ငါးလူသား (ဖြစ်ရပ်မှန်)

ငါးလူသား (ဖွဈရပျမှနျ)

 ငါးလူသား (ဖြစ်ရပ်မှန်)


၁၉၈၈ခုနှစ်ကဖြစ်သည်။ ရခိုင်ကမ်းရိုးတန်းတစ်နေရာတွင် အင်းဆိပ်ကျေးရွာကလေးတည်ရှိသည်။ ရွာကလေးမှာ တံငါရွာကလေးဖြစ်ပြီး ရွာသူရွာသားအများစုမှာ ပင်လယ်ပြင်နှင့်စပ်လျဉ်းသည့် ရေလုပ်ငန်းများကိုလုပ်ကိုင်ကြသည်။ အင်းဆိပ်ကျေးရွာကလေးမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး စည်ကားလှသည့်ရွာကလေးတစ်ရွာဖြစ်သည်။ အင်းဆိပ်ရွာအနီးတွင် အခြားတံငါရွာငယ်ကလေးများရှိသော်လည်း အင်းဆိပ်ရွာတွင် ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဈေးတို့တည်ရှိသည်မို့ အင်းဆိပ်ကျေးရွာကလေးက စည်ကားနေရခြင်းဖြစ်ပေသည်။


 အခန်း (၁) တင်ညွန့်နှင့်ရင်မေ

ကိုတင်ညွန့်နှင့် မရင်မေက လင်မယားဖြစ်သည်။ နှစ်ဦးစလုံးအင်းဆိပ်ရွာတွင် မွေးခဲ့ကြသူဖြစ်သည်။ ကိုတင်ညွန့်ကတော့ ပင်လယ်အတွင်းသို့ထွက်ဖမ်းသည့် ငါးဖမ်းလှေ တစ်စီးပိုင်သူဖြစ်သည်။ မရင်မေကတော့ နေ့စားအလုပ်သမဖြစ်သည်။ ကိုတင်ညွန့်တို့လှေ ကမ်းကပ်ပြီးလျှင် ဖမ်းဆီးရရှိလာသည့် ငါးများကို အစိမ်းရောင်းတန်သည်ကို ရောင်းသည်။ ပြီးလျှင် ကျန်သည့်ငါးများကိုတော့ ဓါးဖြင့်ခွဲကာ ငါးခြောက်လှမ်းကြသည်။ မရင်မေက နေ့စားအဖြစ် ငါးခြောက်ခွဲသည်။ ကိုတင်ညွန့်က ပြေပြေလည်လည်ရှိသော်လည်း မရင်မေတို့ကဆင်းရဲသည်။ သို့သော် ကိုတင်ညွန့်နှင့် မရင်မေ နီးစပ်ခဲ့ပြီးနောက် နောက်ဆုံးအိမ်ထောင်ပြုလိုက်ကြတော့သည်။


ကိုတင်ညွန့်နှင့် မရင်မေတို့တွင် အိမ်ထောင်သက်တစ်လျှောက် ပြသနာသိပ်မရှိ၊ သို့သော် အခုတော့ ပြသနာတစ်ခုတက်လာပြီဖြစ်သည်။ ထိုအရာက ကလေးမရခြင်းပင်ဖြစ်သည်။

အိမ်ထောင်သက် ငါးနှစ်ကျော် ခြောက်နှစ်ရောက်လာချိန်အထိ မရင်မေမှာ ကိုယ်ဝန်မရသေး။ မရင်မေ ကလေးမရသေးသဖြင့် ရွာမှလူများရော အမျိုးအဆွေများကပါ ဟိုလိုလိုဒီလိုလို ပြောလာကြပြီဖြစ်သည်။

"ကျုပ်တို့ကလေးလေးတစ်ယောက်ရရင် သိပ်ကောင်းမှာပဲ အကိုရေ"

"အိုကွာ တစ်ချိန်တော့ ကိုယ်တို့နဲ့ထိုက်တန်တဲ့ကလေးတစ်ယောက်ရမှာပါ ရင်မေရဲ့၊ သိပ်ပြီးစိတ်မကောင်းမဖြစ်ပါနဲ့"

ကိုတင်ညွန့်က မရင်မေစိတ်သက်သာရာရအောင်ပြောလိုက်သော်လည်း သူ့ရင်ထဲတွင်တော့ ပူလောင်လျှက်ရှိသည်။ ပတ်ဝန်းကျင်နှင့် ဆွေမျိုးများက တီးတိုးပြောဆိုကြသည့် စကားများကို ကိုတင်ညွန့်နားထဲပြန်ကြားနေရသည်။ မရင်မေကတော့ အိမ်ရှေ့မှ လမ်းကိုငေးကြည့်နေသည်။ လမ်းပေါ်တွင် ရွာထဲမှ ကလေးငယ်များက ပြေးလွှားဆော့ကစားနေကြသည်ကို ကြည့်နေရင်း မျက်ရည်များဝိုင်းလာလေသည်။


အခုဆိုရွာထဲတွင် မရင်မေအား အမြုံမအဖြစ်တီးတိုးပြောလာကြသည်။ ထိုခေတ် ထိုအချိန်က ကလေးမရခြင်းသည် အရေးကြီးသည့် အကြောင်းအရာတစ်ခုဖြစ်ပေသည်။ မရင်မေ စိတ်ညစ်သည့်အခါတိုင်း ကမ်းခြေဘက်သို့လမ်းလျှောက်ထွက်လေ့ရှိသည်။ ရွာမှထွက်ကာ အုန်းတောများကိုဖြတ်ကျော်ပြီးလျှင် ဖြူလွလွသဲသောင်ပြင်နှင့် ပင်လယ်ပြာကြီးကိုတွေ့မြင်နိုင်လေသည်။ ပင်လယ်မှ တိုက်ခတ်လာသော လေနုအေးများကြောင့်လဲ မရင်မေ စိတ်အပန်းပြေသွားသလိုရှိသည်။ ကမ်းခြေနှင့်မလှမ်းမကမ်းတွင် ကျောက်ဆောင်ကြီးတစ်ခုရှိပြီး ထိုကျောက်ဆောင်ပေါ်တွင် မည်သူက တည်သွားမှန်းမသိသော ဘုရားကလေးတစ်ဆူရှိသည်။ ဘုရားလေးမှာ ပြုပြင်သူမရှိသဖြင့် ထီးတော်မရှိတော့ ငှက်ပျောဖူးမှစပြီး ကျိုးပဲ့နေလေသည်။


မရင်မေလဲ ဘာရယ်မဟုတ် ဘုရားစေတီကလေးအနားသွားလိုက်သည်။ ကျောက်ဆောင်ပေါ်ရှိ ဘုရားစေတီကလေးကို မရင်မေက ဦးချကန်တော့လိုက်သည်။ သဲသောင်ပြင်ပေါ်တွင် ထိုင်ချလိုက်ပြီးနောက် ဘုရားအား ကျကျနနရှိခိုးလိုက်သည်။ မရင်မေမှာ ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်။ ဘုရားအားရှိခိုးလိုက်ပြီးနောက် ဆုတောင်းလိုက်သည်။


"ကျွန်မအတွက် သားသမီးရတနာ ရရှိရပါလို၏ဘုရား"


မရင်မေက ကမ်းခြေတွင် ရေကူးနေလေသည်။ ကမ်းစပ်တွင် ရေလှိုင်းကြပ်ခွပ်ကလေးတွေက ညင်သာစွာရိုက်ခတ်နေသည်။ ရာသီဥတုကောင်းမွန်သည်မို့ ပင်လယ်ပြာကြီးက ငြိမ်သက်ပြီး လှပနေသည်။ ထိုအချိန်တွင် မရင်မေ အနားသို့ ရွှေရောင်ငါးကြီးတစ်ကောင်က ကူးခတ်လာလေသည်။ မရင်မေလဲ အံ့ဩပြီးကြည့်နေလိုက်သည်။ ကြည်လင်သည့် ရေပြင်တွင် ရွှေရောင်ငါးကြီးကို ထင်ရှားစွာမြင်နေရသည်။ ငါးကြီးမှာ ရွှေရောင်ဆိုသော်လည်း အနီရောင်ဖက် အနည်းငယ်သန်းလေသည်။ ရွှေငါးကြီးမှာ ကူးခတ်လာရင်း မရင်မေအနားအရောက်တွင် ကလေးလေးတစ်ယောက်ဖြစ်သွားလေသည်။ ကလေးလေးမှာ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ရေတွင် ကျင်လည်စွာကူးခတ်နေလေသည်။ ထို့နောက် မရင်မေကိုတွေ့တော့ မရင်မေဆီ ကူးခတ်လာလေသည်။

"အမေ"

ထိုသို့ခေါ်ပြီးနောက် ထိုကောင်မလေးမှာ ရေအောက်သို့ငုပ်ပြီးပျောက်ကွယ်သွားလေသည်။ မရင်မေလဲ အံ့ဩနေရာမှ ထိုကောင်မလေးကို လိုက်ပြီးရှာဖွေနေလိုက်သည်။ ထိုစဉ် မရင်မေ၏ ခြေထောက်ကို တစ်စုံတစ်ယောက်က ဆွဲချသလိုဖြစ်ပြီး မရင်မေ ရေအောက်သို့နစ်သွားလေသည်။

"ဖရူး . . . . ဖလူး"

"ရင်မေ . .  ရင်မေ ဘာဖြစ်တာတုန်းဟ"


ကိုတင်ညွန့်က သူ့နံဘေးတွင်အိပ်နေသည့် မရင်မေကို လှုပ်နှိုးလိုက်သည်။ မရင်မေက ထိုတော့မှ အိပ်မက်မက်နေမှန်း သိလိုက်တော့သည်။ သူ့တစ်ကိုယ်လုံးလဲ ချွေးတွေ စိုရွှဲနေလေသည်။ ကိုတင်ညွန့်က ရေနံဆီမီးခွက်ကိုပြေးထွန်းလိုက်သည်။


"မင်းဘာဖြစ်တာလဲ ရင်မေရဲ့ အလန့်တကြား"


"ဒီလို ကိုတင်ညွန့်ရဲ့ အိပ်မက်ထဲမှာ ငါးကလေးတစ်ကောင်က ကလေးလေးတစ်ယောက်ဖြစ်သွားပြီ ကျုပ်ကိုအမေလို့ခေါ်တယ်။ နောက်တော့ကျုပ်လဲ ရေနစ်သွားတယ်"


ကိုတင်ညွန့်က ခေါင်းခါလိုက်သည်။ ထို့နောက် သောက်ရေအိုးမှ ရေတစ်ခွက်ကို ခပ်ပေးလိုက်သည်။ မရင်မေက ကိုတင်ညွန့်ခပ်ပေးသည့်ရေကို မော့သောက်ချလိုက်လေသည်။


"ဆောင်းတွင်းကြီးမှာ ဒီလိုပဲ ပေါက်ကရအိပ်မက်တွေ မက်တက်တယ်မဟုတ်လား ရင်မေရဲ့"


ထို့နောက်ကိုတင်ညွန့်က ရေနံဆီမီးခွက်ကို ပြန်မှုတ်လိုက်ပြီး ပြန်လည်အိပ်လိုက်တော့သည်။ အိပ်မပျော်သူကတော့ မရင်မေဖြစ်သည်။ မရင်မေက သူ့ရဲ့ထူးဆန်းသည့် အိပ်မက်ကို ပြန်တွေးနေမိသည်။ အင်းဆိပ်ရွာကလေးကတော့ အမှောင်ထဲတွင် အိပ်မောကျနေလျှက်ရှိသည်။


အခန်း (၂) တင်ညွန့်လူဖြစ်ပြီ

မကြာခင် မရင်မေ ကိုယ်ဝန်ရသည်။ သူတို့လင်မယားရော ဆွေမျိုးတွေပါ အကုန်ပျော်ကြရသည်။ မရင်မေကိုယ်ဝန်ရတော့ အိမ်အလုပ်တွေ မလုပ်ခိုင်းတော့။ မရင်မေ၏ အမျိုးများထဲမှ ဒေါ်ဂျမ်းဆိုသည့် ဝမ်းဆွဲသည်(လက်သည်) အဒေါ်ကြီးကို အိမ်တွင်ခေါ်ထားပြီး အနီးကပ်ပြုစုစေသည်။


ထူးဆန်းသည်က ကိုယ်ဝန်ရှိပြီးကတည်းက မရင်မေသည် ငါးပိ၊ ငါးခြောက်နှင့် ငါးဟင်းမစားတော့ခြင်းဖြစ်သည်။ စားမိလိုက်လျှင်လဲ ပြန်အန်ထွက်တတ်သည်။


