နံရံပေါ်က အရိပ်များ (ဖြစ်ရပ်မှန်)

နံရံပေါ်က အရိပ်များ (ဖြစ်ရပ်မှန်)

 နံရံပေါ်က အရိပ်များ (ဖြစ်ရပ်မှန်)

(ညမင်းသား)

(က)

မဘုတ်ထမင်းကြော်ဆိုင်ဆိုလျှင် ဆင်မင်းဈေးတစ်ဝိုက် မသိသူမရှိချေ။ သို့သော် မနက်ဖက်တွင်တော့ မဘုတ်ထမင်းကြော်ဆိုင်ကလေးက ပုံသိပ်မပေါ်သေး သို့သော် ညနေ ၆ နာရီခန့်ဆိုလျှင်တော့ ဆိုင်စခင်းပြီး နောက်တစ်နေ့မနက် ၅နာရီအထိ ညလုံးပေါက်ရောင်းချသည့် ထမင်းကြော်ဆိုင်ကလေးဖြစ်သည်။ ရန်ကုန်မြို့တွင် ထိုကဲ့သို့ ညလုံးပေါက်ရောင်းချသည့် ထမင်းကြော်ဆိုင်များ နေရာအနှံ့ရှိတတ်သည်။ မဘုတ်သည်လဲ ဆင်မင်းဈေးတစ်ဝိုက် ကမ်းနားလမ်းကြောပေါ်တွင် ထင်ရှားသည့် ဆိုင်ကလေးတစ်ဆိုင်ဖြစ်သည်။

ဆောက်လက်စကွန်ဒိုကြီးတစ်ခုသည် နံရံကြီးများကို အလွန်မြင့်မားစွာ ကာရံထားလေသည်။ ထိုကွန်ဒိုအဆုံးတွင်တော့ ဘုန်းကြီးကျောင်းနံရံကြီးရှိလေသည်။ ထိုနံရံတစ်ဝိုက်တွင် နေ့ခင်းဘက်တွင် နေအလွန်ပူပြင်းသော်လည်း နေကျသွားသည်နှင့် အေးချမ်းလာလေတော့သည်။ လှိုင်မြစ်အတွင်းမှ တိုက်ခတ်လာသည့် လေနုအေးများကြောင့်လဲ ညဘက်တွင် အေးချမ်းနေလေသည်။ ထိုအချိန်တွင် မဘုတ်နှင့် သူ့ယောက်ျား ကိုတင့်တို့သည် ထမင်းကြော်ဆိုင်ကလေးကို စတည်နေပြီဖြစ်သည်။

မီးဖိုနှင့် သစ်သားခုံများခင်းပြီး တာလပတ်မိုးလိုက်လျှင် ဆိုင်ခင်းခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်သည်။ ထိုနောက် အိမ်မှချက်ပြုတ်ထားသည့် ဟင်းများကို ဒန်အိုးကြီးများနှင့်ထည့်ကာ ဂါလီပေါ်တွင်တင်ပြီး ဆိုင်တွင်ခင်းကျင်းလေသည်။ ထို့နောက် ထမင်းကြော်သည့် ဒယ်အိုးကြီးများနှင့် ရေနွေးအိုးများကိုခင်းရသည်။ ဆိုင်တစ်ခုလုံးအတည်ကျပြီး ချက်ပြုတ်ပြီးတော့မှ လမ်းဘေးတွင် ပလတ်စတစ်ခုံကလေးများကို ခင်းလိုက်သည်နှင့် ထမင်းကြော်ဆိုင်ကလေးမှာ အသက်ဝင်လာပြီဖြစ်သည်။

