်မတို့မိသားစုတွေကိုလဲ အမမနှောင့်ယှက်ပါနဲ့၊ ကလေးလေးတွေကို သည်းခံခွင့်လွတ်ပေးပါ''

(ဈ)

ထိုနေ့ည၊ ညည်းသန်းခေါင်ယံအချိန်၊ ဒေါ်မြလွင်က နှစ်ခြိုက်စွာအိပ်မောကျနေသည်။

''ညီမ . . . ညီမ''

ခေါ်သံကြားလိုက်သဖြင့် ဒေါ်မြလွင်လဲမျက်လုံးဖွင့်ကြည့်လိုက်သည်။ ခေါ်သံက အိမ်ပြင်မှလာနေသဖြင့် ထူးဆန်းစွာအိပ်ယာမှထသွားလိုက်ပြီးနောက် အိမ်အပြင်သို့ထွက်ခဲ့သည်။ ခြံရှေ့သရက်ပင်အောက်တွင် ၀၀ဖိုင့်ဖိုင့်နှင့် ဆာရီတစ်ထည်ကိုဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။ ဒေါ်မြလွင်က မဒန်ဘီမှန်းရိပ်မိလိုက်သည်။ ထို့နောက် သူ့ဆီသို့ လျှောက်သွားလိုက်သည်။

''ညီမလေးရေ ဟိုဘုန်းကြီးက ဘာတွေပြောလဲတော့အမမသိဘူး သူ့အသံကိုနားထောင်တဲ့အခါမှာပဲ အရမ်းအေးချမ်းပြီးတော့နေရထိုင်ရတာအရမ်းကောင်းသွားတယ်၊ အရင်က အမြဲတမ်းဆာလောင်ပြီး ပိန်လှီနေခဲ့တာလဲ အခုတော့ အဲဒီလိုခံစားနေရတာတွေ ပျောက်သွားခဲ့တယ်''

ထိုသို့ပြောခဲ့ပြီးနောက် သရက်ပင်ပေါ်သို့ ပြန်တက်သွားတော့သည်။ ဒေါ်မြလွင်လဲ အိပ်ယာမှ လန့်နိုးသွားတော့သည်။ အချိန်က မိုးပင်လင်းတော့မည်။

ထိုနောက်ပိုင်းမှစပြီး သရက်ပင်ကြီးကို သေသေချာချာခြံစည်းရိုးလေးဖက်လေးတန်ခတ်လိုက်တော့သည်။ ခြံစည်းရိုးကို သစ်သားချောင်းကလေးများဖြင့် ငါးပေခန့် စိပ်နေအောင်ကာရံပြီး ဆေးသုတ်ထားလိုက်သည်။ ဦးပြေငြိမ်းလဲ ထိုအကြောင်းသိသွားတော့ မယုံကြည်နိုင်အောင်ဖြစ်ရသည်။ သို့သော်နောက်ပိုင်းတွင် ထိုသရက်ပင်ကြီးမှ သရဲကြီးမြင်ရဖို့နေနေသာသာ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။

ထိုဘေးနားခြံကွက်လပ်ကြီးကိုလဲ ဈေးပေါပေါဖြင့် ဝယ်ယူလိုက်တော့သည်။ နောက်ပိုင်းတော့ ထိုမြေကွက်လပ်ကြီးတွင် စားသောက်ဆိုင်ကြီးတစ်ခုတည်လိုက်တော့သည်။ ထိုစားသောက်ဆိုင်မှာ မြမိသားစု စားသောက်ဆိုင်ဟု အမည်တပ်ပြီး ထိုစဉ်က အလွန်လူကျလေသည်။ နောက်ပိုင်းအဝေးပြေးကားများလဲ လာရောက်ရပ်တန့်သဖြင့် ဒေါ်မြလွင်နှင့် ဦးပြေငြိမ်းတို့မှာ စီးပွားရေးအဆင်ပြေလာပြီးနောက် မြို့ထဲတွင် မြမိသားစု စတိုးဆိုင်နှင့် ကုန်တိုက်ပါဖွင့်နိုင်ခဲ့လေသည်။

ဦးပြေငြိမ်းတို့မှာလဲ အငြိမ်းစားယူပြီးသည့်တိုင်အောင် ထိုမြို့ကလေးတွင်ပင် အသက်ထက်ဆုံး နေထိုင်သွားကြလေတော့သည်။

ယခုတော့ မြို့ကလေးလဲ စည်ကားမှုကင်းမဲ့ခဲ့ပြီ။ အဝေးပြေးကားများမှာ လမ်းသစ်မှသွားကြသဖြင့် လမ်းဟောင်းကို အသုံးမပြုကြတော့သည့်အတွက် မြို့ကလေးမှာ မစည်ကားတော့ချေ။ သို့သော် မြို့လယ်တွင် မြမိသားစု ကုန်တိုက်က ခန့်ခန့်ငြားငြားရှိနေသေးသည်။ မြမိသားစု စတိုးဆိုင်မှာလဲ ဝင့်ကြွားစာတည်ရှိနေသည်။  မြို့စွန်တွင် မြမိသားစု စားသောက်ဆိုင်ဟူသည့် ဆိုင်ကြီးတစ်ဆိုင်ရှိသေးသည်။ ဆိုင်က လူသိပ်မကျတော့သော်လည်း ဘီယာဆိုငအဖြစ် ပြောင်းလဲဖွင့်လှစ်ထားသဖြင့် အရှုံးတော့မပေါ်သေးပေ။ ထိုဆိုင်ကြီး၏ ဘေးနားတွင်လဲ  သုံးထပ်တိုက်အိမ်တစ်အိမ်ရှိပြီး ထိုအိမ်ကြီးရှေ့တွင်လဲ သရက်ပင်အိုကြီးတစ်ပင်ရှိနေသေးသည်။ သရက်သီးရာသီရောက်တိုင်း ထိုသရက်ပင်အိုကြီးသည် ပင်ပျိုများကဲ့သို့ပင် အပွင့်၊ အသီး၊ အကင်းများဖြင့် ဝေဖြာစိန်းလမ်း၍နေတော့သည်။

(ဘဝအတွေ့အကြုံများကို ပြောပြပေးခဲ့ပါသော ဦးငြိမ်းအောင်အား ကျေးဇူးအထူးတင်ရှိပါသည်။)

ပြီးပါပြီ။

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်

အဂ္ဂဇော်

                                                                                                                       

Comments

လူကြိုက်အများဆုံးဝတ္ထုများ

သေနတ်ပြီးတဲ့သူကြီး (စဆုံး)

မိုးတစ်ည (ဖြစ်ရပ်မှန်)

သရဲဈေး (ဖြစ်ရပ်မှန်)