''ရင်မေရေ ဒီနေ့တော့ မင်းအကြိုက် ငါးပြေမကြီးတွေ ရတယ်ကွာ၊ အင်းထဲက တံငါတွေ မိလာတာပဲ။ ဆီပြန်လေးချက်ထားတယ် မင်းစားကြည့်ဦး''


ထမင်းဝိုင်းတွင် ကိုတင်ညွန့်နှင့် မရင်မေတို့ လက်ဆုံစားကြသည်။ ဒေါ်ဂျမ်းကတော့ အတူမစားပေ။ မရင်မေ အကြိုက်ဆုံးဟင်းက ငါးပြေမဟင်းဖြစ်သည်။ သို့သော် အခုတော့ စားပွဲပေါ်က ငါးပြေမဟင်းကိုလှမ်းနှိုက်ဖို့ လက်တွန့်နေလေသည်။


''ကိုတင်ညွန့်ရဲ့ အခုတလော ကျွန်မက ငါးဟင်းတွေ မစားချင်တာ သိသားနဲ့''


'' စားလိုက်စမ်းပါရင်မေရဲ့ . . . မင်းအကြိုက်ဆုံးဟင်းပဲကို''


ကိုတင်ညွန့်က ပြောလိုက်ပြီး မရင်မေ ပန်းကန်ထဲကို ငါးပြေမတစ်ကောင်ခပ်ထည့်ပေးလိုက်သည်။ မရင်မေလဲ ကိုတင်ညွန့်ထည့်ပေးသည့် ငါးပြေမကို တစ်ဖဲ့ဖဲ့ယူလိုက်ပြီး ထမင်းထဲတွင် မြှုပ်လိုက်ပြီး စားလိုက်တော့လေသည်။ ငါးအသား သူ့ပါးစပ်ထဲရောက်လာသည်နှင့် ရင်ထဲတွင် ပျို့ပျို့ပြီးတက်လာလေသည်။ နောက်ဆုံးပျို့အန်သည်ကို မထိန်းထားနိုင်တော့သဖြင့် အနီးရှီ လက်ဆေးဇလုံထဲ အန်ထည့်လိုက်တော့သည်။


''ဝေါ့ . . . ဝေါ့''


မရင်မေ အန်သည့်အသံကို ကြားသဖြင့် ဒေါ်ဂျမ်းက အိမ်ပေါ်ပြေးတက်လာလေသည်။


''ဘာဖြစ်ကြတာလဲ''

''မရင်မေကို ငါးပြေမကျွေးလိုက်တာနဲ့ သူအန်တော့တာပဲ''

ဒေါ်ဂျမ်းက ခေါင်းခါလိုက်သည်။

''အိုကွယ် . . . ကိုယ်ဝန်ဆောင်ဆိုတာက သူမကြိုက်တဲ့အရာ၊ သူမစားချင်တဲ့အရာကို မကျွေးရဘူး မောင်တင်ညွန့်ရဲ့''

''ဒေါ်ဂျမ်းကလဲ ငါးပြေမဆိုတာ ရင်မေ အကြိုက်ဆုံးဟင်းပါဗျ''

''အရင်က ကြိုက်လဲ ကိုယ်ဝန်ရတော့ မကြိုက်တာလဲဖြစ်နိုင်တယ် . . . အတင်းအကြပ်မလုပ်ပါနဲ့ မောင်တင်ညွန့်ရယ်''


ကိုတင်ညွန့်လဲ ဘာမှမပြောတော့ဘဲ ထမင်းသာ ကျုံးစားနေလိုက်သည်။ ငါးပြေမကောင်ကြီးတွေမှာ လတ်ဆတ်သဖြင့် ချိုလှသည်။ ဒေါ်ဂျမ်းကတော့ မရင်မေအတွက် ငရုတ်သီးစိမ်းကလေးကို ကြက်သွန်ဖြင့်ထောင်းပေးပြီး သခွားသီးစိတ်ကလေးများချပေးလေသည်။ မရင်မေမှာ ထိုတော့မှ ငရုတ်သီးထောင်း၊ သခွားသီးနှင့် ထမင်းကို မိန်ရည်ရှက်ရေ စားလေတော့သည်။


''ကလေးလေးက ငါးဘဝကလာတာမို့လို့ ငါးဟင်းစားမရတာထင်တယ်နော် ကိုတင်ညွန့်''

အိပ်ယာထဲတွင် မရင်မေက ကိုတင်ညွန့်ကိုပြောလိုက်သည်။ ကိုတင်ညွန့်ကတော့ မျက်မှောင်ကြုတ်လိုက်သည်။


''မဟုတ်တာတွေ မတွေးပါနဲ့ရင်မေရယ် . . . . မင်းအိပ်မက်က စိတ်ချောက်ချားပြီးမက်တာဖြစ်မှာပါ''


ကိုတင်ညွန့်ပြောလိုက်တော့မှ မရင်မေလဲ ပါးစပ်ပိတ်သွားတော့သည်။ ကိုတင်ညွန့်က ထိုကဲ့သို့ အဖြစ်အပျက်များကို သိပ်အယုံအကြည်မရှိ။ မရင်မေ အစွဲအလန်းကြီးလွန်းနေသည်ဟုသာ ထင်မိသည်။


ရက်တွေ လတွေကြာညောင်းခဲ့ပြီဖြစ်သည်။ မရင်မေမှာ ကိုယ်ဝန် ၇လခန့်ရှိနေပြီဖြစ်သည်။ အခုတလော မရင်မေသည် အရင်လို ပျော်ပျော်ရွှင်ရွှင်မဟုတ်တော့ဘဲ မှိုင်တွေငေးမောနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်သည်ကို ကိုတင်ညွန့်က ရိပ်စားမိသည်။ ထိုနေ့က မိုးတွေတအားရွာနေသည်။ ကိုတင်ညွန့်လဲ အိမ်ရောက်ရောက်ခြင်း အိမ်ရှေ့ခန်းတွင်ထိုင်နေသော မရင်မေအနားသို့လာပြီး ထိုင်လိုက်သည်။

''ရင်မေ . . ဘာတွေဖြစ်နေတာလဲ အကို့ကိုပြောပြ''


မရင်မေက ခေါင်းကိုခါရမ်းလိုက်သည်။


''မဟုတ်ဘူး . .ရင်မေ အကိုသတိထားကြည့်နေတာ သုံးလေးရက်ရှိနေပြီ၊ ရင်မေ ဘာတွေမပျော်လဲ''

''မပြောပြချင်ပါဘူး အကိုရယ်၊ အကိုသိရင် ရင်မေကို ဆူမှာပါ''

''အိုကွာ . . . အကိုမဆူဘူးလို့ ကတိပေးတယ် အကို့ကိုပြောပြ''

ထိုအခါ မရင်မေက ကိုတင်ညွန့်ဖက်သို့လှည့်ကြည့်လိုက်သည်။


''အကိုတကယ်မဆူဘူးလား''

ကိုတင်ညွန့်က ခေါင်းညိတ်ပြလိုက်သည်။


''ရင်မေ ချဉ်ခြင်းတက်နေတာ အကိုရဲ့''

''ဪ ဒါများရင်မေရယ် . . ပြော . . ရင်မေဘာစားချင်လဲ၊ ရွာမှာ မရှိရင် နက်ဖြန်အကိုမြို့တက်ဝယ်ပေးမယ်''

''ရင်မေ စားချင်တာက တီကောင်''

''ဘာ''

ကိုတင်ညွန့်ပြောသံတွင် အံ့ဩသံများ ဒေါသသံများလွှမ်းနေသည်။


''အကိုပဲ ရင်မေ့ကို မဆူဘူးလို့ ကတိပေးထားတယ်နော်''

''တခြားဟာစားပါလား ရင်မေရယ်၊ အကိုရှာပေးပါ့မယ်''

''မရဘူးအကို ရင်မေတီကောင်ပဲ စားချင်တယ်၊ အဲဒါမစားရရင် ရင်မေ စားလို့မဝင် အိပ်လို့မပျော်သလိုပဲ''

ဟုတ်တော့လဲဟုတ်သည်။ ရင်မေက အခုတစ်လော အစားအသောက်ပျက်နေသလို ညညဆိုရင်လဲ တော်တော်နှင့်မအိပ်ပေ။


''အကိုရှာပေးမယ် မဟုတ်လား''

ရင်မေ့ အမေးကို ကိုတင်ညွန့်ချက်ချင်းမဖြေသေး။ နောက်တော့ ရင်မေ့ကို သနားလွန်းပြီး ခေါင်းညိတ်ပြလိုက်သည်။

''အကို မနက်ဖြန် တီကောင်တူးပေးမယ်''

ထိုအခါ ရင်မေသည် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်လေတော့သည်။


နောက်တစ်နေ့ ကိုတင်ညွန့်တစ်ယောက် သံပုံးအပေါက်တစ်လုံးနှင့် ဂေါ်ပြားကိုင်ကာ တီတူးထွက်ရပြီဖြစ်သည်။ အင်းဆိပ်က ရေငံတိုးသဖြင့် တီကောင်သိပ်မပေါများပေ။ အင်းမကျေးရွာတွင် မြစ်ချောင်းအင်းအိုင်များရှိသဖြင့် ထိုရွာအထိသွားတူးရလေသည်။ ရေကန်တစ်ကန်၏ ဘောင်တွင် မြက်တောများကိုဂေါ်ပြားနှင့်လှန်လိုက်သည်နှင့် တီကောင်ကြီးများက ပေါ်ထွက်လာပေသည်။ ကိုတင်ညွန့်လဲ တီကောင်များကို ပုံးထဲထည့်လိုက်လေသည်။ မိန်းမအတွက်မို့သာလုပ်ရသော်လည်း ကိုတင်ညွန့်တစ်ယောက် စိတ်ထဲ တော်တော်မသတီဖြစ်ရသည်။


ညနေရောက်တော့ လူရိပ်လူခြေကြည့်ပြီး အိမ်ထဲသို့ဝင်လာခဲ့သည်။ သူတို့အိမ်တွင် ဆွေမျိုးများလဲ လာရောက်နေထိုင်ကြသည်ဖြစ်ရာ လူများသည်။ ကံကောင်းချင်တော့ ထိုနေ့က ရွာနောက်ပိုင်းသို့ အိမ်ကလူများသွားကြသဖြင့် ဒေါ်ဂျမ်းနှင့် ရင်မေသာ အိမ်တွင် ကျန်နေခဲ့ကြသည်။


ကိုတင်ညွန့်က တီထည့်ထားသည့် သံပုံးကို ဖက်ရွက်နှင့်အုပ်ပြီးသယ်လာသည်။ အိမ်ထဲရောက်သည်နှင့် မရင်မေကို လှမ်းခေါ်လိုက်ပြီး အိမ်နောက်ဖေးရေကပြင်သို့ လင်မယားနှစ်ယောက်သွားလိုက်ကြသည်။


''ရင်မေရေ တီကောင်တွေတော့ရပြီ မင်းဘယ်လိုချက်စားမလဲ''

မရင်မေကတော့ ရေပုံးထဲတွင် လူးလွန့်နေသည့် တီကောင်များကိုကြည့်နေလေသည်။

''ပေးပါ ကျုပ်ကို အဲဒီပုံးပေးစမ်းပါ''


မရင်မေက ပုံးကိုဆွဲယူလိုက်ပြီးနောက် တီကောင်များကို လက်တစ်ဆုပ်ခပ်လိုက်သည်။ မရင်မေလက်ထဲတွင် တီကောင်များက တွန့်လိမ်နေလေသည်။ မရင်မေက ထိုတီကောင်များကို ပါးစပ်အတွင်းထည့်သွင်းလိုက်ပြီး အစိမ်းလိုက်ဝါးစားတော့သည်။ ကိုတင်ညွန့်တစ်ယောက် မရင်မေအဖြစ်အပျက်များကို အံ့ဩပြီးကြည့်နေလေသည်။ မရင်မေမှာ တီကောင်များကိုပါးစပ်ထဲတွင် တဖျောက်ဖျောက်ဝါးနေသည်။

 တီကောင်အပြတ်များကလဲ ပါးစပ်ထဲမှပြုတ်ကျကာ ရေကပြင်ကြမ်းပြင်တွင် ခုန်ပေါက်နေကြသည်။ ကိုတင်ညွန့်လဲ မရင်မေတီကောင်စားတာကို ဆက်မကြည့်ချင်တော့သဖြင့် ကွမ်းတစ်ယာကို ပါးစပ်ထဲထည့်ပြီး အိမ်ရှေ့သို့ပြေးထွက်ကာ ထိုင်နေလိုက်တော့သည်။