ညနေ ၇နာရီခန့်ဆို ထမင်းကြော်ဆိုင်လူစည်ကားသည်မှာ တစ်ညလုံး မိုးလင်းပေါက်အထိဖြစ်သည်။ ထမင်းကြော်ဆိုင်တွင် လာရောက်စားသောက်သူများလဲများပြားသည်။ ကိုတင့်ကလဲ မီးစက်နှိုးကာ တီဗွီနှင့် အခွေများပြသလေ့ရှိသဖြင့် တစ်ချို့က ညဘက်အပေါင်းအသင်းများနှင့် အခွေဇတ်ကားများကို တမင်လာကြည့်ကြသည်။

(ခ)

ထိုညက နွေညဖြစ်သည်။ နွေရာသီတွင် သူတို့ဆိုင်ပိုရောင်းကောင်းသည်။ အချို့က ညဘက်အိပ်မပျော်သဖြင့် ထမင်းကြော်လာထိုင်စားလေ့ရှိကြသည်။ မဘုတ်ထမင်းကြော်ဆိုင်ကလေးမှာ ညအမှောင်တွင် မီးချောင်းများဖြင့် ထိန်လင်းနေပေသည်။ အချိန်က ည ၁၂ နာရီ ၄၅ မိနစ်ဖြစ်နေပြီဖြစ်သည်။ ထူးဆန်းစွာပင် ရုတ်တရက် မဘုတ်တို့ဆိုင်ကလေးမှာ လူရှင်းသွားလေသည်။ ဆိုင်တွင်ထိုင်စားနေသူများလဲ မရှိတော့ဘဲ၊ ပါဆယ်လာဝယ်သူများလဲ မရှိတော့။ ကိုတင့်လဲ အဝတ်စုတ်တစ်ခုကို ယူလိုက်ပြီးတော့ စားပြီးသားစားပွဲဝိုင်းတွေကို အဝတ်နှင့်လိုက်သုတ်နေသည်။

"အူ . . . ဝူး . . . ဝူး"

ကမ်းနားလမ်းတစ်လျှောက်နေထိုင်ကြသည့် ခွေးလေခွေးလွင့်များက အသားကုန်အူလိုက်ကြသည်။ ကိုတင့်လဲ စားပွဲကိုသုတ်နေရင်း လမ်းမပေါ်သို့ကြည့်လိုက်သည်။ ခြောက်လမ်းသွားကားလမ်းမကြီးပေါ်တွင် ကားတစ်စီးမှမရှိတော့။ ကိုတင့်လဲ ထူးဆန်းသွားသည်။

"မိဘုတ်ရေ ကားလမ်းကြီးကလဲ ရှင်းသွားလိုက်တာကွာ"

ထမင်းကြော်သည့် မီးဖိုနားတွင်ထိုင်နေသော မဘုတ်က ကားလမ်းပေါ်သို့လှမ်းကြည့်လိုက်သည်။

အပိုတွေ ပြောမနေနဲ့ကိုတင့်၊ စားပွဲတွေက အချဉ်ဘူးတွေ ကုန်တာတွေ ပြန်ဖြည့်ဦး
ကိုတင့်လဲ စားပွဲဝိုင်းများမှ ရှာလကာရည်နှင့် ငရုတ်သီးစိမ်း၊ ကြက်သွန်နီများကို စိမ်ထားသည့်အချဉ်ဘူးလေးများကို ယူလိုက်ပြီး အချဉ်များထပ်ဖြည့်ရန်လုပ်လိုက်သည်။ ထိုစဉ် တစ်ရက်ကွက်လုံးမှ ခွေးများမှာ ရုတ်ရုတ်သဲသဲ စူးစူးဝါးဝါး အော်ဟစ်ကြတော့သသည်။

ကိုတင့်လဲခဏရပ်ပြီးနားထောင်နေလိုက်ကာ မဘုတ်နားသို့ လှမ်းလျှောက်လာသည်။

"ကြောက်တော့ ကြောက်စရာကြီးကွ၊ ခွေးတွေကလဲ ဘာဖြစ်တာလဲမသိဘူးနော်"