သိပ်မကြာခင် မရင်မေ အိမ်ရှေ့ပြန်ထွက်လာသည်။

''ခုမှပဲ နေသာထိုင်သာရှိသွားတော့တယ်အကိုရယ်''


မရင်မေမျက်နှာက ပြုံးရွှင်နေလေသည်။ ကိုတင်ညွန့်ကတော့ မရင်မေမျက်နှာကိုကြည့်လိုက်သည်။ မရင်မေ ပါးစပ်ထဲမှ တီကောင်နံ့တွေ ထွက်နေသည်ဟု ထင်နေရသည်။ ကိုတင်ညွန့်လဲ မသတီသဖြင့် ကွမ်းကိုသာ လှိမ့်ဝါးပြီး ကွမ်းတံထွေးများများကို ထွေးလိုက်တော့သည်။


''ကျွန်မတို့ ကလေးလေးက ငါးဘဝကလာတာမို့လို့ တီကောင်စားချင်တာဖြစ်မယ်နော် အကို''

ကိုတင်ညွန့်ဒေါသထွက်သွားသည်။ သို့သော် သူ့မိန်းမ စိတ်မကောင်းဖြစ်မည်မို့ မပြောတော့ပဲ အသာလှည့်ထွက်သွားလေသည်။ တော်သေးသည်။ မရင်မေက ထိုတစ်ခေါက်သာ တီကောင် စားသည်မို့ဖြစ်သည်။


အခန်း (၃) ငါးကလေးမွေးပြီ

''အူဝဲ . . . အူဝဲ''


ကလေးငိုသံကြားတော့မှ မီးဖွားခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော ကိုတင်ညွန့်တစ်ယောက် သက်ပြင်းချနိုင်တော့သည်။ မီးဖွားခန်းဆိုသော်လည်း ဆေးရုံဆေးခန်းမဟုတ်၊ ကိုတင်ညွန့်တို့နေအိမ်ခြေရင်းခန်းကို မီးဖွားခန်းအဖြစ်ပြုလုပ်ထားခြင်းဖြစ်သည်။

''ဘာလေးမွေးလဲ''

ကိုတင်ညွန့်က အခန်းရှေ့မှ လှမ်းအော်မေးလိုက်သည်။


''မိန်းကလေးဟဲ့ . . . ဒါ . . ဒါပေမယ့်''

ဝမ်းဆွဲသည် ဒေါ်ဂျမ်း၏ စကားကိုကြားလိုက်ရပြီးနောက် ကိုတင်ညွန့်ရင်ထဲ အပူလုံးကြီးတက်လာလေသည်။

''ဒါပေမယ့် ဘာဖြစ်လဲ . . . ခြေတွေ လက်တွေ မစုံဘူးလား''

ဒေါ်ဂျမ်းက ဘာမှမပြောတော့ဘဲ ကလေးကို အနှီးဖြင့် ပတ်နေလေသည်။ ထို့နောက် အခန်းအပြင်သို့ ကလေးကို ခေါ်ထုတ်လာခဲ့သည်။ ကလေးလေးက ချစ်စရာကလေးဖြစ်သည်။ အသားက နီနီရဲရဲကလေးဖြစ်ပြီး ဆံသားလေးများက နက်မှောင်သန်စွမ်းနေလေသည်။

''ဒါပေမယ့် ဘာဖြစ်လဲ ဒေါ်ဂျမ်းရဲ့''

ကိုတင်ညွန့်က လှမ်းမေးလိုက်တော့ ဒေါ်ဂျမ်းက ကလေးအနှီးထုတ်ကလေးကို ဖြေပြလိုက်သည်။

''ဟာ . . . အဲ့ .. .  အဲ့ဒါ ဘာတွေလဲ''

ကလေးလေး၏ တင်ပါးနှင့် ပေါင်၊ ခြေထောက်များတွင် ရွှေရောင်အကြေးခွံများ အများအပြားပါလာလေသည်။

''ငါးအကြေးခွံတွေပဲ မောင်တင်ညွန့်ရဲ့''

ကိုတင်ညွန့်တစ်ယောက် မစဉ်းစားတတ်အောင်ဖြစ်နေသည်။ ထိုစဉ် ဒေါ်ဂျမ်းက အနှီးကိုပြန်ပတ်လိုက်ပြီး ကိုတင်ညွန့်ထံကလေးကို ပေးလိုက်သည်။ ကိုတင်ညွန့်လဲ ကလေးကိုသေချာဂရုတစိုက်ချီလိုက်သည်။ ကလေးက သူ့လက်ထဲရောက်သည်နှင့် စူးစူးဝါးဝါးအော်ငိုတော့သည်။


''ကလေးက ငိုလှချည်လား ဒေါ်ဂျမ်းရဲ့''

''နို့ဆာလို့နေမှာ ပေးပေး . . . ဒီကိုပေး''

ဒေါ်ဂျမ်းက ကလေးလေးကို အခန်းထဲသို့ပြန်ခေါ်သွားလေသည်။ ကိုတင်ညွန့်ကတော့ လေးလံသောခြေလှမ်းများဖြင့် အိမ်ရှေ့ခန်းသို့လှမ်းလျှောက်သွားပြီး ထိုင်ချလိုက်တော့သည်။


''ငါ . . . ငါဘယ်လိုလုပ်ရမလဲ''


ထို့နောက် ခဏနေတော့ ကိုတင်ညွန့်က ဒေါ်ဂျမ်းကိုခေါ်လိုက်လေသည်။

''ဒေါ်ဂျမ်း ဒီမှာ ငွေ၅၀၀ယူပါ''

''ဘာလုပ်တာလဲ မောင်တင်ညွန့်ရဲ့''

''ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဘဲ ဆိတ်ဆိတ်နေပါ၊ မဟုတ်ရင်တော့ ရွာထဲဒီအကြောင်းကြားရတဲ့နေ့ ဒေါ်ဂျမ်းရင်ဘတ်ကို မှိန်းစိုက်တဲ့နေ့လို့ပဲ မှတ်ထားလိုက်တော့''

''အေးပါမောင်တင်ညွန့်ရယ်''

ထိုနေ့မှစပြီး ကိုတင်ညွန့်က အိမ်ရှေ့တံခါးတွင် ဓါးထမ်းပြီး ငုတ်တုတ်ထိုင်နေလေသည်။


ကလေးမွေးသည့်သတင်းကိုကြားသဖြင့် မရင်မေ၏ ဆွေမျိုးများနှင့် ကိုတင်ညွန့်ဆွေမျိုးများက လာရောက်ကြည့်ကြလေသည်။ သို့သော် အိမ်တံခါးဝတွင်ထိုင်နေသော ကိုတင်ညွန့်နှင့် တွေ့ကြသည်။


''ဘယ်သူမှ အိမ်ထဲမဝင်ရဘူး၊ ဘယ်သူမှ ကျုပ်ကလေးကို မကြည့်ရဘူး''

''ဟဲ့ တင်ညွန့်၊ ငါတို့လဲ ကလေးမွေးဖူးတာပါဘဲဟယ်၊ ကလေးကို ငါတို့မကိုင်ပါဘူး ကြည့်ပဲကြည့်ပါရစေ''

''မကြည့်နဲ့ . . . ဘယ်သူမှမကြည့်နဲ့''

ကိုတင်ညွန့်က ဓါးတစ်ရမ်းရမ်းနှင့်မို့ ဆွေမျိုးများပြောဆိုသော်လည်း မရသဖြင့် နောက်ဆုံးအကုန်လှည့်ပြန်ကုန်ကြသည်။


''အေးပေါ့၊ ဒီကောင်က အခုမှ ကလေးမွေးဖူးတာပဲ၊ တော်တော်အဖြစ်သည်းတဲ့ကောင်''


ကလေးလေးက သူ့အမေနဲ့နေလျှင်အကောင်း။ သို့သော် ကိုတင်ညွန့်ချီလိုက်လျှင် စူးစူးဝါးဝါးအော်ဟစ်တော့သည်။ ကိုတင်ညွန့်လဲ ထိုအဖြစ်ကို သတိထားမိနေသည်။ သို့သော် သူအစိုးရိမ်ရဆုံးက သူ့သမီးလေး၏ ခြေထောက်မှ အကြေးခွံများဖြစ်သည်။ ရွာထဲကလူတွေသိလျှင် အရှက်ရလိုက်မည့်ဖြစ်ချင်း၊ ကိုတင်ညွန့်တစ်ယောက် အကြံတစ်ခုရသွားပြီး မီးဖိုချောင်ထဲဝင်သွားသည်။


အိမ်ခန်းထဲတွင် မရင်မေက ကလေးကိုနို့တိုက်ပြီး ချထားလိုက်သည်။ မရင်မေက ကလေးဘေးနားတွင်လဲလျှောင်းလိုက်သည်။ ဒေါ်ဂျမ်းကလဲ မရင်မေဘေးနားတွင် ထိုင်နေလေသည်။ ထိုအခါ ကိုတင်ညွန့်က ဓါးပါးလေးတစ်ခုကို ကိုင်ပြီး အခန်းအတွင်းဝင်လာခဲ့သည်။


''မောင်တင်ညွန့် မင်းဘာလုပ်မလို့လဲ''

''ဘာလုပ်ရမလဲ၊ ကျုပ်သမီးခြေထောက်က အကြေးခွံတွေကို ခြစ်ချမလို့ပေါ့ဗျ''

ထိုသို့ပြောရင်း ကလေးလေးကို ပြေးပြီးကောက်လိုက်လေသည်။ သို့သော် မရင်မေက ပိုမြန်သည်။ ကလေးကိုဆွဲယူပြီး ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်သည်။

''မလုပ်ပါနဲ့ အကိုရယ်''

''ဟ . . မလုပ်လို့ရမလားဟ၊ လူကမွေးပြီး အကြေးခွံတွေပါတယ်ဆိုတာ တစ်ရွာလုံးက သိသွားရင် တို့တော့ ဘယ်လိုလုပ်ပြီး ဒီရွာမှာ မျက်နှာပြရတော့မလဲ၊ နောက်ပြီး ငါ့သမီး . . . ငါ့သမီးလေးတစ်သက်လုံး အနှိမ်ခံရတော့မှာဟ''


ကိုတင်ညွန့်ကပြောရင်း ကလေးလေးကို အတင်းဆွဲလုလေသည်။ အားမမျှသဖြင့် မရင်မေလက်ထဲမှ ကလေးလေးက ကိုတင်ညွန့်ဆီပါသွားလေသည်။ ကလေးလေးက စူးစူးဝါးဝါး ငိုယိုတော့သည်။ ကိုတင်ညွန့်လဲ အနှီးထုတ်ကလေးကို ဖြည်လိုက်ကာ လက်ထဲမှ ဓါးနှင့် အကြေးခွံများကို ခြစ်ချရန်ပြင်တော့သည်။ ဒေါ်ဂျမ်းကလဲ ကိုတင်ညွန့်လက်ထဲမှ ကလေးကို အတင်းဝင်လုတော့သည်။


''မလုပ်ပါနဲ့၊ မောင်တင်ညွန့်ရယ်၊ အဒေါ့်ကို ကလေးပြန်ပေးနော်''

ဒေါ်ဂျမ်းနှင့် ကိုတင်ညွန့်တို့ ကလေးကို လုရင်း ကလေးက အလွန်ငိုနေလေသည်။

''တော်ပါတော့''

မရင်မေ၏ အော်သံကြောင့် ကိုတင်ညွန့်နှင့် ဒေါ်ဂျမ်းက ရပ်သွားကြသည်။

''ရှင်တို့ . . . ရှင်တို့ ကျွန်မရူးသွားတာကို မြင်ချင်လို့လား''

မရင်မေအော်ဟစ်ရင်း ငိုယိုနေလေသည်။ ထိုတော့မှ ကိုတင်ညွန့်လဲ ဓါးကလေးကို ပစ်ချလိုက်ကာ အခန်းအတွင်းမှပြန်ထွက်သွားတော့သည်။ ဒေါ်ဂျမ်းကလဲ ကလေးကိုကိုင်ကာ အနှီးပြန်ထုတ်ပေးနေတော့သည်။


ကံကောင်းချင်တော့ မွေးပြီး တစ်ပတ်ခန့်အကြာတွင် ထိုအကြေးခွံများမှာ သူ့အလိုလိုခြောက်ပြီး ကွာကျသွားကုန်သည်။ အကြေးခွံများနှင့်အတူ ကိုတင်ညွန့်ရင်ထဲမှ အပူလုံးကြီးလဲ ကျဆင်းသွားရတော့သည်။


အခန်း (၄) ငါးမလေး

''ရှင်က ကိုတင်ညွန့် ကျွန်မက မရင်မေ . . . ဒီတော့ သမီးလေးကို တင်မေလို့ အမည်ပေးရင် မကောင်းဘူးလားအကို''

''တင်မေ . . . တင်မေ. . .  မဆိုးဘူးဟ''

ကိုတင်ညွန့်ကပြောလိုက်ပြီး ကလေးလေးကို ကောက်ချီလိုက်သည်။ သမီးလေးက ကိုတင်ညွန့်လက်ထဲရောက်သည်နှင့် အော်ဟစ်ငိုယိုတော့သည်။ ကိုတင်ညွန့်က ထိုသို့ဖြစ်နေတာကို မကြိုက်။


''သမီးလေးက ငါးဘဝကလာတာလေ၊ ရှင်က တံငါသည်ဆိုတော့ ရှင့်ကိုကြောက်လို့ နေမှာပေါ့ . . .ဟဲ . . . ဟဲ''

မရင်မေစကားများသည် ကိုတင်ညွန့်ရင်ဘတ်ထဲတွင် ဓါးအချက်ပေါင်းများစွာ စိုက်ခံရသလို ခံစားသွားရသည်။


''မင်းကလဲကွာ တို့က တံငါအလုပ်ပဲ မျိုးရိုးစဉ်ဆက်လုပ်လာတာ၊ ဒါမလုပ်ရင် ဘာသွားလုပ်စားမလဲကွ''

ကိုတင်ညွန့်က ထိုသို့ဆင်ခြေပေးရင်း အိမ်ပေါ်မှ ဆင်းသွားတော့သည်။


နှစ်တွေကြာခဲ့ပြီ၊ တင်မေကလေးတောင် ငါးနှစ်ဝန်းကျင်ဖြစ်လာပြီဖြစ်သည်။ သို့သော် ကိုတင်ညွန့်ကို သိပ်မချစ်၊ သူ့အမေနားပဲ ကပ်နေသည်။ ကိုတင်ညွန့်က တစ်ဦးတည်းသော သမီa;လးမို့ ချစ်သော်လည်း တင်မေက သူ့နားမကပ်သည်ကို သူ့ရင်ထဲအလွန်ခံစားရလေသည်။


''ပင်လယ်ထဲသွားမယ်  . . . ရေသွားကူးမယ်''

တင်မေကလေးက မပီကလာပီကလာဖြင့် ထိုသို့ပြောတတ်သည်။

''သမီးက ရေမှ မကူးတတ်တာ၊ မသွားပါနဲ့ သမီးရဲ့''

''မရဘူး၊ သမီးရေကူးတတ်တယ်၊ သမီးသွားမယ်''

''ကဲ ကိုတင်ညွန့်ရှင့်သမီးကတော့ ပြောမရတော့ဘူး''

ဆေးလိပ်ဖွာနေသည့် ကိုတင်ညွန့်က တင်မေကလေးကို လှမ်းကြည့်လိုက်သည်။

''သမီးသွားမလား၊ ဖေဖေလိုက်ပို့ပေးမယ်''

ကိုတင်ညွန့်ပြောလိုက်တော့ တင်မေကလေးက ပျော်ရွှင်စွာခုန်ပေါက်နေသည်။

''ဟေး . . . ပင်လယ်ထဲသွားမယ် . . . ရေသွားကူးမယ်''


ပင်လယ်က ငြိမ်သက်နေသည်။ လေငြိမ်နေသဖြင့် လှိုင်းလဲ သိပ်မရှိ၊ ကိုတင်ညွန့်က တင်မေကလေးကို ချီပိုးရင်း ရေတိမ်ပြီးရေကြည်သည့် ကျောက်ဆောင်အနားသို့ခေါ်လာခဲ့သည်။ အခုတော့ တင်မေကလေးက ငယ်ငယ်ကလို ကိုတင်ညွန့်ချီရင် မငိုတော့။


ရေထဲရောက်တော့ ကိုတင်ညွန့်လက်ထဲမှ တင်မေကလေးက ရေထဲသို့ခုန်ချသွားလေသည်။ မိဘနှစ်ပါးမှာ စိတ်ပူနေရသော်လည်း တင်မေကလေးကတော့ ရေထဲတွင်ကျွမ်းကျင်စွာ ရေကူးနေလေသည်။ မရင်မေလဲ ငယ်ငယ်က သူမက်ခဲ့သည့် အိပ်မက်ကို ပြန်မြင်ယောင်နေမိသည်။ တင်မေကလေးကတော့ ငါးကလေးတစ်ကောင်လို ရေထဲတွင် ငုပ်လိုက်၊ ပေါ်လိုက်နှင့် ကူးခတ်နေတော့သည်။


''ငါးမလေး . . . ငါးမလေး''

ကိုတင်ညွန့်ကရွာထဲကကျောင်းတွင် တင်မေကလေးကို ကျောင်းကြိုဖို့သွားတော့ ကျောင်းက သူငယ်ချင်းများက တင်မေလေးကို ငါးမလေးဟု ခေါ်ဝေါ်ကြလေသည်။

''သမီး သမီးကိုဘာလို့ ငါးမလေးလို့ခေါ်ကြတာလဲ''

''သမီးက ငါးပဲလေဖေဖေရဲ့၊ သမီးရေလဲကူးတတ်တယ်၊ နောက်ပြီးတော့ ငါးနဲ့လဲစကားပြောတတ်တယ်''


ကိုတင်ညွန့်က ခေါင်းကုပ်လိုက်ပြီး သားအဖနှစ်ယောက် အိမ်သို့ စက်ဘီးကလေးစီးကာ ပြန်လာခဲ့တော့လေသည်။ အိမ်ရောက်တော့ ကိုတင်ညွန့်က ကျောင်းလွယ်အိတ်ကို တိုင်တွင်ချိတ်လိုက်သည်။ သမီးကလေးကတော့ သူ့အမေဆီပြေးသွားကာ ပွေ့ဖက်နေလေသည်။

''သားအမိတွေ အဲဒီလောက်တောင်ချစ်နေကြတာလားကွ''


ကိုတင်ညွန့်ကပြောပြီးတော့ လက်ကိုဆန့်တန်းလိုက်သည်။ တင်မေလေးက ကိုတင်ညွန့်ထံသို့ပြေးသွားလိုက်ပြီးတော့ ကိုတင်ညွန့်ပေါင်ပေါ်တွင်တက်ထိုင်လိုက်သည်။

''သမီးက ငယ်ငယ်တုန်းက ဖေဖေ့ကို သိပ်ကြောက်တတ်တာပဲ သိလား''

တင်မေလေး၏ ဆံပင်လေးများကို ပွတ်သပ်ရင်းပြောလိုက်သည်။

''အခုလဲ ဖေဖေ့ကို သမီးက ကြောက်နေတုန်းပဲ''

''ဘာလို့လဲသမီးရဲ့''

''ဖေဖေက ငါးတွေဖမ်းပြီးတော့ သတ်ပစ်တယ်မဟုတ်လား၊ သမီးက ငါးလေဖေဖေရဲ့၊ သမီးကိုကော ဖေဖေက သတ်ပစ်မှာလား''

ကိုတင်ညွန့်ဆွံ့အသွားသည်။ သမီးကလေး၏ ခေါင်းကိုပွတ်ပေးနေရာမှ ရပ်တန့်လိုက်သည်။


''သမီးရယ် ပေါက်ပေါက်ရှာရှာ သမီးကလူလေ''

''မဟုတ်ဘူးဖေဖေ သမီးကငါး''

''အေးပါသမီးရယ်၊ သမီးကိုဖေဖေမသတ်ဘူးလို့ ကတိပေးတယ် ဟုတ်ပြီလား''

ထိုအခါ တင်မေလေးက ကိုတင်ညွန့်လည်ပင်းကိုဖက်လိုက်ပြီးကိုတင်ညွန့်ကို စိုက်ကြည့်လိုက်လေသည်။

''ဒါဆိုဖေဖေရယ် တခြားငါးတွေကိုလဲ မသတ်ပါနဲ့လား''

ကိုတင်ညွန့်တွေဝေသွားပြန်သည်။


''သမီးကလဲ ဖေဖေတို့က တံငါသည်မျိုးရိုးဘဲလေ ငါးဖမ်းတာကလွဲရင် ဘာမှလုပ်တတ်တာမဟုတ်ဘူး''

''ဒါဆိုလဲ ဖေဖေ့ကို ငါးဖမ်းစရာမလိုအောင်လို့ အဘကိုပြောကြည့်ရမယ်''

''အဘကိုဟုတ်လား ဘယ်ကအဘလဲသမီးရဲ့''

''ရေအောက်က အဘပေါ့ ဖေဖေရဲ့''

သားအဖနှစ်ယောက် စကားပြောနေသည်ကို ကြည့်ရင်း မရင်မေက မျက်စိမျက်နှာပျက်လာသည်။ ကိုတင်ညွန့်က ထိုကဲ့သို့ဖြစ်ရပ်များ ထူးဆန်းမှုများကို မယုံတတ်သည့်သူတစ်ယောက်ဖြစ်သည်။

''သမီးကိုဖေဖေယုံလား''

''ယုံတာပေါ့ သမီးရဲ့''

''ဒါဆိုရင် သမီးကို ကမ်းခြေက ဘုရားပျက်ကလေးဆီ ခေါ်သွားပေးပါ''

ကိုတင်ညွန့်မျက်နှာတွင် အံ့ဩခြင်း၊ ဝေခွဲမရခြင်းများ ပြည့်နှက်နေသည်။ ခြောက်နှစ်ခန့်ရှိသည့် ကလေးတစ်ယောက်က စိတ်ကူးယဉ်ပြီးပြောနေခြင်းနှင့်မတူဘဲ အပြင်မှာ တကယ်ရှိသလို ကွက်တိဒက်ထိပြောနေခြင်းပင်ဖြစ်သည်။

''ကဲ သမီးလေး ဗိုက်ဆာလာပြီမဟုတ်လား. . .  မေမေမုန့်ဝယ်ထားတယ်''

မရင်မေက စကားလမ်းကြောင်းလွှဲလိုက်ပြီးနောက် သမီးကလေးကို အိမ်နောက်ဖေးသို့ ခေါ်သွားလေတော့သည်။ ကိုတင်ညွန့်တစ်ယောက်ကတော့ ထူးဆန်းပြီး အိမ်ရှေ့ခန်းတွင် ထိုင်ကာ ကျန်နေခဲ့တော့သည်။


ထိုည။

''ရင်မေရေ. . . မင်း သမီးလေးပြောတာတွေကို ယုံလား''

အိပ်ယာထဲတွင် ကိုတင်ညွန့်က မရင်မေကိုလှမ်းမေးလိုက်သည်။ သမီးကလေးကတော့ သူတို့နှစ်ယောက်ကြားတွင် အိပ်မောကျနေပြီဖြစ်သည်။

''ကျုပ်ကတော့ ဘာပဲပြောပြောယုံတယ်၊ သမီးကလေးဟာ သာမန်ကလေးတစ်ယောက်မဟုတ်ဘူး အကို၊ သူက ထူးခြားတဲ့လူတစ်ယောက်''

ကိုတင်ညွန့်က ခြင်ထောင်ခေါင်မိုးကိုစိုက်ကြည့်နေရင်း

''သမီးလေးက မင်းပြောသလို ငါးကလေးများဝင်စားတာလားမသိဘူးနော်''

ဒီလောက်နှစ်တွေကြာတော့မှ ကိုတင်ညွန့်လဲ အနည်းငယ်လက်ခံလာလေသည်။ မရင်မေကတော့ ဘာမှပြန်မပြော။

''တို့ သမီးလေးကို ကမ်းခြေက ကျောက်ဆောင်စေတီလေးဆီခေါ်သွားကြရင်ကောင်းမလားလို့''

''သိပ်ကောင်းတာပေါ့ အကို''