ကိုတင့်က ပြောလိုက်ပြီးနောက် အချဉ်ဘူးအကြီးကြီးထဲမှ အချဉ်များကို ဘူးသေးသေးလေးများထဲသို့ ခပ်ထည့်နေလိုက်သည်။ ထိုစဉ်ည ကိုတင့်ဖွင့်ထားသော တီဗွီမှာ ရပ်တန့်သွားကာ အစင်းကြောင်းကြီးများ ထလာပြီး တရှဲရှဲနှင့်အော်နေတော့သည်။ ကိုတင့်က မြန်မာသီချင်းတစ်ပုဒ်ကို ဖွင့်ထားချင်းဖြစ်သည်။ ကိုတင့်လဲ လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ပြီးနောက် တီဗွီဆီသို့လျှောက်သွားလိုက်တော့သည်။

"တီဗွီတော့ စုတ်နေပြီထင်တယ်"

ကိုတင့်က တီဗွီနှင့် ဒီဗွီဒီစက်ကို ကြည့်ရင်းပြောလိုက်သည်။ ထိုစက်နှစ်ခုစလုံး အကောင်းအတိုင်း လုပ်ဆောင်နေကြသည်။ ကိုတင့်လဲ ကြံရာမရတော့ဘဲ တီဗွီကို သုံးလေးချက် ပုတ်လိုက်တော့သည်။

"ဘုတ် . . . ဘုတ်. . . . ဘုတ်"

သို့သော် တီဗွီက ဘာမှမဖြစ်။ အရင်အတိုင်းပင် အစင်းကြောင်းများထနေလေသည်။ ကိုတင့်လဲ စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။

(ဂ)

ထိုစဉ် ထူးဆန်းစွာပင် ကမ်းနားလမ်းကြီးတစ်လျှောက် လူအုပ်ကြီးတစ်ခုဖြစ်သွားသလို ခြေသံများ၊ စကားပြောသံများ၊ ဗလုံးဗထွေးအသံများကို ကြားနေရသည်။ ထိုအသံများက ကိုတင့်တို့ထံ တစ်ဖြေးဖြေးနီးကပ်လာသော်လည်း လမ်းမကြီးပေါ်တွင် လုံး၀ရှင်းလင်းနေလေသည်။ ကြောက်မက်ခြင်းက ကိုတင့်ကို သတိပေးလိုက်လေသည်။

"မိဘုတ်ရေ၊ တစ်ခုခုတော့ တစ်ခုခုဘဲဟ . . . ထူးဆန်းနေပြီ"

မဘုတ်လဲ ကိုတင့်စကားကိုထောက်ခံလိုက်သည်။ မဘုတ်လဲ မျက်လုံးပြုးမျက်ဆံပြုးနှင့် အနီးအပါးကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေသော်လည်း အသံများကိုသာ ကြားလိုက်ရပြီး လူတစ်ယောက်မှမတွေ့ရ။ မဘုတ်လဲ မျက်လုံးများက ဘုန်းကြီးကျောင်းနံရံကို ဦးတည်လိုက်သည်။

"ကို . . ကိုတင့် . . ဟို . . ဟိုမှာ"

မဘုတ်က အလွန်ထိတ်လန့်စွာဖြင့် ကိုတင့်ကိုလက်ညှိုးထိုးပြလိုက်သည်။ မဘုတ်လက်ညှိုးထိုးပြလိုက်သည်က ဘုန်းကြိးကျောင်းမှ အုတ်တံတိုင်းကြီးဖြစ်သည်။ တစ်ဖက်ကားလမ်းမှ လမ်းမီးက ထိန်လင်းစွာ ထိုအုတ်တံတိုင်းပေါ်သို့ ကျရောက်နေလေသည်။ ထိုစဉ် ထိုအုတ်နံရံကြီးပေါ်တွင် အရိပ်ကြီးတွေက ပုံစံမျိုးစုံပေါ်နေပြီး ကမ်းနားလမ်းတစ်လျှောက် လျှောက်သွားကြလေသည်။ အရိမ်မည်းမည်းကြီးတွေက စကားတွေလဲပြောဆိုနေကြပြီး ဆူညံပြီးတော့ နေတော့သည်။