အခန်း (၅) သားသမီးယုံ

တစ်နေ့တော့ သားအမိသားအဖသုံးယောက် ကမ်းခြေစေတီပျက်ကလေးဆီ လမ်းလျှောက်ခဲ့ကြသည်။ သမီးလေးကတော့ အလွန်ပျော်ရွှင်စွာ ကခုန်နေလေသည်။ ကမ်းခြေစေတီလေးရောက်တော့ စေတီလေးကို ဦးချလိုက်ကြသည်။ ထိုစဉ်သမီးလေးက ရေစပ်သို့ပြေးသွားလေသည်။ မရင်မေနှင့် ကိုတင်ညွန့်လဲ သမီးလေးနောက် ပြေးလိုက်သွားကြသည်။


သမီးလေးက ရေထဲမှ ငါးတစ်ကောင်ကို လက်ဖြင့်ဖမ်းယူလိုက်သည်။ ထိုငါးကတော့အနီရောင်အဆင်းရှိသည့် ငါးတစ်ကောင်ဖြစ်သည်။ ငါးကြီးက သမီးလေး လက်ပေါ်တွင် ပါးစပ်ဟလိုက် စေ့လိုက်လုပ်နေလေသည်။ သမီးလေးကလဲ ငါးကြီးကိုစိတ်ဝင်တစားကြည့်နေလေသည်။


''သမီးလေး သမီးလေး ဘာလုပ်နေတာလဲ''

သူတို့နှစ်ယောက်စလုံး သမီးကလေးအနားသို့ ပြေးသွားလိုက်ကြသည်။ သမီးကလေးကတော့ ငါးကြီးကိုကိုင်ထားလျှက်

''အဘက ပြောတယ်၊ ဖေဖေငါးဖမ်းအလုပ်ကို စွန့်လွှတ်ပြီး ထီရောင်းပါတဲ့''

''ဟေ . . . ဟုတ်လား၊ ဒါပေမယ့် ဖေဖေ့မှာ ငါးဖမ်းလှေကြီးရှိသေးတယ်လေ''

ကိုတင်ညွန့်က ထိုသို့ပြောလိုက်သည်နှင့် သမီးလေးက ငါးကြီးကို ပါးစပ်သာလှုပ်ပြီး စကားပြောပြလေသည်။ ငါးကြီးကလဲ ပါးစပ်တွေ ပွစိပွစိပြန်လုပ်နေသည်။


''ဖေဖေ့လှေကို ရွာထဲက ကိုသောင်းကို ရောင်းလိုက်ပါတဲ့၊ သူကဈေးကောင်းပေးလိမ့်မယ်တဲ့''

ကိုတင်ညွန့်လဲ ခေါင်းညိတ်လိုက်သည်။ ထိုအခါ တင်မေကလေးက ငါးကြီးကို ခေါင်းကိုပွတ်ပေးပြီးနောက် ရေထဲသို့ပြန်ပစ်ချလိုက်လေသည်။ ငါးကြီးမှာ ရေနက်ပိုင်းအတွင်းသို့ ကူးခတ်ပျောက်ကွယ်သွားတော့သည်။


''ကဲ အကိုဘယ်လိုလုပ်မှာလဲ''

ကိုတင်ညွန့်ကို မရင်မေက မေးလိုက်သည်။ ကိုတင်ညွန့်ကတော့ ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

''ငါ့သမီးပြောတံအတိုင်း ကိုသောင်းတို့ဆီ လှေကိုပြကြည့်ရမယ်၊ ဈေးကောင်းရရင်လဲ လှေကိုရောင်းစားလိုက်တာပေါ့ကွာ''


ထို့နောက် ရွာထဲက ဦးသောင်းအား ထိုလှေကြီးကိုပြကြည့်သည်။ ဦးသောင်းကလဲ ထိုလှေကိုကြိုင်သဖြင့် ဈေးကောင်းပေးဝယ်လိုက်တော့သည်။ ကိုတင်ညွန့်လဲ သမီးကလေး ပြောသည့်အတိုင်း စက်ဘီးကလေးနှင့် ထီရောင်းရန် ဆုံးဖြတ်လိုက်တော့သည်။


ကိုတင်ညွန့်လဲ နီးစပ်ရာ မြို့တက်ပြီးတော့ ထီလက်မှတ်များကိုဝယ်ယူလေသည်။ ထို့နောက် စက်ဘီးကလေးတစ်စီးဖြင့် အင်းဆိပ်ကျေးရွာတွင်မက အနီးရှိကျေးရွာများသို့ သွားရောက်ကာ ထီလိုက်ပတ်ရောင်းတော့သည်။


အခန်း(၆) မွဲချင်တဲ့ခွေး

''ရှင်ထီရောင်းတာ အခြေအနေဘယ်လိုရှိလဲ''

ထီရောင်းတာ နှစ်ပါတ်ကျော်ခဲ့ပြီဖြစ်သော်လည်းကိုတင်ညွန့်မှာ ထီများများစားစားမရောင်းရပေ၊ ကျေးလက်ရွာဖြစ်သည်ကလဲတစ်ကြောင်း၊ ထိုဒေသရှိသူများမှာ အစိုးရထီကို သိပ်စိတ်မဝင်စားကြ၊ နားမလည်သည့် သူလဲများသဖြင့် ထီသိပ်မရောင်းရပေ။

''အေးကွာ၊ ထီရောင်းရတာ သိပ်အဆင်မပြေဘူးကွ၊ တို့တော့ မင်းသမီးရဲ့စကားကိုနားထောင်မိလို့ မှားပြီလားမသိပါဘူး''


နောက်တစ်ပတ်ခန့်ကြာတော့ ကိုတင်ညွန့်ဒေါသများပါထွက်လာသည်။ ထီကလဲမရောင်းရ၊ အရင်က လုပ်ကိုင်ခဲ့သည့် ငါးဖမ်းလုပ်ငန်းကိုသာ ဆက်လက်လုပ်ကိုင်ပါက အဆင်ပြေဦးမယ်ဖြစ်သည်။ အခုတော့ ကလေးစကားကိုနားထောင်မိပြီး ထီးဖြူဖိနပ်ပါးဖြစ်နေပြီဖြစ်သည်။ ထိုနေ့ကိုတင်ညွန့်ထီရောင်းပြီး ပြန်လာသည်။

''ဝေး . . . တင်ညွန့်၊ မင်းထီရောင်းစားနေတယ်ဆို''

''အေးဗျာ''

ကိုတင်ညွန့်က စက်ဘီးကိုရပ်လိုက်သည်။


''မင်းကွာ မိဘလက်ငုပ်လက်ရင်း ငါးဖမ်းတဲ့အလုပ်ကိုစွန့်ပစ်ပြီး ဒီလိုရွာမှာ ထီလာရောင်းနေရတယ်လို့ကွာ၊ အခုကြည့်စမ်း မင်းဆီကလှေဝယ်သွားတဲ့ ကိုသောင်းတို့များ အဆင်ကိုပြေနေတာပဲ''

''ဟုတ်လား''

''ကိုသောင်းတို့ မင်းလှေကိုရကတည်းက ငါးရလိုက်တာပြောမနေနဲ့တော့ အရင်က နှစ်ရက်လောက်ဖမ်းရတဲ့ခရီးကို ခုများနေ့တစ်ဝက်နဲ့ရတယ်ပြောတယ်၊ မင်းလှေက လပ်ကီးကောင်းတယ်လို့ တို့ရွာမှာ နာမည်ကြီးတယ်မဟုတ်လား''

ထိုသူ၏ ပြောစကားများက ကိုတင်ညွန့်ရင်ထဲဝယ် ပဲ့တင်ရိုက်ထပ်နေသည်။

''မင်းကွာ ဒီတောရွာမှာ ထီရောင်းစားရတယ်လို့၊ မွဲချင်တဲ့ခွေး ပြာပုံတိုးတာပဲဟေ့''

ဆွေမျိုးမကင်းဖြစ်သူ ဘကြီး၏ စကားများကိုနားထောင်ရင်း ကိုတင်ညွန့်တစ်ယောက် စက်ဘီးကလေးကို ဒေါသဖြင့် နင်းလာခဲ့တော့သည်။


အိမ်ရှေ့တွင် တင်မေကလေးက ဆော့ကစားနေသည်။ ကိုတင်ညွန့်လဲ စက်ဘီးကိုရပ်ပြီး ဒေါသထွက်ထွက်နှင့် ဆင်းလိုက်သည်။ ထိုစဉ်သူ့ဖခင်ပြန်လာသည်ကိုတွေ့လိုက်သဖြင့် တင်မေကလေးက ကိုတင်ညွန့်ဆီပြေးသွားလိုက်သည်။

ကိုတင်ညွန့်က တင်မေကလေးပြေးလာတောမြင်တော့ ဒေါသထွက်ထွက်နှင့် တင်မေကလေးကို ဆောင့်ကန်လိုက်သည်။ တင်မေလေးက လွင့်ထွက်သွားပြီး အိမ်ရှေ့တစ်နေရာတွင် ပက်လက်လန်ပြီးလဲကျကာ ငိုယိုတော့သည်။ တင်မေကလေး ငိုနေသည်ကို ကြားရသည်မို့ မရင်မေလဲ အိမ်ပေါ်ကနေပြေးဆင်းလာသည်။

''ကိုတင်ညွန့် ရှင်ဘာလုပ်တာလဲ''

''ဒီကောင်မလေး ကောင်းကျိုးကိုမပေးဘူး''

ကိုတင်ညွန့်ကပြောနေရင်း တောက်ခေါက်လိုက်သည်။

''ရှင်ဘာဖြစ်လာပြန်တာလဲ ကိုတင်ညွန့်''

''ဘာဖြစ်ရမှာလဲ မင်းသမီးရဲ့ စကားကိုယုံမိလို့ ငါတို့ မွဲကိန်းစိုက်နေပြီဟေ့၊ တို့လှေကိုဝယ်သွားတဲ့ ကိုသောင်းတို့များ အဆင်ကိုပြေနေတာပဲ၊ ငါတော့မှားပြီ၊ အခုစက်ဘီးတစ်စီးနဲ့ ရွာတစ်ကာလှည့်ပြီး ထီလိုက်ရောင်းနေရတယ်၊ သားသမီးယုံ စုံလုံးကန်းတယ်ဆိုတာ ဒါကိုပြောတာနေမှာ''


ကိုတင်ညွန့်လဲ စိတ်ပျက်ပျက်ဖြင့် လှေကားထစ်တွင် ထိုင်ချလိုက်သည်။ မရင်မေကတော့ တင်မေကလေးကို ပွေ့ချီထားသည်။ တင်မေကလေးကတော့ ရှိုက်နေကာ သူ့အဖေကို ကြည့်နေလေသည်။


''ဖေဖေ့အသက်ကိုပါ သမီးကယ်ခဲ့တာပါ''

''ဘာ . . . ဒီကောင်မလေး အခုထိ မဟုတ်တာတွေ ပြောနေသေးတာပဲ၊ ငါလုပ်လိုက်ရ''

''တော်ပါတော့ ကိုတင်ညွန့်ရယ်၊ မလုပ်ပါနဲ့တော့''

မရင်မေက ပြောဆိုကာ တင်မေကလေးကိုချီပြီး အိမ်ပေါ်တက်သွားလေသည်။

''မွဲချင်တဲ့ခွေး ပြာပုံတိုးတယ်ဆိုတာပေါ့ကွာ''

''မွဲချင်တဲ့ခွေး ပြာပုံတိုးတယ်ဆိုတာပေါ့ကွာ''

ကိုတင်ညွန့်နားထဲဝယ် ထိုစကားများကိုသာ အထပ်ထပ်အခါခါ ပြန်ကြားနေရသည်။


အခန်း (၇) ဒေါသအမှောင်ဖုံး

နောက်တစ်နေ့ကစပြီး မိုးရွာတော့သည်။ ကိုတင်ညွန့်က အိမ်ကမထွက်ဘဲ အိမ်ရှေ့တွင် ခေါင်းအုံးတစ်လုံးနှင့် မှောက်အိပ်နေသည်။

''ကိုတင်ညွန့် ရှင်ထီရောင်းမထွက်ဘူးလား''

''တော်စမ်းပါကွာ၊ ဒီလောက်မိုးတွေသည်းနေတာကို၊ နောက်ပြီးငါလဲ ရှင်းရှင်းပြောရရင် ထီမရောင်းချင်တော့ဘူး''

မရင်မေက တင်မေကလေးကို ချီပြီးတော့ ကိုတင်ညွန့်အနားတွင် ဝင်ထိုင်လိုက်သည်။ ကောင်းကင်ကြီးက အုံ့မှိုင်းနေပြီး တိမ်စိုင်တိမ်လိပ်တွေကလဲ လိပ်လိပ်တက်နေသည်။ အုန်းပင်များစောင်းနေသည်ကိုကြည့်ချင်းဖြင့် လေထန်နေပြီဖြစ်ကြောင်းကို မပြောဘဲ သိနိုင်သည်။

''မုန်တိုင်းများ ရှိသလား မသိဘူးနော်''

မရင်မေက ကောင်းကင်ကိုကြည့်ပြီးပြောလိုက်သည်။ ကိုတင်ညွန့်က မိုးပေါ်သို့တစ်ချက်မော့ကြည့်လိုက်ပြီးတော့ ပြန်လှဲနေလိုက်သည်။

''ဒါနဲ့ ရှင်က ထီမရောင်းချင်တော့ ဘာလုပ်မယ်စိတ်ကူးလဲ''

''အိုကွာ . . . တို့မျိုးရိုးက တံငါသည်ပဲ၊ လှေတစ်စင်းထပ်ဝယ်ပြီး ငါးပြန်ဖမ်းမယ်ကွာ''

ထိုအခါ မရင်မေ ပေါင်ပေါ်တွင်ထိုင်နေသော တင်မေကလေးက ခေါင်းတခါခါဖြင့်

''ဟင့်အင်း . . . ဖေဖေငါးမဖမ်းရဘူး . . . ဖေဖေငါးမဖမ်းရဘူး''

''ဘာဖြစ်လဲသမီးရဲ့ ငါးဖမ်းမှ ဖေဖေတို့ ထမင်းဝမှာကွ''

''ငါးဖမ်းရင် ဖေဖေသေလိမ့်မယ် . . . ''

ကိုတင်ညွန့်လဲ ဘာမှဆက်မပြောချင်သဖြင့် မျက်လုံးများကိုမှေးထားပြီး ပြန်အိပ်နေတော့သည်။


နေ့လည်ရောက်တော့ လေကတော်တော်ပြင်းလာပြီး မိုးကလဲ တော်တော်သည်းလာလေသည်။ ရွာအနီးရှိ အုန်းတောကြီးမှာ တဖြုန်းဖြုန်းဖြင့် အုန်းပင်တွေ ပြတ်ကျကုန်သည်။ အခိုင်အခန့်ဆောက်ထားသည့် ကိုတင်ညွန့်တို့အိမ်တောင် လေတစ်ချက်တိုးတိုင်း တစ်သိမ့်သိမ့်တုန်ခါသွားသည်။ ထိုစဉ်ရွာလယ်လမ်းတွင် လူတစ်ချို့ပြေးလွှားနေသည်။ ကိုတင်ညွန့်လဲ သိချင်သဖြင့် အိမ်ရှေ့ထွက်သွားလိုက်သည်။


''ဟေ့ . . . ဘာတွေဖြစ်နေကြတာလဲ''

''ကိုသောင်းတို့လှေ ပင်လယ်ထဲမှာပျက်လို့တဲ့၊ လှေကော လူတွေကော အစတောင်ရှာမတွေ့ဘူးပြောတယ်''

''ဟာ . . .''

ကိုတင်ညွန့်လဲ အလွန်အံ့ဩသွားကာ တုန်လှုပ်သွားသည်။

''ကိုသောင်းက ငါးအရများတယ်ဆိုပြီး ဒီမနက်လေထန်နေတာကိုတောင် ထွက်သွားတာဗျ။''

ကိုတင်ညွန့်လဲ အိမ်ပေါ်သို့ တစ်လှမ်းချင်းတက်လာလေတော့သည်။ ခေါင်းကလဲ ငိုက်စိုက်ကျနေသည်။ နားထဲတွင်တော့ သမီးလေးပြောသည့် စကားတစ်ချို့ကို ကြားယောင်နေလေသည်။

''ဖေဖေ့အသက်ကိုပါ သမီးကယ်ခဲ့တာ''

အိမ်ပေါ်ရောက်တော့ မရင်မေကလဲ သိချင်သဖြင့် ဆီးပြီးမေးသည်။


''ဘာဖြစ်တာလဲ ကိုတင်ညွန့်ရဲ့''

''ကိုသောင်းတို့လှေ ပင်လယ်ထဲပျက်သွားတယ်ပြောတယ်ကွ၊ လှေကော လူကော အစရှာမရဘူးတဲ့''

''အို . . ဘုရား . . . ဘုရား''

ကိုတင်ညွန့်လဲ ထိုတော့မှ တင်မေကလေးဆီသို့လှမ်းလျှောက်သွားလိုက်သည်။

''သမီး . . . သမီးကိုဖေဖေ တောင်းပန်ပါတယ်''


အခန်း(၈) ထီပေါက်ပြီ

လကုန်ပြီးပြီဖြစ်သည်။ ကိုတင်ညွန့်လဲ ထီမရောင်းဖြစ်သေး။ အိမ်ထဲတွင် မှောက်လိုက်လှန်လိုက်လုပ်နေသည်။ စီးပွားရေးတစ်ခုခုကို အစပြုလုပ်ရန် စဉ်းစားနေခြင်းဖြစ်သည်။ ထိုစဉ် စက်ဘီးတစ်စီး အိမ်ရှေ့သို့ဆိုက်လာလေသည်။

''ဗျို့ကိုတင်ညွန့်''

ခေါ်သံကြားလို့ လှမ်းကြည့်လိုက်တော့ ကိုတင်ညွန့်မြို့ကနေ ထီယူရောင်းသည့် ထီဆိုင်မှဖြစ်နေသည်။

''အိမ်ပေါ်တက်ခဲ့ဗျို့''

ထီသည်မှာ အိမ်ပေါ်တက်ထိုင်လိုက်သည်နှင့် ကိုတင်ညွန့်လဲ လှဲနေရာမှထိုင်လိုက်သည်။

''ဒီလတော့ ကျုပ်ထီမရောင်းဖြစ်ဘူးထင်တယ်''

ထိုအခါ ထီသည်က ပြုံးလိုက်ပြီး

''ခင်ဗျားဝယ်သွားတဲ့ ထီတွေထဲက ၁၀ သိန်းဆုတစ်ဆုပေါက်နေတယ်ဗျ၊ ခင်ဗျားဘယ်သူ့ကိုရောင်းလိုက်တာလဲ''

ကိုတင်ညွန့်မျက်လုံးပြူးသွားသည်။ ချက်ခြင်းထလိုက်ပြီး သူထီရောင်းသည့် လွယ်အိတ်ကိုဖြုတ်လိုက်ပြီး ထီလက်မှတ်များကို ထုတ်လိုက်သည်။

''ဘာနံပါတ်ပေါက်သွားတာလဲဗျ''

ထီသည်က ထီပေါက်စဉ်ကိုဆွဲထုတ်လိုက်သည်။

''င ၃၄၉၈၇၀''

ကိုတင်ညွန့်က စာအုပ်ထဲတွင် သူရောင်းခဲ့သော ထီလက်မှတ်များကို မှတ်သားထားသည်များကို ပြန်ကြည့်နေလေသည်။

''ရောင်းထားတဲ့ထဲတော့ မပါဘူးဗျ''

''ဟာ . . . ဒါဆိုခင်ဗျားသူဌေးဖြစ်ပြီပေါ့၊ ခင်ဗျားမရောင်းရသေးတဲ့ထဲက ထပေါက်နေတာဗျ''


မရောင်းရသေးသည့် ထီစောင်ရေများကို မွှေနှောက်ရှာဖွေရင်း ကိုတင်ညွန့်က ထီလတ်မှတ်ကလေးတစ်စောင်ကို တွေ့လိုက်ရသည်။

''င ၃၄၉၈၇၀၊ ဟာ . . . ဒီဟာပဲဗျို့''

ကိုတင်ညွန့်က ထီလက်မှတ်ကလေးကိုင်ရင်း ထခုန်လိုက်သည်။ ထီသည်မှာလဲ ကိုတင်ညွန့်အပျော်ကူးသွားပုံရသည်။ မရင်မေနှင့် တင်မေကလေးလဲ ဘုမသိဘမသိနှင့် ကြောင်ပြီးကြည့်နေကြသည်။

''မိန်းမရေ တို့ထီပေါက်ပြီကွ ဆယ်သိန်းတောင်ကွ . . . ဆယ်သိန်းတောင်''

ထိုတော့မှ မရင်မေလဲ ပျော်ပြီးခုန်ပေါက်နေတော့သည်။


''တင်ညွန့်တို့များ ကံကောင်းချက်ကွာ၊ ရောင်းမကုန်တဲ့ထီကနေ ဆယ်သိန်းဆု ထပေါက်သတဲ့ကွ''

ကိုတင်ညွန့်တို့ သတင်းသည် ရွာကလေးထဲတွင် ပျံ့နှံ့သွားသည်။ ထိုတော့မှ ရွာသားများလဲ ထီကိုစိတ်ဝင်စားလာကြသည်။

''တို့လဲ တင်ညွန့်ရောင်းတဲ့ထီထိုးမယ်ဟေ့''

ထိုနောက်ပိုင်းမှစပြီး ရွာသားများရော၊ ရွာနီးချုပ်စပ်ပါ ကိုတင်ညွန့်ထံတွင် ထီထိုးကြရာ ကိုတင်ညွန့်မှာ ထီအစောင်ရေ ရောင်းမလောက်အောင်ကို ရောင်းရလေသည်။ ကိုတင်ညွန့်က စက်ဘီးကလေးတွင် ငါးမလေး ဟုရေးသားပြီး ထီခုံကလေးတွဲကာ လှည့်ရောင်းသလို၊ အိမ်တွင်လဲ ငါးမလေး ဟူသည့် ထီဆိုင်ကိုဖွင့်လှစ်လိုက်တော့သည်။


ငါးမလေးထီဆိုင်တွင် ထီထိုးသူများပြားသလို ထီပေါက်သူလဲများပြားလေသည်။ ဆုကြီးမဝင်လျှင်တောင် ၅ထောင်ဆု တစ်သောင်းဆု သုံးသောင်းဆုများဝင်သည်။ တစ်ခါတော့ ကြီးဒေါ် ဒေါ်ဂျမ်းကြီးက ထီလာထိုးလေသည်။

''ငါးမလေးရေ ငါ့လဲ လင်ကသေ၊ စီးပွားကပျက်နဲ့ ထီလေးပေါက်အောင်လို့ တစ်စောင်လောက်ရွေးပေးပါကွယ်''

ထိုအခါ ငါးမလေးက ဆိုင်တွင်ချိတ်ထားသည့် ထီလက်မှတ်များထဲမှ နှစ်စောင်တွဲထီတစ်ခုကိုယူပေးလိုက်သည်။ ထိုလတွင် ဒေါ်ဂျမ်းသည် ငါးသောင်းဆုဝင်လေသည်။ ထိုသတင်းသည် ရပ်ထဲရွာထဲပြန့်သွားသောအခါ ရပ်ရွာထဲမှလူများက ငါးမလေးကို ထီများဝိုင်းရွေးခိုင်းကြသဖြင့် မရင်မေက အားလုံးကိုတားထားရသည်။


အခန်း (၉) သာသနာပြုမည်

သားအမိသားအဖတွေ ကမ်းခြေကိုတစ်ခေါက်ရောက်ကြပြန်သည်။ ကိုတင်ညွန့်လဲ အလုပ်မအားမလပ်တော့။ သူ့ထီဆိုင်မှာ သူကိုယ်စားလှယ်ယူရောင်းသည့် မြို့ကဆိုင်ထက်ပိုရောင်းအားတက်နေသည်။ အခုတော့ လကုန်နားနီးသဖြင့် ထီလက်မှတ်တွေကုန်သွားသဖြင့် ထီဆိုင်ကို လေးငါးရက်ခန့်ပိတ်ထားရလေသည်။ ထို့ကြောင့် ကမ်းခြေကို လမ်းလျှောက်ထွက်ကြသည်။


''ဖေဖေ အဲဒီစေတီကလေးကို ပြန်ပြင်ကြရအောင်''

ဘာကြောင့်ရယ်မှန်းမသိ သမီးကလေးကပြောလိုက်သဖြင့် ကိုတင်ညွန့်ကလဲ မရင်မေမျက်နှာကိုကြည့်လိုက်သည်။ မရင်မေကို တိုင်ပင်ချင်သည့်သဘောဖြစ်သည်။

''ကျုပ်တို့ပြင်ရအောင်တော်၊ ဟိုတစ်ခါကလဲ ထီပေါက်ထားတဲ့ငွေတွေ ကျန်သေးတယ်မဟုတ်လား''