သို့သော် ကားလမ်းပေါ်တွင် မည်သည့်အရာမှကို မတွေ့ရဘဲ ဘုန်းကြီးကျောင်းနံရံကြီးနှင့် ကွန်ဒိုနံရံကြီးပေါ်တွင်သာ အရိပ်မည်းကြီးများက ပုံစံမျိုးစုံဖြင့် သွားလာနေကြလေသည်။ ကိုတင့်နှင့် မဘုတ်လဲ အံ့ဩစွာဖြင့် နံရံပေါ်ကို ငေးကြည့်နေကြသည်။ ကိုတင့်ကိုယ်လုံးတစ်ခုလုံး ကြက်သီးမွှေးညှင်းများက ဆူထွက်နေကြပြီဖြစ်သည်။ ဆယ်မိနစ်လောက်ကြာမည်ထင်သည်။ ထိုအခါ အလွန်ကြီးမားသည့် ခြေထောက်ကြီးက တစ်လှမ်းခြင်းလျှောက်လာကာ ကိုတင့်ဘေးနားမှ ဖြတ်သွားလေသည်။ ကိုတင့်လဲ ကြောက်ကြောက်ဖြင့် မိုးပေါ်သို့ မော့ကြည့်လိုက်တော့သည်။

နီရဲနေသည့် မျက်လုံးကြီးများပါပြီး အရပ်က ထန်းပင်ကြီးလောက်ရှိသည့် သရဲကြီးတစ်ကောင်သည် ဖြေးညှင်းစွာဖြင့် ကမ်းနားလမ်းတစ်လျှောက် လျှောက်သွားနေတော့သည်။ ကိုတင့်လဲ အလွန်ကြောက်လန့်သွားကာ ထိုအရာကြီးကို လက်ညှိုးထိုးလိုက်သည်။

"မိဘုတ်ရေ . . . အကောင် . . . အကောင်ကြီးကွ . . . ဖရူး . ..  ဖလူး"

ကိုတင့်မှာ မဘုတ်ကို ထိုအကောင်ကြီးကို လက်နှင့်ထိုးပြရင်း မေ့လဲသွားပြီး ပါးစပ်မှ အမြှုပ်များလဲ တက်လာလေသည်။ ထို့နောက် ကိုတင့်မှာ ကားလမ်းမကြီးနံဘေးတွင် လဲကျသွားတော့သည်။ ထိုအဖြစ်အပျက်များဖြစ်ပွားပြီး ကိုတင့်နှင့် မဘုတ်တို့နှစ်ယောက်စလုံး ဖျားနာကုန်ကြလေသည်။ တစ်ပတ်ခန့်ဖျားနာပြီးပြန်သက်သာသွားသော်လည်း ကိုတင့်တို့ လင်မယားနှစ်ယောက်စလုံး ထမင်းကြော်ဆိုင်ပြန်မဖွင့်ရန် ဆုံးဖြတ်လိုက်ကြသည်။

ယခုတော့ ထိုဘုန်းကြီးကျောင်းအနီးတွင် ညညဆိုလျှင် ညလုံးပေါက်ဖွင့်တတ်သည့် ထမင်းကြော်ဆိုင်လေးမရှိတော့ဘဲ အမှောင်ထုသာ လွှမ်းမိုးလျှက် ရှိနေပါတော့သည်။

ပြီးပါပြီ။

Comments

လူကြိုက်အများဆုံးဝတ္ထုများ

သေနတ်ပြီးတဲ့သူကြီး (စဆုံး)

မိုးတစ်ည (ဖြစ်ရပ်မှန်)

သရဲဈေး (ဖြစ်ရပ်မှန်)