မိန်းမဆီကကော သဘောတူညီမှုရသဖြင့် ကိုတင်ညွန့်က စေတီကလေးကိုပြင်ဆင်ရန်အတွက် ခေါင်းညိတ်လိုက်သည်။ စေတီပြင်ဆင်ရန် ရွာဦးကျောင်းဆရာတော်နှင့် တိုင်ပင်ရသည်။ ဆရာတော်ကလဲ ခေါင်းတညိတ်ညိတ်ဖြင့်ထောက်ခံသည်။


''ဒါဆိုရင် ဒကာတင်ညွန့်ရဲ့ သမီးလေးဟာ သာသနာပြုချင်လို့ ပင်လယ်ထဲက နေလာဝင်စားတာဖြစ်ရမယ်''

ကိုတင်ညွန့်လဲဆရာတော်စကားကို ခေါင်းညိတ်ပြီးထောက်ခံလိုက်သည်။


စေတီကလေးကို ပြင်ဆင်တော့ သိပ်ပြီးအကုန်အကျက မရှိလှ၊ ကိုတင်ညွန့်က မတည်ပြီးလှူဒါန်းသော်လည်း ရွာထဲမှ စေတနာရှင်များကပါ ဝိုင်းဝန်းလှူဒါန်းကြသည်။ ထိုကျောက်ဆောင်ကလေးကခပ်သေးသေးလေးဖြစ်သဖြင့် အုတ်ဖြင့်ရံကာ သင်္ဘောပုံစံပြုလုပ်တည်ဆောက်လိုက်သည်။ ထို့နောက် ကျောက်ဆောင်ပေါ်တွင် အတန်ငယ်ကျယ်ဝန်းသည့်ရင်ပြင်တော်ကလေးတည်ဆောက်ပြီး ထိုပေါ်ရှိစေတီဟောင်းကလေးကို ငုံပြီး စေတီအသစ်တစ်ဆူပြန်တည်ဆောက်ကြသည်။ ၆လခန့်ကြာတော့ စေတီကလေးမှာ ရွှေရောင်တဝင်းဝင်းနှင့် ဖြစ်နေတော့သည်။


စေတီပြီးတော့ ဌာပနာပြီး ထီးတော်တင်လှူပွဲကျင်းပတော့မည်ဖြစ်သည်။ ဆရာတော်နှင့် ရွာသူရွာသားများက ဌာပနာအတွက် တန်ဖိုးရှိသည့်အရာများ၊ ဘုရားဆင်းတုများ၊ စာပေကျမ်းဂန်များကို လှူဒါန်းကြသည်။ ဌာပနာပွဲတွင်တက်ရန် ငါးမလေးကို မရင်မေက အနီရောင်ဖျော့ ဝမ်းဆက်ကလေးကို ချုပ်ပေးထားသည်။ ကိုတင်ညွန့်တို့က မတည်အလှူရှင်များဖြစ်သဖြင့် ဘုရားဒယကာ စိန်ဖူးတော်ကိုင်ရမည်ဖြစ်သည်။


ရာသီဥတုကောင်းသော ရက်ကောင်းရက်မြတ်ကိုရွေးချယ်ပြီး ဌာပနာပွဲကျင်းပကြသည်။ ငါးမလေးလဲ ဌာပနာပွဲတွင်ရှိနေသည်။ ဌာပနာထည့်မည့် အရာများကို ငွေဖလားတစ်ခုထဲတွင် ထည့်ပြီးကိုင်ဆောင်လာကြသည်ကိုတွေ့သည့်အခါ ငါးမကလေးက မျက်မှောင်ကြုတ်သွားသည်။

''ဖေဖေ အထဲထည့်မည့် ဟာတွေက ဒါအကုန်ဘဲလား''

ငါးမလေးက သူမေးတတ်သလိုမေးလိုက်သည်။

''ဒါပဲပေါ့သမီးရဲ့ ဖေဖေတို့က တံငါရွာဆိုတော့ ဘာသာတရားမလိုက်စားတဲ့သူတွေများတယ်၊ နောက်ပြီးဆင်းလဲ ဆင်းရဲကြတာကိုး''

''ဒါဆို သမီးအများကြီးရအောင်လုပ်ပေးမယ်လေ''

ကိုတင်ညွန့်က ငါးမလေးကို ကြည့်လိုက်သည်။

''သမီးက ဘယ်လိုလုပ်မလို့လဲ''

ထိုအခါ ငါးမလေးခေါ် တင်မေကလေးက ရေစပ်နားသို့သွားလိုက်ကာ အော်ဟစ်လိုက်သည်။ သူမအော်ဟစ်လိုက်ပုံက ထူးဆန်းနေသည်။ သီချင်းတစ်ပုဒ်သီဆိုနေသလို သာယာနာပျော်ဖွယ်လဲ ကောင်းနေသည်။ ငါးမလေးက အဆက်မပြတ် ဆယ့်ငါးမိနစ်ခန့် အော်နေသည်ကို ဌာပနာပွဲလာ ပရိတ်သတ်များက ငေးကြည့်နေကြလေသည်။


ငါးမလေးအော်ပြီးသည်နှင့် မကြာခင်ပင်လယ်ပြင်ကြီးက လှုပ်ရှားလာလေသည်။ ပင်လယ်ပြင်ကြီးတစ်ခုလုံးလှုပ်ရှားလာတာမဟုတ်ဘဲ ထိုစေတီအနားတစ်ဝိုက်သာ ရေတွေက လှိုင်းတွေထလာလေသည်။ ချက်ချင်းဆိုသလိုပင် မိုးမှောင်ကြီးကျလာကာ ပင်လယ်ပြင်ကြီးမှ အော်သံကြီးများထွက်ပေါ်လာလေသည်။

''ဝူး . . . ဝူး . . . . ဝါး''

''ဟာ ပင်လယ်ကြီးအော်နေပြီဟေ့''

ထို့နောက် လှိုင်းလုံးကြီးတစ်လုံးက ပင်လယ်ထက်မှ ထွက်ပေါ်လာပြီး စေတီကလေးဆီဦးတည်လာသည်။ လှိုင်းလုံးကြီးမှာ ဆယ်ပေခန့်ရှိမည်ထင်သည်။ ထိုလှိုင်းလုံးကြီးမှာ စေတီကလေးကို တိုက်သွားပြီးပျောက်ကွယ်သွားလေသည်။

''ချွင် . . . ချလွင်''

လှိုင်းလုံးကြီးမှာ သင်္ဘောဦးပုံစံ စေတီကလေးနှင့်တိုက်ပြီးနောက် လှိုင်းလုံးထဲမှ ရွှေပြား၊ ငွေပြားနှင့် ပုလဲလုံးများသည် ပြန့်ကျဲကာ သဲသောင်ပြင်တွင် တင်ကုန်ကြသည်။ ထိုအခါ ရပ်ရွာလူကြီးများလဲ ပြေးလာကာ သဲသောင်ပြင်ရှိ ရတနာများကို ကောက်ယူကြသည်။ ဆရာတော်က ကောက်ယူရရှိသော ရတနာများကို စာရင်းပြုလုပ်လေသည်။ လာရောက်ကြည့်ရှုကြသည့် ပရိတ်သတ်များလဲ အလွန်အံ့ဩဝမ်းမြောက်ကြကုန်လေသည်။

''ငါးမလေးက ဌာပနာတွေလှူတာပဲဟေ့''

ထိုရရှိလာသည့် ရတနာများအားလုံးကို ဌာပနာတိုက်ထဲတွင် ထည့်သွင်းဌာပနာလိုက်တော့လေသည်။ ထိုအချိန်မှစပြီး ထိုဘုရားစေတီကလေး၏ ဘွဲ့အမည်ကိုလူအများက သိပ်မသိကြတော့ဘဲ ငါးမလေးဘုရားဟုသာ လူသိများတော့လေသည်။  


အခန်း (၁၀) ခွဲခွာကြရပြီ

ဘာလိုလိုနှင့် ငါးမလေးလဲ အသက် ၁၀ နှစ်ကျော်လာခဲ့ပြီဖြစ်သည်။ ကိုတင်ညွန့်တို့လဲ ယခုဆိုလျှင် တိုက်အိမ်နှင့်နေနိုင်နေပြီဖြစ်သည်။ တရုတ်ဖြစ်ဆိုင်ကယ်ကလေး ဝယ်စီးနေနိုင်ပြီဖြစ်သည်။ ငါးမလေးကတော့ ရပ်ရွာအတွင်းလူချစ်လူခင်များသည့် ကလေးလေးတစ်ယောက်ဖြစ်လာခဲ့ပြီး ကိုတင်ညွန့်ကိုလဲ အလှူအတန်းများလုပ်ခိုင်းလေသည်။


ရေတွင်းရေကန်ဖော်ခြင်း၊ ရဟန်းခံခြင်း၊ ရှင်ပြုပေးခြင်း၊ ဘုန်းကြီးကျောင်းလှူခြင်း စသည်ဖြင့် ငါးမလေး၏ အလှူအတန်းများလဲ များပြားလာပြီဖြစ်လေသည်။ သို့သော် တစ်ရက်ရောက်တော့ငါးမလေးမှာ ရေချိုးရင်းအော်ဟစ်နေလေသည်။

''ဟဲ့ သမီးဘာဖြစ်တာလဲ''

မရင်မေက အသံကြားသဖြင့် သနပ်ခါးသွေးနေရာမှ ရေချိုးခန်းအတွင်းသို့ပြေးသွားလိုက်သည်။ ရေချိုးခန်းအတွင်းတွင် ငါးမလေးက ထိုင်နေလေသည်။

''ဟယ် . . . . ဘုရားရေ''

မရင်မေအော်ဟစ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ငါးမလေး၏ ခြေထောက်များတွင် နီရွှေရောင် ငါးအကြေးခွံများပေါ်လာခြင်းဖြစ်သည်။

''သမီး . .  သမီးဘာဖြစ်တာလဲ''

''မသိဘူးအမေ . . သမီး . .  သမီးထလို့မရတော့ဘူး''

သို့နှင့် ငါးမလေးတို့ အိမ်သားများဆူညံသွားကြတော့သည်။ ငါးမလေးမှာ မတ်တပ်မရပ်နိုင်တော့ဘဲ သူ့ခြေထောက်တွေက ပျော့ခွေနေသည်။ ခြေထောက်ကို အားပြုလို့ မရတော့ပေ။ ခြေထောက်အောက်ပိုင်းမှစပြီး ခြေသလုံးအထိ ငါးအကြေးခွံများလဲ ပေါ်လာလေသည်။

''သမီး ဘာမှမဖြစ်စေရဘူး . . . အဖေရှာထားတဲ့ ပိုက်ဆံတွေနဲ့ ငါ့သမီးကိုရအောင်ကုမယ်''

ထိုအခါ ငါးမလေးက ငိုယိုလျှက်

''မရဘူးဖေဖေ . . . ငါးမလေး သွားရတော့မယ်''

''အို . . . မဟုတ်တာမပြောပါနဲ့ သမီးရယ်''

ထိုအချိန်မှစပြီး ငါးမလေးကျောင်းမသွားရတော့။ ကိုတင်ညွန့်က ငါးမလေးကို နီးစပ်ရာမြို့ရှိ အရိုးအထူးကုများနှင့် ပြသချင်သော်လည်း ငါးမလေးက အပြမခံတော့။ ကိုတင်ညွန့်က ငါးမလေးအတွက် ဝှီးချဲဝယ်ပြီး တွန်းရလေသည်။


''အဘတို့က သမီးကိုခေါ်နေပြီဖေဖေ သမီးသွားရတော့မယ်''

''သမီး . . . သမီးမသွားရဘူး . . . ဖေဖေရတဲ့နည်းနဲ့တားမယ်''

''သမီးလဲ ဖေဖေတို့ကိုချစ်ပါတယ်ဖေဖေရယ် . . . သမီးလဲမသွားချင်ပါဘူး''

ထိုသို့ပြောလိုက်သည်နှင့် ကိုတင်ညွန့်လဲ ငါးမလေးကို ဖက်လိုက်တော့သည်။ သားအဖနှစ်ယောက်ဖက်ပြီး ငိုနေသည်ကို ကြည့်မိသည့် မရင်မေလဲ မျက်ရည်များစီးကျလာလေသည်။ ကိုတင်ညွန့်တို့ ထံတွင် သားသမီးမရှိဘဲ ငါးမလေးတစ်ဦးသာ ထွန်းကားသောကြောင့်ဖြစ်သည်။


တစ်နေ့ထက်တစ်နေ့ ငါးမလေး၏ အကြေးခွံများမှာ အပေါ်သို့တက်လာလေသည်။ နောက်တော့ ခါးအထိ အကြေးခွံတွေ ပေါက်နေပြီဖြစ်သည်။ ကိုတင်ညွန့်တို့က လာကြည့်သည့်သူများ များပြားနေမည်ကို စိုးရိမ်သောကြောင့် ထိုအဖြစ်ကို ဆွေမျိုးတစ်ချို့နှင့် အသိမိတ်ဆွေများကိုသာ ပြောပြထားလေသည်။ ဆွေမျိုးများကတော့ ငါးမလေးအဖြစ်ကို စိတ်မကောင်းကြပေ။


ထိုညက မိုးတွေသည်းထန်စွာရွာလေသည်။ အိမ်ခေါင်သွပ်မိုးကို မိုးသီးမိုးပေါက်များက ရိုက်ခတ်သဖြင့် တဝုန်းဝုန်းနှင့်မြည်နေလေသည်။ ညအိပ်ချိန်ဖြစ်သဖြင့် ကိုတင်ညွန့်တို့လဲ မီးများပိတ်ပြီးအိပ်နေလေသည်။


ကိုတင်ညွန့်က လှိုင်းလေငြိမ်နေသော ပင်လယ်ပြင်တွင် မတ်တပ်ရပ်နေသည်။ သူရပ်နေသည်မှာ ကျောက်ဆောင်ကလေးတစ်ခုပေါ်တွင်ဖြစ်ပြီး ကြည်လင်လှသည့်ရေများက သူ့ကိုဝိုင်းနေလေသည်။ သူ့ညာဖက်လက်တွင်တော့ ငါးမလေးကို လက်ဆွဲထားလေသည်။ ငါးမကလေးက သူ့ကိုမော့ကြည့်ပြီး ပြုံးပြလိုက်သည်။ ထိုစဉ် ရေထဲမှ ငါးအနက်ကြီးတစ်ကောင် ကူးခတ်လာပြီး သူတို့အနားအရောက်တွင် အဘိုးအိုကြီးတစ်ဦးအဖြစ်ပြောင်းလဲသွားလေသည်။


''တင်ညွန့်၊ ငါးမကလေးက နင်တို့နဲ့ရေစက်ကုန်သွားပြီ၊ သူလူ့ပြည်လူ့လောကမှာ နေနိုင်တဲ့ရက် ကုန်သွားပြီ၊ ဒီတော့ ငါလာပြန်ခေါ်တာပဲ''


ထိုအဘိုးကြီးကပြောလိုက်သည်နှင့် ငါးမလေးက သူ့လက်ကိုဖြုတ်ကာ အဘိုးကြီးဆီလှမ်းလျှောက်သွားသည်။ ထို့နောက် ရေထဲသို့ခုန်ဆင်းလိုက်သည်နှင့် ငါးအနီရောင်ကလေးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ အဘိုးကြီးလဲ ငါးအနက်ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး ရေထဲသို့အတူတူငုပ်ဆင်းသွားကြလေတော့သည်။


''သမီး . . . သမီးပြန်လာခဲ့၊ သမီးဘယ်မှမသွားရဘူး''

ကိုတင်ညွန့်က အသံကုန်ဟစ်ပြီးအော်ဟစ်လိုက်သည်။ ထို့နောက် အိပ်ယာထဲ ငုတ်တုတ်ထထိုင်လိုက်သည်။ မိုးရွာသဖြင့် ရာသီဥတုအေးနေသော်လည်း သူကတော့ ဇောချွေးတွေ တစ်ကိုယ်လုံးပြန်နေသည်။ ကိုတင်ညွန့်ကလက်နှိပ်ဓါတ်မီးကိုထွန်းလိုက်ပြီး ငါးမလေးအိပ်သည့်နေရာသို့ ထိုးကြည့်လိုက်သည်။

''ဟေ . . . မ . . . မရှိတော့ပါလား''

ကိုတင်ညွန့်နှင့် မရင်မေအိပ်သည့်အလယ်တွင် ငါးမလေးက အိပ်စက်မြဲဖြစ်သော်လည်း ယခုတော့ အိပ်ယာအလယ်တွင်မည်သူမျှမရှိတော့။

''မရင်မေ . . . ရင်မေရေ ထကြည့်ပါဦးကွ''

ထိုသို့ခေါ်နှိုးလိုက်တော့မှ မရင်မေလဲ အိပ်မှုန်စုံမွှားဖြင့် ထလာလေသည်။

''ဘာလဲ ကိုတင်ညွန့်ရဲ့''

''သမီးလေး. . . သမီးလေး မရှိတော့ဘူး''

ထိုတော့မှ မရင်မေလဲ ထူပူသွားပြီး တစ်အိမ်လုံးအနှံ့လိုက်ရှာတော့သည်။ အိမ်ရှိဆွေမျိုးသားချင်းများလဲ ဝိုင်းရှာကြလေသည်။

''မရှိတော့ဘူး . . .''

ကိုတင်ညွန့်မှာ ငူငူကြီးထိုင်နေလေသည်။ ထို့နောက် အိမ်တံခါးကိုဆွဲဖွင့်လိုက်ပြီး မိုးရေထဲသို့ တစ်ယောက်ထဲ ပြေးထွက်သွားလေတော့သည်။

''လုပ်ကြပါဦးတော့ ကိုတင်ညွန့်ပြေးထွက်သွားပြီ''


မိုးကသည်းနေဆဲဖြစ်သည်။ မိုးစက်မိုးပေါက်များက ကိုတင်ညွန့်ကို မြားအစင်းစင်းလာရောက် စိုက်မှန်သလို ရွာကျနေသည်။ ကိုတင်ညွန့်မျက်လုံးမှ ကျလာသည့်မျက်ရည်များသည် မိုးစက်များနှင့်အတူ စီးကျနေလျှက်ရှိသည်။ ကိုတင်ညွန့်ကတော့ ဖိနပ်မပါဘဲ မှောင်ကြီးမည်းကြီးထဲ အသည်းအသန်ပြေးလွှားနေလေသည်။


အုန်းတောကလေးကို ကျော်ဖြတ်ပြီးတော့ ပင်လယ်ပြင်ဆီရောက်လာပြီဖြစ်သည်။ ပင်လယ်ပြင်က လှိုင်းကြီးကာရေထန်နေသည်။ လှိုင်းလုံးကြီးများက ကမ်းစပ်ကို တဝုန်းဝုန်းပြေးတိုက်နေလေသည်။


''သမီး ပြန်လာခဲ့ပါသမီးရယ် . . . သမီးလေး ဖေဖေ့ဆီပြန်လာခဲ့ပါ''


ကိုတင်ညွန့်က လှိုင်းအလွန်ထန်နေသော ပင်လယ်ပြင်ကြီးထဲသို့ ပြေးပြီးဆင်းသွားလေသည်။ ကိုတင်ညွန့်နောက်သို့ ပြေးလိုက်လာသည့် လူအုပ်ကြီးက ကိုတင်ညွန့်ရေထဲဆင်းသွားသည်ကို မြင်လိုက်ရသည်။

''ဟာ တင်ညွန့် . . . မလုပ်နဲ့''

''တင်ညွန့်ရေထဲဆင်းနေပြီ ဝိုင်းဆွဲကြပါဟ''

သို့သော် ထိုလူများပြေးလာနေချိန်တွင်ပင် လှိုင်းလုံးကြီးများက ကိုတင်ညွန့်ကို ဆွဲယူကာ ပင်လယ်ပြင်ထဲသို့ ခေါ်သွင်းသွားပြီဖြစ်သည်။


ငါးဘဝမှလာတဲ့အကြောင်းကို မယုံတဲ့ကိုတင်ညွန့်၊ ငါးအကြေးခွံတွေပါလာတာကို ရှက်လို့ ဓါးနဲ့ခြစ်ဖို့ကြိုးစားခဲ့တဲ့ ကိုတင်ညွန့်၊ သမီးကလေးက သူချီရင်ငိုလွန်းလို့ အမြင်မကြည်ခဲ့တဲ့ကိုတင်ညွန့်တစ်ယောက် အခုတော့ မိဘနှင့်သားသမီးဟူသည့် သံယောဇဉ်ကြိုးတွေ ချည်နှောင်ရစ်ခဲ့ပြီး သမီးလေးထွက်ခွာသွားသည့် ပင်လယ်ပြင်ထဲအထိ လိုက်ပါသွားခဲ့လေပြီ။


ထိုနေ့မှစပြီး ကိုတင်ညွန့်ကိုရော ငါးမလေးကိုရော ထပ်ပြီးမတွေ့ရတော့သလို သူတို့သားအဖနှစ်ယောက် ပင်လယ်အောက်တွင် ပြန်စုံစည်းကြသလားဆိုတာကိုလည်း မည်သူမျှမပြောနိုင်ကြပါ။


သို့သော် ထူးဆန်းသည်ကတော့ ကိုတင်ညွန့်တို့အဖြစ်အပျက်ဖြစ်ပြီး တစ်လခန့်အကြာတွင် ဘင်္ဘောဦးပုံ တည်ထားသည့် စေတီကလေးခြေရင်းတွင် ကျောက်ဆောင်ကလေးတစ်ခုပေါပေါက်လာပြီး ထိုကျောက်ဆောင်ကလေးမှာ ငါးပုံစံကလေးဖြစ်နေသဖြင့် ရွာသူရွာသားများက ထိုကျောက်တုံးကလေးကို ငါးပုံစံဆေးသုတ်ပေးထားကြလေသည်။


အခန်း (၁၁) တရားစခန်းက အမေဂျမ်း

''သူတို့အဖြစ်က တော်တော်သနားစရာကောင်းတာပဲနော် အမေဂျမ်းရဲ့''

ရန်ကုန်မြို့ရှိ တရားစခန်းတစ်ခုတွင် စာရေးသူနှင့်အမေဂျမ်းကြီး စကားလက်ဆုံကျနေရာမှ အမေဂျမ်းက သူ့ဘဝတစ်ကွေ့တွင် ကြုံခဲ့ဖူးသည့် အကြောင်းအရာများကို ပြန်လည်ပြောပြနေခြင်းဖြစ်သည်။

''ဒါဆို တစ်ယောက်တည်းကျန်ခဲ့တဲ့ မရင်မေကော ဘာဖြစ်သွားသေးလဲ''

''မရင်မေကတော့ သောကတော်တော်ခံစားလိုက်ရပြီးတော့ နောက်ဆုံးတော့ သံဝေဂရပြီး သာသနာ့ဘောင်ကိုအပြီးတိုင်ဝင်ရောက်သွားခဲ့တယ်''

''အော် . . .''

အလွန်အိုမင်းနေပြီဖြစ်သည့် အမေဂျမ်းက ရေနွေးကရားထဲမှ ရေတစ်ခွက်ကို ငှဲ့ပြီးသောက်လိုက်သည်။ အမေဂျမ်း၏ ပါးစပ်တွင် သွားတွေက ကျိုးတို့ကျဲတဲသာကျန်တော့ပြီး နှုတ်ခမ်းကလဲ ရှံ့တွနေပြီဖြစ်သည်။

''ကဲ တို့တွေလဲ စကားကောင်းနေတာနဲ့ တရားမှတ်ဖို့အချိန်တောင်ရောက်နေပါရောလား''

ထိုတော့မှ စာရေးသူနှင့် အမေဂျမ်းလဲစကားလက်စသတ်လိုက်ကြတော့သည်။ ထိုအခါတွင် အခြားအဆောင်မှ ယောဂီများ၏ သံဝေဂလင်္ကာရွတ်ဖတ်သံများက အေးချမ်းဆိတ်ငြိမ်သည့် တရားစခန်းအတွင်းသို့ ပျံ့လွင့်လာပါတော့သည်။

 

''နုနယ်ရုပ်ဆင်းပျိုမြစ်ခြင်းကား အိုခြင်းနောက်ဆုံးပါတကား''

''ဝိညာဉ်ထင်လင်း သက်ရှင်ခြင်းကား သေခြင်းနောက်ဆုံးပါတကား''

''ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံးပါတကား''


ပြီးပါပြီ။

စာဖတ်သူတစ်ဦးတစ်ယောက်ခြင်းဆီအား အစဉ်လေးစားလျှက်

အဂ္ဂဇော်

Comments

လူကြိုက်အများဆုံးဝတ္ထုများ

သေနတ်ပြီးတဲ့သူကြီး (စဆုံး)

မိုးတစ်ည (ဖြစ်ရပ်မှန်)

သရဲဈေး (ဖြစ်ရပ်မှန်)